အခန်း ၄၂၃
Vol. 29 Ch. 423
အခန်း ( ၄၂၃ ) သခင်လေးလန်
မဒမ်ဟောက်သည် ပါးစပ် ဟလိုက်သော်လည်း ဘာစကားမှ မပြောခဲ့ပေ။
တခြား တစ်ယောက်သာ ဆိုပါက သူမ ဟောက်ရှောက်ဖုန်းကို ကာကွယ်ပေးပြီး ထိုမိန်းမနှင့် ရန်ဖြစ်နိုင်လောက်သည်။
ဟောက်ချီဟန်ကို ထည့်မပြောနဲ့ဦး။ သူ့အမေ ဖြစ်သော သူမပင်လျှင် သူမရဲ့ သားကို ထိုမိန်းမ ဆေးခတ်ထားတာလားဟု သံသယဖြစ်မိသည်။
သူမရဲ့ လက်အောက်မှာ သူ အများကြီး ဆုံးမခံခဲ့ရပြီ ဖြစ်ပြီး သူမနှင့် သူမရဲ့ ခင်ပွန်းက သူ့ကို သတိလည်း ပေးထားခဲ့သည်။ သူ ထိုမိန်းမနှင့် အဆက်အသွယ် ဆက်လုပ်နေလျှင် သူမနှင့် သားအမိ ဆက်ဆံရေးကို သေခန်းရှင်ခန်း ဖြတ်ရလိမ့်မည်။ ဒါပေမဲ့ သူကတော့ သူ လုပ်ချင်တာကိုသာ လုပ်နေတုန်းပါပဲ။
သူမ သူ့ကို အရမ်း အလိုလိုက်ခဲ့မိလို့ အကြောက်အလန့် မရှိတာလား ၊ ဒါမှမဟုတ် သူမတို့မှာ သား တစ်ယောက်ပဲ ရှိလို့ သူ့ကို ဘာမှ မလုပ်နိုင်ပါဘူး ဆိုပြီး ယုံကြည်ချက် ရှိနေတာလား။
မဒမ်ဟောက်သည် ဒေါသမီးတွေ တဟုန်းဟုန်း တောက်သွားခဲ့သော်လည်း သူမရဲ့ သားကို ညံ့ဖျင်းပါသည်ဟု တကယ်တမ်း ထုတ်မပြောနိုင်သဖြင့် သူမရဲ့ ဒေါသတွေ အကုန်လုံးကို ဝမ်ကျင့်ဖျင်ထံ ပုံချပစ်လိုက်သည်။
မဒမ်ဟောက်က အစကတည်းက လူဆင်းရဲ မိသားစု တစ်စုရဲ့ အမျိုးသမီး ဦးဆောင်သူ ဝမ်ကျင့်ဖျင်ကို အမြင် မကြည်လင်ပေ။ ထိုမိန်းမက သူမရဲ့ သားနှင့် မတန်ဘူးဟု ခံစားရသည်။
အခုဆို ဝမ်ကျင့်ဖျင်က သူ့ကို အကြိမ်ပေါင်းများစွာ ဆွဲချထားခဲ့ကာ သူမ သား၏ ရည်ရွယ်ထားသော အမွေဆက်ခံသူ နေရာကိုလည်း ဖျက်သိမ်းခံလိုက်ရသည်။ မဒမ်ဟောက်သည် ထိုမိန်းမကို ဂြိုလ်ဆိုး တစ်ခုလို့ ခံစားရသထက် ခံစားလာရပြီး သူမ အတွက် အဲ့ဒီလို ချွေးမ တစ်ယောက်ကို လက်ခံပေးဖို့ ဆိုတာ မဖြစ်နိုင်ပါ။
ဟောက်ချီဟန်နှင့် သူ့ဇနီးသည် ဒေါသထွက်လွန်းလို့ သွေးဆောင့်တိုးပြီး သေသွားတော့မလို့ပင် ဖြစ်နေခဲ့သည်။ အခြား တစ်ဖက်၌ ဟောက်ချန်ဟွမ်းနှင့် သူ့ဇနီးသည် လန်မိသားစု၏ အကောင်းဆုံး ဆက်ဆံမှုကြောင့် နှစ်သက်ပျော်ရွှင်နေခဲ့ကြသည်။
ကံမကောင်းစွာဖြင့် သခင်ကြီးလန်နှင့် သခင်မကြီးလန်တို့ဟာ ဟောက်ချန်းဟွမ်းကို သဘောကျကြသော်လည်း သူတို့က အသက် အရမ်း ကြီးပြီး ပင်ပန်းနေခဲ့ပါပြီ။
သူတို့ နှစ်ယောက်နှင့် စကား နည်းနည်း ထပ်ပြီး အပြန်အလှန် ပြောပြီးနောက် သူမရဲ့ သားနှင့် ချွေးမကို သူတို့နှင့် စကားပြောရန် ခေါ်လိုက်သည်။
အမျိုးသားများ ပြောနေကြသော အကြောင်းအရာ အများစုသည် စီးပွားရေးနှင့် ပတ်သက်ရာ အကြောင်းတွေပင်။ သခင်မကြီးလန်က စုယန်ယန် ထိုအကြောင်းတွေကို နားထောင်ရင်း ပျင်းလာမှာကို စိုးရိမ်၍ သူမရဲ့ အကြီးဆုံး ချွေးမအား စုယန်ယန်ကို စားဖို့ ခေါ်သွားပေးရန် ပြောလိုက်သည်။
ယနေ့ ဧည့်ခံပွဲကို တာဝန်ယူထားသူက လန်မိသားစု၏ ကိုယ်ပိုင် စားဖိုမှူး တစ်ယောက် ဖြစ်ပါသည်။ ဤစားဖိုမှူးက အပြင်မှာ အတော်လေး နာမည်ကြီးကာ ဧည့်ခံပွဲရှိ လူတချို့က သူ့ဂုဏ်သတင်းကြောင့် အမှန်တကယ် ရောက်လာခဲ့ကြတာပါ။
ထို့ကြောင့် သူတို့ နှစ်ယောက် အတွက် ဘယ်သူမှ မစားသေးခင် ပုန်းကွယ်ကာ စားနေတာကို ရိုင်းသည်ဟု သတ်မှတ်လို့ မရပေ။
စုယန်ယန်က သူတို့ရဲ့ အချိုပွဲ အနည်းငယ်ကို မြည်းစမ်းကြည့်လိုက်သည်။ ဒီစားဖိုမှူးက အတော် အရည်အချင်းရှိတယ် ဆိုတာကိုတော့ သူမ ဝန်ခံရပါမည်။ သူ ချက်ပြုတ်ထားသော ဟင်းလျာများက အပြင်မှာ ရောင်းချနေသည့် ဟင်းလျာတွေထက် အများကြီး ပိုအရသာရှိသည်။
" အဲ့ဒါ အရသာရှိသေးလား။ " သခင်မကြီးလန်၏ ချွေးမ အကြီးဆုံး ယန်ရှောင်ရန်က စုယန်ယန် တစ်ကိုက် ကိုက်ပြီး ဆက်မစားတော့တာက်ု မြင်လျှင် အပြုံးလေးဖြင့် မေးလိုက်သည်။
စုယန်ယန်သည် သူမရဲ့ ရှောင်လွှဲလိုက်သည်။ " တော်တော်လေး အရသာရှိပါတယ်။ "
" အဘွားက ရာသီဥတု ပူနေပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အစားအသောက် ပျက်သွားရော။ အိမ်မှာ ရှိတဲ့ အစားအစာတွေက မကောင်းရင် သူမ ဒါကို စားနိုင်မှာ မဟုတ်ဘူးလေ။ "
စုယန်ယန် ချက်ချင်း နားလည်သွားသည်။ လန် မိသားစုရဲ့ စားဖိုမှူးက အရမ်း တော်နေတာ အံ့ဩစရာ မရှိပါဘူး။ သူသာ အရည်အချင်း မရှိဘူး ဆိုလျှင် သူတို့ အိမ်တံခါးကို ခေါက်ပြီး အလုပ်ရနိုင်ခဲ့မှာ မဟုတ်ပေ။
" အဲ့လူတွေက စီးပွားရေး အကြောင်း စကားစပ်မိသွားတာနဲ့ ပြောလို့ ပြီးတော့မှာ မဟုတ်ဘူး။ ငါတို့လည်း သူတို့ စကားဝိုင်းထဲ ဝင်ပြောနိုင်မှာ မဟုတ်ဘူး ဆိုတော့ တစ်ခုခု အရင် လာစားထားရင် စားကြတာပေါ့။ နင်နဲ့ ချန်ဟွမ်း ဒီကို မလာခင်တုန်းက ဘာမှ မစားရသေးဘူး မဟုတ်လား။ "
" ကျွန်မ ဒီကို အမြန် လာခဲ့တာပါ။ မနက်တုန်းကတော့ ကျွန်မ လုပ်ထားတဲ့ ကိတ်မုန့်ပွ နည်းနည်းပါးပါး စားထားလို့ သိပ်ဗိုက်မဆာပါဘူး။ "
" နင် ကိတ်မုန့်ပွ ဘယ်လို လုပ်ရမလဲ ဆိုတာလည်း သိတယ်လား။ " ယန်ရှောင်ရန် အံ့ဩသွားမိသည်။
" အိမ်မှာ စားဖိုမှူးတွေဆီကနေ မုန့်လုပ်နည်း တစ်မျိုး ၊ နှစ်မျိုး သင်ထားတာပါ။ အရသာက ရှင့်မုန့်တွေလောက်တော့ မကောင်းပါဘူးရှင်။ "
ယန်ရှောင်ရန်သည် သူမ ကိုယ်ပိုင် စားဖိုမှူး၏ အချက်အပြုတ် စွမ်းရည်တွေကို တော်တော် ယုံကြည်ချက်ရှိသော်လည်း အံ့ဩသွားခဲ့သည်။ " နင့်စားဖိုမှူးက ဘာမှ ပညာလျိုမထားဘူးပဲ။ "
စုယန်ယန် ပြုံးပြီး နှုတ်ဆိတ်နေလိုက်သည်။
ထိုအချိန်မှာပဲ ရင်းနှီးနေသော ပုံရိပ် တစ်ခု လျှောက်ဝင်လာကာ ယန်ရှောင်ရန်ရဲ့ အာရုံကို ဖမ်းစားသွားသည်။
" ယီလေး ၊ ဒီကို လာ။ " ယန်ရှောင်ယန်သည် ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ လူငယ်လေးကို လက်ပြပြီး ခေါ်လိုက်သည်။
စုယန်ယန်လည်း အသံသွားရာဆီ လိုက်ကြည့်လိုက်တော့ ချဉ်းကပ်လာသော လူ တစ်ယောက်ကို မြင်လိုက်ရသည်။ အံ့ဩမှုကြောင့် သူမရဲ့ မျက်လုံးများ ပြူးကျယ်သွားမိသည်။ သူပါလား … ။