အခန်း ၄၂၄
Vol. 29 Ch. 424
အခန်း ( ၄၂၄ ) တင်ဆက်သူ၏ ပရိသတ်
လန်ကျားယီသည် ယန်ရှောင်ရန်ဆီ လျှောက်သွားကာ သူမကို ချိုချိုသာသာ နှုတ်ဆက်လိုက်သည်။ " မရီး။ "
" ပုံမှန်ဆို ကိစ္စမရှိပေမဲ့ ဒီနေ့က အရေးကြီးတဲ့ နေ့လေ ၊ အဲ့ဒါကို နင်က အရမ်း နောက်ကျမှ ပြန်လာပြီး ဧည့်သည်တွေကို စောင့်ရအောင် လုပ်ထားတယ်။ နင့်အစ်ကိုနဲ့ အဖေက ဧည့်သည်တွေကို ဧည့်ခံရင်း အလုပ်ရှုပ်နေတာ ဆိုတော့ သူတို့မှာ နင့်ကို ဆူဖို့ အချိန် ရှိမှာ မဟုတ်ဘူး။ သူတို့ မနက်ဖြန်ကျ ဒီအကြောင်း သိသွားရင် နင့်ကို သေချာပေါက် ထပ်ရိုက်နှက်လိမ့်မယ်။ "
" မရီးကလည်းဗျာ … "
" နင့်အမေကို အခု သွားခေါ်လည်း အလကားပဲနော်။ ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ ၊ နင် ဘယ်တွေ သွားနေတာလဲ။ "
စုယန်ယန် တစ်ယောက် မအောင့်နိုင်ဘဲ ဟက်ဟက်ပက်ပက် ရယ်မိတော့သည်။
လန်ကျားယီသည် သူ့မရီး နံဘေးမှာ ရပ်နေသော မိန်းကလေးကို သတိပြုမိလိုက်သည်။ သူ သေသေချာချာ ကြည့်လိုက်တော့ စုယန်ယန်ကို မှတ်မိသွားပါသည်။ " မင်းပဲ။ "
ယန်ရှောင်ရန်က လန်ကျားယီနှင့် စုယန်ယန်ကို တစ်လှည့်စီ ကြည့်လိုက်သည်။ " နင်တို့ အချင်းချင်း သိကြတာလား။ "
" ကျွန်မတို့ အရင်တုန်းက တစ်ခါ တွေ့ဖူးတယ်။ "
" ဟုတ်တယ် ၊ ဟုတ်တယ် ၊ ဟုတ်တယ်။ တင်ဆက်သူရဲ့ စားသောက်ဆိုင်မှာ ကျွန်တော် ဒီအမျိုးသမီးနဲ့ အရင်တုန်းက တွေ့ဖူးတယ်။ စားသောက်ဆိုင်ထဲမှာ တခြား ထိုင်ခုံတွေ မအားလို့ ကျွန်တော် သူမနဲ့ ထိုင်ခုံ မျှထိုင်ခဲ့ရတာ။ "
" တင်ဆက်သူ … ။ " ယန်ရှောင်ရန်က လန်ကျားယီ ဘယ်သူ့ကို ရည်ညွှန်းပြောဆိုနေမှန်း ချက်ချင်း နားလည်သွားသည်။ သူမ စုယန်ယန်ကို ခင်မင်စွာ ကြည့်ရင်း မေးလိုက်သည်။ " နင်လည်း တင်ဆက်သူရဲ့ ပရိသတ်ပဲလား။ "
စုယန်ယန် ခြောက်ကပ်ကပ် ရယ်လိုက်သော်လည်း သူမ ဘာမှတော့ ပြန်မပြောမိပေ။
ယန်ရှောင်ရန်က သူမကို သိချင်စိတ်ပြင်းပြစွာ စိုက်ကြည့်နေခဲ့သည်။
လန်ကျားယီက ထိုအကြောင်း အများကြီး မတွေးခဲ့ပါ။ သူက ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ " ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ကျွန်တော် အလောတကြီး ထွက်သွားခဲ့ရတော့ မင်း နာမည်ကို မေးချိန် မရခဲ့ဘူး။ ကျွန်တော်တို့ ဘယ်တော့မှ ထပ်တွေ့မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့ပေမဲ့ မင်းကို ကျွန်တော့်အဘိုးရဲ့ မွေးနေ့ပွဲမှာ ပြန်တွေ့ရဖို့ မျှော်လင့်မထားခဲ့ဘူး။ ဒါကို ကံကြမ္မာကို သတ်မှတ်လို့ ရတယ်နော်။ "
" အဘိုး … ။ ဒါဆို ရှင် အရင်တုန်းက ပြောခဲ့ဖူးတဲ့ အဘွား ဆိုတာ … "
အရင်တုန်းက လန်ကျားယီက သူ့အဘွား အစားအသောက်ပျက်နေတယ်လို့ ပြောခဲ့တဲ့ အကြောင်းနှင့် ယခုလေးတင် ယန်ရှောင်ရန် ပြောသွားခဲ့သည့် သခင်မကြီးလန်က ရာသီဥတု ပူနေချိန်တွင် အစား မစားနိုင်ဘူး ဆိုတဲ့ အကြောင်း ပြန်တွေးမိလျှင် သူမ ရုတ်တရက် သဘောပေါက်သွားသည်။
စုယန်ယန်သည် ဒါက တော်တော်လေး တိုက်ဆိုင်လွန်းသည်ဟု ကိုယ့်ကိုယ်ကိုယ် တွေးရင်း သူမရဲ့ နှာခေါင်းကို အိုးတိုးအမ်းတမ်းဖြစ်စွာ ပွတ်သပ်လိုက်မိသည်။ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို သူမ ပို့ခဲ့တဲ့ ပထမဆုံး ကြည့်ရှုသူက လန်မိသားစုက လူ ဖြစ်နေတာပဲ။
" ဟုတ်ပါတယ် ၊ မင်း ကျွန်တော့်အဘိုး ၊ အဘွားတွေနဲ့ တွေ့ပြီးပြီလား။ " လန်ကျားယီက မေးလိုက်သည်။ ထို့နောက် သူ စုယန်ယန်၏ နာမည်ကို မသိသေးဘူး ဆိုတာ သတိရသွားသည်။ " မင်းက ဒီနေ့ ဧည့်သည်လား။ မင်းက … "
လန်ကျားယီ စကားမဆုံးသေးခင်မှာပဲ ယန်ရှောင်ရန်က သူ့ကို မိတ်ဆက်ပေးလိုက်သည်။ " ဒါက မင်း ဦးလေးဟောက်ရဲ့ ဇနီးပဲ ယီလေး။ မင်း သူမကို အန်တီလေးလို့ ခေါ်သင့်တယ်။ "
စုယန်ယန်သည် ကိတ်မုန့်ပွ စားနေရင်း သီးသွားတော့မလို ဖြစ်သွားရသည်။ " ရတယ် ၊ ရတယ်။ ကျွန်မရဲ့ နာမည်ကိုပဲ ခေါ်ပါ။ "
စုယန်ယန်သည် ဟောက်ရှောက်ဖုန်းကို မထီမဲ့မြင် လုပ်ရန် အတွက် သူမရဲ့ နေရာကို သူ့အဒေါ်လို့ အမြဲတမ်း အသုံးပြုခဲ့သော်လည်း ရွယ်တူတွေဆီကနေ ' အဒေါ် ' ဟု အခေါ်ခံရတာနဲ့တော့ အသားမကျသေးပေ။
လန်ကျားယီက ထိုစကားကို ကြားသောအခါ စိတ်သက်သာရာရသွားသော သက်ပြင်း တစ်ချက် ချလိုက်သည်။ " တော်သေးတာပေါ့။ ကျွန်တော့်ထက် အသက်ကြီးတဲ့ လူကို ' သခင်မလေး ' ဒါမှမဟုတ် ' အန်တီလေး ' လို့ ခေါ်ရတာနဲ့ အသားမကျဘူး။ အဲ့ဒါက ကျွန်တော့်ကို အသက်ကြီးတဲ့ပုံ ပေါက်စေတယ် မဟုတ်လား။ "
" ကျားယီ။ " ယန်ရှောင်ရန်က သူ့ကို ဟန့်သလို အော်လိုက်သည်။
" ကိစ္စ မရှိပါဘူး ၊ ရတယ်။ ကျွန်မရဲ့ မျိုးရိုးနာမည်က စုပါ ၊ ကျွန်မရဲ့ နာမည်က ယန်ယန်။ "
လန်ကျားယီ၏ အာရုံက ချက်ချင်း လမ်းကြောင်း ပြောင်းသွားသည်။ " ယန်ယန် … ။ "
" အဲ့ဒါ တင်ဆက်သူရဲ့ နာမည် မဟုတ်လား။ တိုက်ဆိုင်လိုက်တာဗျာ။ "
စုယန်ယန်ရဲ့ အမူအရာက လုံးဝ အေးခဲသွားခဲ့သည်။ သူမရဲ့ မျက်လုံးထဲက မလုံမလဲဖြစ်မှုကို ဖုံးကွယ်ထားရန် အတွက် ခေါင်းငုံ့ကာ ကိတ်မုန့်ပွကို တစ်ကိုက် ကိုက်လိုက်ပြီး ခြောက်ကပ်ကပ် ရယ်မောလိုက်လေသည်။ " အဟားဟား … ဟုတ်တယ်နော်။ တော်တော် တိုက်ဆိုင်တာပဲ။ ဟိုးအရင်တုန်းက ကျွန်မလည်း သူမကို သူမရဲ့ နာမည်ကြောင့် စိတ်ဝင်စားသွားခဲ့တာ။ "
တစ်နေ့ကျရင်တော့ သူမ သေချာပေါက် အပျင်းကြီးမှာ မဟုတ်ဘဲ သူမကိုယ်သူမ ဒီလို ID မျိုး ပေးတော့မှာ မဟုတ်ကြောင်း လူ တစ်ယောက် သိသွားရပါမည်။
" အံ့ဩစရာ မရှိပါဘူး။ " လန်ကျားယီသည် လေးလေးနက်နက် မတွေးဘဲ ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
အခြား တစ်ဖက်၌ ယန်ရှောင်ရန်ကတော့ လန်ကျားယီ၏ စကားတွေကို ကြားပြီးနောက်မှာ ပြောင်းလဲသွားသော စုယန်ယန်၏ အမူအရာကို သတိပြုမိခဲ့သည်။ သူမ တစ်စုံတစ်ရာကို တွေးမိသွားလျက် စုယန်ယန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။