← Chapters

အခန်း ၄၂၅

Vol. 29 Ch. 425

အခန်း ၄၂၅

Vol. 29 Ch. 425

အခန်း ( ၄၂၅ ) သူ့ကောင်မလေး

ယန်ရှောင်ရန်သည် တခြား အကြောင်းအရာကို စကားလမ်းကြောင်း မလွှဲခင် စုယန်ယန်ကို တစ်ချက် ကြည့်ခဲ့သည်။ " နင် အခု ဘယ်ကနေ ပြန်လာတာလဲ ဆိုတာ ငါ့ကို မပြောရသေးဘူးနော်။ "

ထို့နောက် သူမ ထပ်ဖြည့်ပြောလိုက်သည်။ " ငါ့ကို လိမ်ဖို့ မကြိုးစားနဲ့နော်။ နင် လွန်ခဲ့တဲ့ ရက် အနည်းငယ်ကတည်းက တစ်ခါတလေ လှစ်ခနဲ ထွက်,ထွက်သွားတာ။ နင့်အတန်းဖော်တွေနဲ့ သူငယ်ချင်းတွေကိုလည်း နင့်အစ်ကို မေးကြည့်ပြီးသွားပြီ။ နင် အပြင်သွားနေတုန်း သူတို့ကို လာတောင် မရှာဘူးတဲ့။ နင် အတိအကျ ဘယ်တွေ သွားနေတာတုံး။ "

လန်ကျားယီက သူမနှင့် လန်မင်ဟန်ထက် အသက် နှစ် အနည်းငယ် ပိုငယ်သည်။ တကယ်တော့ ယန်ရှောင်ရန်သည် လန်ကျားယီ၏ ကိုယ်ပိုင်ဘဝကို တကယ် ဝင်မစွက်ဖက်ချင်ပေ။ သို့သော်လည်း သူ အခုတလော အပြင်ထွက်တာ အတော် စိပ်နေကာ သူ့မိသားစုကလည်း တစ်ခုခု မူမမှန်တော့ကြောင်း သတိပြုမိခဲ့ကြသည်။

လန်မင်ဟန်က ပါးစပ်ကနေ ထုတ်မပြောသော်လည်း သူ အမှန်တကယ်ပဲ အနည်းငယ် စိုးရိမ်နေခဲ့ပါသည်။ ရိုးသားမှု မရှိသော လူဆိုးလူမိုက်တွေထံမှ မကောင်းသော အရာများကို လန်ကျားယီ သင်ယူလာမှာ ၊ သို့မဟုတ် သူ အပြင် ရောက်နေတုန်း သူတို့ကို ဘာမှ မပြောရဲမှာကို သူ စိုးရိမ်နေခဲ့သည်။

ထို့ကြောင့် ယန်ရှောင်ရန်သည် သူ့ကို အဲ့ဒီ ကိစ္စ အကြောင်း မေးမြန်းဖို့ ဆုံးဖြတ်လိုက်သည်။ လန်ကျားယီက သူမရဲ့ စကားများကို ကြားသောအခါ နည်းနည်းလေး ရှက်ရွံ့သွားမိသည်။ သူ အရူးကွက်နင်းကာ တဟဲဟဲ ရယ်မောရင်း ပြန်ပြောလိုက်သည်။ " ဘာ … ဘာမှ မဟုတ်ပါဘူးဗျာ။ ကျွန်တော် လူ တစ်ယောက်ကို သွားကြိုနေရုံပါပဲ။ "

" လူ တစ်ယောက်ကို သွားကြိုတယ် … ။ " ယန်ရှောင်ရန် မျက်မှောက်ကြုတ်သွားသည်။ " ဘယ်သူ့ကို ကြိုတာလဲ။ "

လန်ကျားယီက တဟဲဟဲ ထပ်ရယ်နေပြန်သည်။ သူ ဂဏှာမငြိမ် ဖြစ်နေသော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။

ဘေးမှာ ကြည့်နေသော စုယန်ယန်က ရုတ်တရက် မေးလိုက်သည်။ " ရှင့်ကောင်မလေးကို သွားကြိုတာလား။ "

ယန်ရှောင်ရန်သည် စိတ်နှင့်ကိုယ် ပြန်မကပ်ခင် စက္ငန့် အနည်းငယ် ကြာအောင် ဆွံ့အနေပြီးမှ တအံ့တဩ ပြောလိုက်သည်။ " တကယ်လား။ နင့်မှာ ကောင်မလေး ရနေပြီလား။ ဘယ်တုန်းကလဲ။ ဒီလို အရေးကြီးတဲ့ ကိစ္စကို နင် ဘာလို့ ငါတို့ကို မပြောတာလဲ။ "

လန်ကျားယီ၏ မျက်နှာဟာ အနည်းငယ် ရဲနေခဲ့သည်။ သူ ပြုံး၍ ပြောလိုက်သည်။ " လွန်ခဲ့တဲ့ လ အနည်းငယ်တုန်းကမှပါ။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက မကြာသေးခင်တုန်းကမှ အတည် ဖြစ်သွားခဲ့တာမို့လို့ မရီးကို မပြောသေးတာပါ။ "

" ဒါဆို နင် အခုတလော သူမကို သွား,သွားကြိုပေးနေတာပေါ့။ ဒီနေ့ရော သူမနဲ့ တွေ့ခဲ့လား။ "

" … ဟုတ်ကဲ့။ "

" ဒါဆို နင် ဘာလို့ သူမကို ဒီကို ခေါ်မလာတာလဲ။ "

" ကျွန်တော်တို့ အခုမှ စချိန်းတွေ့ရုံပဲ ရှိသေးတာ ဆိုတော့ ကျွန်တော့်မိဘတွေနဲ့ တွေ့ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သူမက ပြောတယ်။ "

ယန်ရှောင်ရန် မျက်ခုံးပင့်လိုက်မိသည်။ သူမက ရှက်တတ်ကာ အနေအထိုင် တည်ငြိမ်အေးဆေးသော မိန်းကလေး တစ်ယောက် ဖြစ်ပုံ ပေါ်သော်လည်း သူမရဲ့ စိတ်နေစိတ်ထားကို ယန်ရှောင်ရန် သေချာ မသိသေးပါ။

" ကောင်မလေးက နင့်အတန်းဖော်လား ၊ ဒါမှမဟုတ် သူမကို တခြား တစ်ယောက်က နင်နဲ့ မိတ်ဆက်ပေးခဲ့တာလား။ သူမကို နင် အရင် ပိုးပန်းခဲ့တာလား။ "

လန်ကျားယီက ပြောလက်စ ရှိနေပြီမို့ ဆက်ဖုံးကွယ်မထားချင်တော့ဘဲ ရိုးသားစွာ ပြောပြလိုက်တော့သည်။ " ကျွန်တော်တို့က ကျောင်း တစ်ကျောင်းမှာ တက်ခဲ့တဲ့ ကျောင်းသားဟောင်းတွေပါ ၊ ဒါပေမဲ့ ငှာန တစ်ခုတည်းတော့ မဟုတ်ဘူး။ သူမက ကျွန်တော့်ထက် တစ်နှစ် ပိုငယ်တယ်။ သူမကို ပိုးပန်းတာ ဆိုရင်တော့ ကျွန်တော်ကပဲ သူမကို အရင်ဆုံး လိုက်ခဲ့တာလို့ ပြောလို့ ရပါတယ်။ "

" နင့်လေသံကို နားထောင်ရတာတော့ နင့်ဟာကြီးက မရေမရာနဲ့။ "

" တကယ်တော့ အစတုန်းက ကျွန်တော့်မှာ သူမနဲ့ ပတ်သက်ပြီး ခင်ဖို့ ကောင်းတယ် ဆိုတဲ့ အမြင်ကြည်လင်တာမျိုးပဲ ရှိခဲ့တာပါ။ လိုက်ဖို့ ရည်ရွယ်ချက်မျိုး မရှိခဲ့ဘူး။ "

" ဒါဆို နင် ဘယ်လိုလုပ် … "

" အဲ့ဒါတွေ အကုန်လုံးက တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု တက်ဆက်သူရဲ့ မိန်းကလေးတွေ အတွက် သွေးအားကောင်းစေတဲ့ ဆေးဖက်ဝင်အပင် တစ်မျိုး ဖြစ်တဲ့ Motherwort ဆေးပင်နဲ့ ပြုတ်ထားတဲ့ ကြက်ဥပြုတ်တွေကြောင့်ပါ။ "

သူမ အကြောင်း ပါလာသောအခါ စုယန်ယန် တစ်ယောက် လန့်သွားမိသည်။ " အဲ့ဒါက တင်ဆက်သူနဲ့ ဘာဆိုင်လို့လဲ။ "

လန်မိသားစု၏ ဤသခင်လေးမှာ [ ငါ မင်းကို မကြိုက်ရင် ဘာဖြစ်မှာလဲ။ ] ဆိုတဲ့ နာမည် ဖြစ်ပုံရသော အသုံးပြုသူနာမည် ID တစ်ခု ရှိကြောင်း သူမ ပြန်သတိရသွားသည်။ Motherwort ဆေးပင်နဲ့ ပြုတ်ထားတဲ့ ကြက်ဥပြုတ်တွေကို သူမ ချက်ပြုတ်နေတဲ့ အပိုင်း အတွင်း သူ့ကို ကံထူးရှင် ကြည့်ရှုသူ အဖြစ် ကံစမ်းမဲနှိုက်ခဲ့မိတာလား။

ယန်ရှောင်ရန်က စုယန်ယန်ရဲ့ တုံ့ပြန်မှုကို မြင်လျှင် သူမရဲ့ မျက်လုံးများက သဘောပေါက် နားလည်သွားမှုဖြင့် ဖျတ်ခနဲ လက်သွားခဲ့သည်။

လန်ကျားယီသည် အိုးတိုးအမ်းတမ်း ပြုံးကာ ပြောလိုက်သည်။ * တင်ဆက်သူရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုမှာ ကံထူးရှင် ကြည့်ရှုသူ သုံးယောက်ကို ကံစမ်းမဲနှိုက်ပြီး ရွေးချယ်တယ် မဟုတ်လား။ ကျွန်တော် သူတို့ထဲက တစ်ယောက်နဲ့ ဆက်သွယ်ပြီး ကျွန်တော့်ကို ဆုကို လွှဲပြောင်းပေးဖို့ သူမကို တောင်းဆိုခဲ့တယ်။ ကျွန်တော်က အဲ့ဒါကို မရီးကို ပေးချင်ခဲ့တာပါ ၊ ဒါပေမဲ့ ကျွန်တော် မျှော်လင့်မထားခဲ့တာက … "

ဆေးဖက်ဝင်ဟင်းလျာကို လာပို့တုန်းက သူမ ဓမ္မတာလာချိန် ကိုက်ခဲနာကျင်မှုများကို ခံစားနေခဲ့ရတယ် ဆိုတာ ယန်ရှောင်ရန် နောက်ဆုံးတော့ နားလည်သွားသည်။

လန်မင်ဟန်ရဲ့ ပြောစကားအရတော့ ထိုအရာက တခြား လူတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို ကြည့်နေရင်း သူ ရရှိခဲ့တဲ့ တစ်စုံတစ်ခု ဖြစ်သည်။ ထိုဟင်းလျာတွင် ခန္ဓာကိုယ် နာကျင်မှုကို သက်သာစေသော အာနိသင် တချို့ ရှိသည်။

သူ ထိုဟင်းလျာကို ပြန်မပို့ခင် မြည်းစမ်းကြည့်ခဲ့ပေမဲ့ ဘာပြဿနာမှ မရှိခဲ့ပေ။ သူက သူမကို မြည်းကြည့်ချင်လားဟု မေးခဲ့သည်။

အွန်လိုင်းပေါ်က စားစရာတွေကို စိတ်ချယုံကြည်ရတယ်လို့ ယန်ရှောင်ရန် မထင်သော်လည်း အပြင်းအထန် ဗိုက်အောင့်ခြင်းကြောင့် နောက်ဆုံးမှာ သူမ ထိုဟင်းလျာကို စားလိုက်သည်။ သူမကို အံ့ဩစေတာကတော့ ထိုဟင်းလျာက အမှန်တကယ် ထိရောက်မှု ရှိနေလေသည်။

All Chapters