အခန်း ၄၂၇
Vol. 29 Ch. 427
အခန်း ( ၄၂၇ ) သူတို့ရဲ့ အိမ်နောက်ဖေး ဥယျာဉ်ထဲမှာ အရွက် လေးရွက် ပါတဲ့ ကလိုဗာ အပင်လေးတွေကို စိုက်ပျိုးထားတာလား။
စုယန်ယန်သည် နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ " ရှင် ဘာလို့ သူ့ကို ပြောမပြလိုက်တာလဲ။ "
" စားသောက်ဆိုင် ဖွင့်ပြီးတာတောင်မှ နင်က နင့်သရုပ်မှန်ကို မထုတ်ဖော်ချင်ဘူး ဆိုတော့ နင် လူတွေ အရမ်း အများကြီးကို ဒီအကြောင်း မသိစေချင်တာ ဖြစ်နိုင်တယ်လေ။ " ယန်ရှောင်ရန်က သူမကို စစနောက်နောက် မျက်လုံးမှိတ်ပြလိုက်သည်။ " စိတ်မပူပါနဲ့။ ငါ ဘယ်သူ့ကိုမှ မပြောပါဘူး။ "
စုယန် ဒွိဟဖြစ်သွားမိသည်။ သူမ ဝမ်းသာရမှာလား ၊ စိတ်ညစ်ရမှာလား ဆိုတာ မသိတော့ပါ။
" နင် ဘယ်သူလဲ ဆိုတဲ့ အကြောင်းကို မေးမြန်းတာ ငါ မယဉ်ကျေးရာရောက်မှန်း သိပါတယ် ၊ ဒါပေမဲ့ ငါ့ကို အခုတလော စိတ်ဒုက္ခပေးနေတဲ့ ပြဿနာ တစ်ခု ရှိနေလို့ပါ။ နင်နဲ့ လူ ကိုယ်တိုင် တွေ့ဖို့ ဆိုတာ ရှားတော့ ငါ့မှာ မေးဖို့က လွဲပြီး တခြား ရွေးချယ်စရာ မရှိဘူး။ "
" … ဘာမေးခွန်းလဲ။ "
" ငါ ကိုယ်ဝန်ရှိနေတုန်း သင်္ဘောသီး သကြားလုံး အမာတွေ စားလို့ ရလားဟင်။ "
စုယန်ယန်သည် တံထွေးသီးတော့မလိုပင် ဖြစ်သွားရသည်။ " ဟမ်။ "
" နေပါဦး ၊ သင်္ဘောသီး သကြားလုံးအမာ .. ဟုတ်လား။ နင်ကိုယ်တိုင် လုပ်ထားတာလား။ "
" ဘယ်ဟုတ်မလဲ။ အဲ့ဒါက နင့်တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲက ကံစမ်းမဲပေါက်လာတဲ့ လက်ဆောင် တစ်ခုလေ။ နင် မေ့နေပြီလား။ "
စုယန်ယန်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားကာ သူမ၏ စိတ်ထဲသို့ ရဲတင်းသော မှန်းဆချက် တစ်ခု ရောက်လာခဲ့သည်။ သူမ မေးလိုက်ပါသည်။ " ကျွန်မ မေးမိတာကို စိတ်မရှိပါနဲ့ ၊ ဒါပေမဲ့ ရှင့်ခင်ပွန်း ဆိုတာ … "
" ကျွန်မ ခင်ပွန်းရဲ့ မျိုးရိုးနာမည်က လန် ၊ သူ့နာမည်ကတော့ မင်ဟန်ပါ။ "
လန်မင်ဟန် … ဒီနာမည်က …
" မင်မင် … ရုဟန်လား။ "
" တင်ဆက်သူ သူ့ကို မှတ်မိတယ်ပေါ့။ "
စုယန်ယန်၏ နှုတ်ခမ်း ထောင့်စွန်းတွေ ကွေးညွှတ်သွားခဲ့သည်။ သူက ဆုရခဲ့တဲ့ တစ်ယောက်တည်းသော အမျိုးသား ကြည့်ရှုသူ ဖြစ်ကာ ဆုကလည်း … အိုး ၊ သူက သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲမှာတောင် သူ့ဇနီး အတွက် သူ့အချစ်ကို ထုတ်ဖော်ပြသခဲ့ပါသည်။ သူမ သူ့ကို မမှတ်မိဘူး ဆိုလျှင် စိတ်နှင့်ကိုယ် မကပ်လွန်းရာကျသွားလိမ့်မည်။
" နည်းနည်းပါးပါး စားတာကတော့ အဆင်ပြေပါတယ်။ အရမ်းကြီးသာ မစားနဲ့။ "
" တော်သေးတာပေါ့။ " ယန်ရှောင်ရန်က စိတ်သက်သာရာရသွားသော သက်ပြင်းလေး မှုတ်ထုတ်လိုက်သည်။ " ဒီလို ပြောတော့မှ ကျားယီ တစ်ယောက်တည်း နင့်ကို ကျေးဇူးတင်ချင်နေတာ မဟုတ်ဘူးပဲ။ မင်ဟန်နဲ့ ငါလည်း နင့်ကို ကျေးဇူးတင်သင့်တယ်။ နင့်တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲက ဆေးဖက်ဝင်စွပ်ပြုတ်တွေကြောင့်သာ မဟုတ်ရင် ငါ ဒီလောက် မြန်မြန် ကိုယ်ဝန်ရခဲ့မှာ မဟုတ်ဘူး။ "
ထိုစကားကို ကြားသောအခါ မကောင်းတဲ့ ခံစားချက် တစ်မျိုးကို စုယန်ယန် ခံစားလိုက်ရသည်။ သားအိမ် ၊ ဒါမှမဟုတ် အမျိုးသား နေမကောင်းနေမှုကို ကုသဖို့ အသုံးပြုတဲ့ ဆေးဖက်ဝင်ဟင်းလျာကို သူမနဲ့ သခင်လေးလန် စားခဲ့တာများ ဖြစ်နိုင်မလား။
ယန်ရှောင်ရန်က စုယန်ယန်၏ စိတ်ကို ခန့်မှန်းမိပုံ ပေါ်သည်။ သူမက စုယန်ယန်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။
စုယန်ယန် ဆွံအသွားရသည်။ သူတို့ရဲ့ အနိုင်ရတဲ့ အခွင့်အလမ်းတွေက အရမ်း မြင့်တာပဲ။ သူတို့ရဲ့ အိမ်နောက်ဖေး ဥယျာဉ်ထဲမှာ အရွက် လေးရွက် ပါတဲ့ ကလိုဗာ အပင်လေးတွေကို စိုက်ပျိုးထားတာလား။
" အဟမ်း ၊ ရှင်ရော ရှင့်ခင်ပွန်းရော နှစ်ယောက်လုံး ငယ်ကြပါသေးတယ်။ ကလေး မရသေးခင် အချိန် စောင့်ရမှာလေး တစ်ခုပဲ ရှိတာပါ။ အဲ့ဒါက တိုက်ဆိုင်မှုလေး တစ်ခုပါပဲ။ "
" အဲ့လိုလည်း ဖြစ်နိုင်ပါတယ် ၊ ဒါပေမဲ့ နင့်ဆေးဖက်ဝင်ဟင်းလျာမှာ အာနိသင် တချို့တော့ သေချာပေါက် ရှိကို ရှိတယ်။ နင် အရမ်း နှိမ့်ချစရာ မလိုပါဘူး အန်တီလေးရယ်။ "
သူမကို ' အန်တီလေး ' ဟု အခေါ်ခံလိုက်ရလျှင် စုယန်ယန် ပြောစရာစကားမရှိ ဖြစ်သွားမိသည်။
" ရှင် ကိုယ်ဝန်လွယ်ထားရတာ ဘယ်လောက် ကြာပြီလဲ။ "
" သုံးလ နီးပါးလောက် ရှိပြီ။ " ယန်ရှောင်ရန်၏ ဝမ်းဗိုက်က တကယ်လည်း အနည်းငယ် စူထွက်နေပြီ ဖြစ်သော်လည်း သူမ ယနေ့ ဝတ်ဆင်ထားသော အဝတ်အစားများက အလွန် ပွရွချောင်ချိနေသောကြောင့် သတိမပြုမိခဲ့ပေ။
" ရှင့်ခန္ဓာကိုယ်က အားနည်းနေတယ် ၊ ပြီးတော့ ယင်နဲ့ယန် မမျှတလို့ သားအိမ်ကို ထောက်ပံ့ပေးတဲ့ သွေးကြောလေးတွေ အေးနေတယ်။ ရှင့်ကိုယ်ဝန် နှောင်ပိုင်း ၃ လ အပိုင်းအခြားထဲ ရောက်လာပြီး ရာသီဥတုလည်း ပူလာရင် အေးတဲ့ အစားအစာတွေကို အလွန်အကျူး မစားဖို့ ရှင် ဂရုစိုက်ရမယ်။ ကိုယ်ဝန်ဆောင်နေစဉ် အတောအတွင်း ရှင် အများကြီး အနားယူရမယ်။ အရမ်း အပင်ပန်းမခံနဲ့ ၊ အရမ်းလည်း မစိုးရိမ်နဲ့။ မဟုတ်ရင် ရှင့်။ရဲ့ ယန်စွမ်းအင်ကို သွားထိခိုက်ပြီးတော့ အဲ့ဒါက ရှင့်အတွက်ရော ၊ သန္ဓေသား အတွက်ရော မကောင်းဘူး။ ညစာ စားပြီးတိုင်း ပုံမှန် လမ်းလျှောက်ထွက်ဖို့ ရှင့်ကို ခေါ်သွားပေးဖို့ ရှင့်ယောက်ျားကို တောင်းဆိုပါ။ အရမ်း ဝေးဝေးလံလံထိ လမ်းလျှောက်စရာ မလိုဘူး ၊ နီးနီးနားနားပဲ လျှောက်ပါ။ ရှင် မအိပ်ခင်မှာလည်း ရှင့်ခြေထောက်တွေကို သေချာလေး ရေစိမ်ပြီး ရှင့်ခြေဖမိုးကို နှိပ်နယ်ပေးဖို့ သူ့ကို တောင်းဆိုလို့ ရတယ်။ အဲ့ဒါကလည်း ရှင့်ကို အများကြီး သက်သာအောင် ကူညီပေးပါလိမ့်မယ်။ "
စုယန်ယန်သည် စကားရပ်ပြီး သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ " ရှင့်ကလေးလေး အခု ကျန်းမာနေပါတယ်။ စိတ်မပူပါနဲ့။ "
ယန်ရှောင်ရန်က စိတ်အေးသွားသော သက်ပြင်းလေး ချလိုက်သည်။ စုယန်ယန်၏ အကြုံပြုချက်ဟာ သူမ၏ ကျန်းမာရေး အတွက် အကျိုးရှိကြောင်း နားလည်သဖြင့် ပြောသွားသမျှကို လေးလေးနက်နက် နားထောင်ပြီး မှတ်ထားလိုက်သည်။
( T/N* ကလိုဗာ အပင် ဆိုတာ နာမည်ကြီးလို့ လူတိုင်း သိမယ် ထင်ပါတယ်နော်။ ကံကောင်းမှုကို ကိုယ်စားပြုတဲ့ အရွက်စိမ်းစိမ်းလေးတွေပါ။ )