အခန်း ၄၂၈
Vol. 29 Ch. 428
အခန်း ( ၄၂၈ ) မိသားစု ဟာသ
" ကလေးမွေးပြီးသွားတဲ့နောက်ပိုင်း ရှင် မသက်မသာ ခံစားချက်မျိုး ခံစားနေရရင် ကျွန်မဆီ လာခဲ့နိုင်ပါတယ်။ " စုယန်ယန်က တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်ကာ ထပ်ဖြည့်ပြောလိုက်သည်။ " ရှင် ဆရာဝန်တွေကိုလည်း မေးမြန်းကြည့်လို့ ရပါတယ်။ ကျွန်မက သူတို့လောက် ပရော်ဖက်ရှင်နယ် မဟုတ်ဘူး။ "
ယန်ရှောင်ရန် ပြုံးလိုက်သည်။ " ငါ့မျက်စိထဲမှာတော့ နင်က သူတို့ထက်တောင် ယုံကြည်အားကိုးလို့ ရသေးတယ်။ "
စုယန်ယန်လည်း ပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြောမိပေ။ ဟောက်ချန်ဟွမ်းကို ကူညီပေးခဲ့တဲ့ လန်မိသားစု၏ လူကြီး နှစ်ယောက်ကို ကျေးဇူးတင်သောကြောင့်သာ သူမ ဒီအကြောင်းကို ယန်ရှောင်ရန်အား ပြောပြလိုက်တာ ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ယန်ရှောင်ရန်က လန်မိသားစုရဲ့ ချွေးမ အကြီးဆုံးပင်။ လွန်ခဲ့တဲ့ နှစ် အနည်းငယ် အတွင်း သခင်ကြီးလန်က လန်မိသားစု ကုမ္ပဏီကို လန်မင်ဟန်ထံ တဖြည်းဖြည်း လွှဲပြောင်းပေးခဲ့ကာ သခင်မကြီးလန်ကလည်း သူမရဲ့ လန်မိသားစု အိမ်ထောင်ရှင် အမျိုးသမီး နေရာကို တဖြည်းဖြည်း လက်လျှော့လာခဲ့သည်။ သူမနှင့် သူမရဲ့ခင်ပွန်းတို့က သခင်ကြီး ၊ သခင်မကြီးတို့နှင့်အတူ အေးဆေးအားလပ်သော အငြိမ်းစားယူထားသည့် ဘဝမှာ နေထိုင်နေခဲ့သည်။
ပထမတော့ သူမ လူစုထဲကနေ ခွဲထွက်လာတာကို ဘယ်သူမှ သတိမပြုမိခဲ့ကြပေ။ သို့သော်လည်း ထောင့် တစ်နေရာမှာ ပုန်းကွယ်ကာ စကားပြောနေကြသော သူမတို့ နှစ်ယောက်ကို အခုတော့ မြင်သွားကြကာ သူမတို့အနား စုရုံးလာကြသည်။
မိနစ် အနည်းငယ် အတွင်းမှာပဲ သူမတို့ဘက်မှာ ငါးယောက် ၊ ခြောက်ယောက်ထက် ပိုသော လူများ ရောက်လာခဲ့လေသည်။
သူတို့က ယန်ရှောင်ရန် အတွက် ရောက်လာကြတာ ဖြစ်ကာ သူတို့ထဲမှ အများစုက စုယန်ယန်ကို မသိကြ၍ သူမကို ဘယ်သူမှ စကားမပြောရဲပါ။
ဒီလူတွေ ဘာတွေးနေတယ် ဆိုတာ စုယန်ယန် ပြောနိုင်သောကြောင့် လူမသိသူမသိ နေရတာကိုပဲ သူမ သဘောကျသည်။
သူမ တစ်ဖက်ကို လှည့်လိုက်တော့ ဟောက်ချီဟန်နှင့် သူ့ဇနီးရယ် ၊ ဟောက်ရှောက်ဖုန်းရယ်ကို မြင်လိုက်ရသည်။
ဤမိသားစု သုံးယောက်က အတော်လေး စိတ်ဝင်စားစရာကောင်းသည်။ သူတို့က တခြား လူရဲ့ မွေးနေ့ပွဲကို လာတက်ရောက်ပေးခဲ့သော်လည်း မျက်နှာတွေကတော့ တစ်ချိန်လုံး မည်းမှောင်မှုန်ကုပ်နေခဲ့သည်။
အထူးသဖြင့် ထိုသားအဖ နှစ်ယောက်ပင်။ သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်တောင် မကြည့်ကြဘဲ အမြဲတမ်း ကျောပေးထားခဲ့ကြသည်။ အကြောင်းမသိတဲ့ လူ ဆိုပါက သူတို့ကို သားအဖလို့ မထင်ဘဲ ရန်သူတွေလို့ ထင်သွားမှာ ဖြစ်သည်။
သူတို့ နှစ်ယောက်က အဲ့လို ဖြစ်နေကြတော့ မဒမ်ဟောက်သည် သဘာဝကျစွာပင် အနေမချောင်ဘဲ ကြားညှပ်နေခဲ့ရသည်။ သူမက ဘာပြောရမှန်း မသိသကဲ့သို့ သူမရဲ့ခင်ပွန်းကို တစ်လှည့် ၊ သားကို တစ်လှည့် ကြည့်လိုက်သည်။
ယန်ရှောင်ရန်ကို ကပ်ဖားရပ်ဖား လုပ်ချင်နေပေမဲ့ နောက်ဆုံးမှာ ဘယ်လိုမှ ကြိုးစားလို့ မရသော အမျိုးသမီး တစ်ယောက်က မိသားစု သုံးယောက်ကို စိုက်ကြည့်နေသော စုယန်ယန်ကို မြင်ချိန်မှာ စကားပြောရန် အခွင့်အရေး တစ်ခုကို ရှာတွေ့သွားသည်။
" ဟဲ့ ၊ အဲ့ဒီ လူတွေက ဟောက်မိသားစုက မဟုတ်လား။ သူတို့ကို ကြည့်ရတာ ဘာလို့ ရန်ဖြစ်နေတဲ့ ပုံစံမျိုး ပေါက်နေတာပါလိမ့်နော်။ "
တခြား အမျိုးသမီး တစ်ယောက်ရဲ့ အာရုံကလည်း ချက်ချင်း ထိုစကားဆီ ရောက်သွားသည်။ " ဟောက်မိသားစု .. ဟုတ်လား။ ဟောက်ကော်ပိုရေးရှင်းရဲ့ ဟောက်မိသားစုလား။ "
" သူတို့က လွဲလို့ ဘယ်သူ ရှိဦးမှာလဲ။ "
" သူတို့က ဘာလို့ ဒီကို ရောက်နေတာလဲ။ "
ယန်ရှောင်ရန်သည် ဟောက်မိသားစု အကြောင်း တစ်ယောက်ယောက် ပြောနေတာကို ကြားသောအခါ စုယန်ယန်ကို အလိုလို ကြည့်လိုက်မိသည်။
စုယန်ယန်၏ အမူအရာ ပြောင်းလဲမသွားတာကို မြင်တော့မှ သူမက စိတ်မပါလက်မပါ ပြောလိုက်သည်။ " သခင်ကြီးဟောက်နဲ့ ကျွန်မတို့ သခင်ကြီးလန်က လူငယ်ဘဝကတည်းက တစ်ယောက်နဲ့ တစ်ယောက် ခင်လာခဲ့ကြတာလေ။ ဒီနေ့က သခင်ကြီးလန်ရဲ့ မွေးနေ့ ဆိုတော့ မွေးနေ့ပွဲကို တက်ရောက်ပေးဖို့ သူတို့ကို ဖိတ်လိုက်ရတာပါ။ "
အလွန် အေးစက်စက် ဖြစ်နေသော ယန်ရှောင်ရန်ကို ကြည့်ကာ သူမ သူတို့ကို သဘောမကျကြောင်း လူတိုင်း နားလည်သွားကြသည်။
ယန်ရှောင်ရန်သည် လန်မိသားစု၏ သခင်မလေး ဖြစ်ကာ လန်မိသားစု၏ အနာဂတ် အိမ်ထောင်ရှင် အမျိုးသမီး အလောင်းအလျာလည်း ဖြစ်သည်။ သူမရဲ့ သဘောထားက လန်မိသားစုရဲ့ သဘောထားကို ကိုယ်စားပြုနိုင်လောက်သည်။
သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကာ ဟောက်မိသားစုနှင့် ပတ်သက်ပြီး သူတို့လည်း ဘယ်လို သဘောထားမျိုး ထားသင့်တယ် ဆိုတာ ရုတ်တရက် နားလည်သွားကြသည်။
" မကြာသေးမီတုန်းက ဟောက်မိသားစုရဲ့ သခင်လေးကို ဟောက်ကော်ပိုရေးရှင်းရဲ့ စီနီယာ ဒါရိုက်တာတွေက ကုမ္ပဏီကနေ ထုတ်ပယ်ပစ်လိုက်တယ်လို့ ငါ ကြားထားတယ်။ "
" ငါလည်း အဲ့အကြောင်း ကြားထားတယ်။ နင် ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား။ ဟောက်ကော်ပိုရေးရှင်းကို အရင် သခင်ကြီးဟောက် ကိုယ်တိုင် တည်ထောင်ထားတာ။ အခုတော့ သူတို့က သူတို့ရဲ့ အမွေဆက်ခံသူကိုတောင် ထုတ်ပယ်ပစ်လိုက်ပြီ။ ဟိုးရှေးခေတ် ဘုရင်မင်းဆက် အချိန်တွေသာ ဆိုရင် အဲ့ဒါက ထီးနန်းလုတဲ့ သမိုင်းကြောင်း ဖြစ်လာလိမ့်မယ်။ အရင် သခင်ကြီးဟောက်သာ ကောင်းကင်ဘုံမှာ ရှိနေမယ် ဆိုရင် သူ ဒေါသထွက်လွန်းလို့ သေသွားလောက်တယ် မဟုတ်လား။ "
" ဟောက်ကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာတွေကို နင် အပြစ်တင်လို့ မရဘူး။ ဟော်ကော်ပိုရေးရှင်းက ဟောက်မိသားစု စီးပွားရေးလုပ်ငန်းရဲ့ တစ်စိတ်တစ်ပိုင်း ဆိုပေမဲ့ အဲ့ဒါက ဟောက်မိသားစုရဲ့ အကျိုးအမြတ်တွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူး။ အစုပေါ်အမြတ်တွေကို လက်ခံရရှိနေတဲ့ ဘယ်စီနီယာဒါရိုက်တာမဆို အိမ်မှာ ဒီတိုင်း ထိုင်နေရင်းနဲ့ ပိုက်ဆံတွေ သဲ့မယူချင်ဘဲ နေမလား။ ကံမကောင်းစွာနဲ့ သခင်လေးဟောက်က ဘာမှ အကူအညီမဖြစ်တဲ့ အလကားလူ တစ်ယောက် ဖြစ်နေတယ်လေ .. ဟောက်ကော်ပိုရေးရှင်းရဲ့ နယ်မြေ တစ်စိတ်တစ်ပိုင်း အကြောင်း နင်တို့ အားလုံး ကြားထားတယ်မို့လား။ "