အခန်း ၄၃၀
Vol. 29 Ch. 430
အခန်း ( ၄၃၀ ) သူ့ကို လက်မထပ်ခဲ့လို့ ရှင့်တူမကို ကျေးဇူးတင်တယ်
စုယန်ယန်သည် ထိုစကားကို ကြားသောအခါ ခန္ဓာကိုယ်လေး သိမ့်ခနဲ တုန်သွားမိသည်။ အကြောင်းပြချက် တချို့ကြောင့် ရှိုးပွဲ တစ်ပွဲကို ကြည့်နေရသလို ခံစားရသော်လည်း သူမ ကိုယ်တိုင်က ထိုရှိုးပွဲထဲက ဇာတ်ကောင်းတွေထဲမှ တစ်ယောက် ဖြစ်နေသည်။
" ဒီလို ပြောတော့မှ သခင်လေးလည်း ရောက်လာတာကို ငါ မြင်လိုက်သလိုပဲ။ သူ အခုလေးတင် သခင်ကြီးနဲ့ သခင်မကြီးတို့နဲ့ စကားပြောနေတာလေ။ " မသေမချာ ဖြစ်နေသော ထိုတစ်ယောက်က ယန်ရှောင်ရန်ကို လှည့်မေးလိုက်သည်။ " အဲ့ဒါ ဟုတ်လား ရှောင်ရန်။ "
ယန်ရှောင်ရန် ပြုံးလိုက်သည်။" ဒီနေ့က အဘိုးရဲ့ အသက် ၇၀ ပြည့် မွေးနေ့လေ။ ဦးလေးချန်ဟွမ်းက မအားတဲ့ကြားက အချိန် ဖယ်ပြီး ဒီကို လာခဲ့လို့ အဘိုးနဲ့ အဘွားတို့ အရမ်း ပျော်နေကြတာ။ "
" ဦးလေးချန်ဟွမ်း " ဟူသော စကားလုံးက စောစောတုန်းက " ထိုလူတွေ " သုံးနှုန်းလိုက်တဲ့ အသုံးအနှုန်းနှင့် ယှဉ်ကြည့်ပါက သိသိသာသာ ဆန့်ကျင်ကွဲပြားသော အသုံးအနှုန်း တစ်ခု ဖြစ်သည်။ သူတို့တွေ ဘယ်သူလဲ ဆိုတာ သိသာပါသည်။
" တကယ်ကြီး သူပဲ။ နောက်ဆုံးတော့ ဒါက သခင်ကြီးရဲ့ လွှမ်းမိုးမှုပဲ။ ဒီလူက … ဟိုးအရင်ကတည်းက အပြင်မှာ ပေါ်လာတာ တော်တော် ရှားတယ်။ "
" ဟုတ်လား။ ငါ သူ့ကိုတောင် မမှတ်မိတော့သလောက်ပဲ။ သူ အရင်ကထက် ပိုကြည့်ကောင်းလာတယ်နော် ၊ ဒါပေမဲ့ သူ့ရဲ့ အဲ့ဒီ … သနားစရာပဲ။ အက်ဆီးဒင့်ကြောင့်သာ မဟုတ်ရင် ငါ့တူမက သူနဲ့ လက်ထပ်မလို့လေ။ "
" အဟွတ် အဟွတ် … " စုယန်ယန် သီးသွားတော့ စားပွဲရှိ လူတိုင်း လန့်ဖြန့်သွားခဲ့ကြသည်။
သူမ ဘာကြောင့် သီးသွားတာလဲ ဆိုတာ ယန်ရှောင်ရန် သိသည်။ စုယန်ယန်၏ ကျောကုန်းကို စိတ်ငြိမ်သွားအောင် သူမ အမြန် ပုတ်ပေးလိုက်သည်။ " နင် အဆင်ပြေရဲ့လား။ "
" ကျွန်မ အဆင်ပြေပါတယ် … " စုယန်ယန်က သူမကို သိမ်မွေ့သော အမူအရာဖြင့် လက်ကာပြလိုက်သည်။
သူမရဲ့ မိသားစု အကြောင်း မီးမောင်းထိုးပြထားသော ရှိုးပွဲကို သူမ ထိုင်ကြည့်နေရုံသာမက ထိုအမျိုးသမီးက သူမရဲ့ မိသားစုကို တိုက်ခိုက်ဖျက်ဆီးခါနီး ဖြစ်နေပါပြီ။
" ရှင့်တူမက ဟောက်မိသားစုရဲ့ သခင်လေးနဲ့ လက်ထပ်ခါနီး အခြေအနေ ဖြစ်ခဲ့တယ်လို့ ရှင် ပြောလိုက်တာလား။ "
အမျိုးသမီးသည် စကားပြောရန် ပါးစပ် ဟလိုက်ပေမဲ့ သူမနံဘေးမှ တခြား အမျိုးသမီးက သူမရဲ့ အလိမ်အညာတွေကို ဖော်ထုတ်ခဲ့သည်။
" သူ ပေါက်ကရတွေ လျှောက်ပြောနေတာကို နားမထောင်နဲ့။ ဟောက်မိသားစုက သူ့တူမကို ဘယ်လိုလုပ် သဘောကျမှာလဲ။ "
အစပိုင်းမှာတော့ အမျိုးသမီးက စုယန်ယန်၏ မေးခွန်းကို ကြားချိန်မှာ အနည်းငယ် မလုံမလဲ ဖြစ်သွားမိသော်လည်း ဤစကားကို ကြားချိန်မှာတော့ မကျေမနပ် ဖြစ်သွားမိသည်။
" ငါ့တူမလေးက ဖြူစင်ရိုးသားတဲ့ ကောင်မလေး တစ်ယောက်ပဲ ၊ သူမက လှလည်း လှတယ်။ သူမလို မိန်းကလေးမျိုးကို ဟောက်မိသားစုက ဘာလို့ မကြိုက်ဘဲ နေရမှာလဲ။ "
" ဒီနေ့ခေတ်မှာ ရိုးသားပြီး ရုပ်လှတဲ့ မိန်းကလေးတိုင်း လူချမ်းသာ မိသားစုနဲ့ လက်ထပ်နိုင်တာမျိုး မဟုတ်ဘူး။ "
" နင် … ။ "
သူတို့ ဘယ်သူတွေမှန်း စုယန်ယန် မသိပေမဲ့ သူတို့က ခင်မင်စရာကောင်းတဲ့ လူတွေ မဟုတ်တာကိုတော့ သူမ ပြောနိုင်သည်။ သူမ မျက်ခုံးပင့်ရင်း သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ " ရှင့်တူမက သခင်လေးဟောက်နဲ့ စေ့စပ်ထားတာလား။ "
အမျိုးသမီး၏ အမူအရာ အေးခဲသွားကာ သူမ၏ မျက်လုံးများ ဝေ့လည်ကြောင်ပတ် ဖြစ်သွားခဲ့သည်။
သူမနှင့် ငြင်းခုံနေသော အမျိုးသမီးက ရယ်မောလျက် သူမရဲ့ အလိမ်တွေကို ချက်ချင်း ဖော်ထုတ်လိုက်ပြန်သည်။ " ဘယ်ကသာ စေ့စပ်ထားတာတုံး။ သူ့တူမကပဲ သခင်လေးဟောက်ကို အရှက်မရှိ အမြဲတမ်း တွယ်ကပ်နေခဲ့တာလေ ၊ ဒါပေမဲ့ သခင်လေးဟောက်ကတော့ သူမကို လှည့်တောင် မကြည့်ခဲ့ပါဘူး။ နောက်ပိုင်းကျ သခင်လေးဟောက်မှာ ကိစ္စ တစ်ခု ဖြစ်ပျက်သွားတော့ သူမရဲ့ တူမက အကုန်လုံးထက် မြန်နေအောင် ထွက်ပြေးသွားတော့တာပဲ။ ဒုတိယနှစ် ရောက်တော့ သူမက အသေးစား စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်နဲ့ လက်ထပ်သွားခဲ့တယ်။ အခုဆို သူတို့ ကလေးတောင် အသက် နည်းနည်းလေး ကြီးနေလောက်ပြီ။ "
ထိုစကားကို ပြောပြီးသွားသည့် အခိုက်အတန့်မှာပဲ လူတိုင်းက အမျိုးသမီးကို အထင်သေးစွာ ကြည့်လိုက်ကြသည်။
အမျိုးသမီးက ထိတ်လန့်သွားပြီး သူမရဲ့ တူမကို ကာကွယ်ခဲ့သည်။ " အချစ်ရေးတွေ ဆိုတာ နှစ်ဦးနှစ်ဖက် သဘောတူညီရတဲ့ ကိစ္စမျိုးပဲ။ ပြီးတော့ အဲ့ဒီ သခင်လေးဟောက်က မသန်စွမ်း တစ်ယောက် ဖြစ်နေတာလေ ၊ ငါ့တူမလေးက တကယ့်ကို ငယ်ငယ်လေး ရှိသေးတာ။ နင်က သူမရဲ့ ကျန်ရှိနေတဲ့ ဘဝကို သူ့အတွက်နဲ့ အလဟဿ ဖြစ်စေချင်တာလား။ အဲ့မှာ ရပ်ပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့။ နင် မစိုးရိမ်ဘူး ဆိုရင် နင့်သမီးကို သူနဲ့ လက်ထပ်ပေးလိုက်လေ။ "
လူ အနည်းငယ်က လည်ချောင်းနင်သွားသလို ခံစားလိုက်ရပြီး ခပ်တိုးတိုး ပြောလိုက်ကြသည်။ " ငါတို့ သမီးက နင့်တူမလို သူများတွေကို အရှက်မရှိ တွယ်ကပ်တာမျိုး ဘယ်တော့မှ မလုပ်ဖူးဘူး။ "
စုယန်ယန်သည် လူတိုင်း၏ အမူအရာတွေ ပြောင်းလဲသွားတာကို မြင်လိုက်သည်။ သူမရဲ့ မျက်လုံးများ နက်ရှိုင်းသွားပြီး သူမ မတ်တပ်ရပ်လိုက်သည်။
ယန်ရှောင်ရန်က သူမ ပွဲထကြမ်းတော့မည်ဟု ထင်သွားခဲ့သည်။ " ယန် … "
စုယန်ယန်က သူမကို လျစ်လျူရှုပြီး ထိုအမျိုးသမီးကို ကြည့်လိုက်သည်။
" သူ့ကို လက်မထပ်ခဲ့လို့ ရှင့်တူမကို ကျွန်မ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ပိုကောင်းတဲ့ လူ တစ်ယောက်နဲ့ သူ တွေ့ဆုံနိုင်ခဲ့မှာ မဟုတ်ဘူး။ ကျွန်မ ဒီတစ်ခေါက်တော့ ဒါကို ဒီတိုင်း ကျော်သွားပေးလိုက်မယ်။ သူ့ကို မသန်စွမ်းလို့ နောက်တစ်ခေါက် ရှင် ထပ်ပြောတာကို ကျွန်မ ကြားရင်တော့ … " စုယန်ယန်၏ မျက်လုံးများသည် အေးစက်ပြီး အန္တရာယ်ရှိသော ပုံစံမျိုး ပြောင်းသွားသည်။ " ကျွန်မ ရှင့်ကို မသန်စွမ်း ဖြစ်သွားအောင် လုပ်ပစ်မယ် .. "