အခန်း ၄၃၁
Vol. 29 Ch. 431
အခန်း ( ၄၃၁ ) ရှင် ပင်ပန်းနေပြီလား။
ဒေါသကြောင့် ရုတ်တရက် တွန်းကန်ထွက်လာသော စုယန်ယန်၏ စကားများက ယန်ရှောင်ရန် အပါအဝင် လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
ထိုအမျိုးသမီး ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာပဲ စုယန်ယန် ပြောလိုက်သည်။ " ရှင်တို့ စကားပြောလို့ ကောင်းနေကြတာပဲ။ ကျွန်မ အရင် သွားနှင့်တော့မယ်။ " ထို့နောက် သူမ လှည့်ထွက်လာခဲ့လိုက်သည်။
စုယန်ယန် ခပ်ဝေးဝေးသို့ ရောက်သောအခါ သူမ ကြိမ်းမောင်းခဲ့သော အမျိုးသမီးကြီးသည် ကြောင်အငေးကြည့်နေရာမှ သတိဝင်လာသည်။ သူမက စုယန်ယန်၏ ကျောပြင်ကို လက်ညိုးထိုးရင်း မေးလိုက်သည်။ " အဲ့ဒါ သူမ ဘာသဘောနဲ့ ပြောသွားတာလဲ။ "
" သူမ ပြောသွားခဲ့တဲ့ သဘောအတိုင်း အတိအကျပဲပေါ့။ " ယန်ရှောင်ရန်၏ အမူအရာက မဲ့ခနဲ ဖြစ်သွားကာ သရော်ပြုံး ပြုံးလိုက်သည်။ " ရှင်က လူတိုင်းရှေ့မှာ သူမရဲ့ ခင်ပွန်းကို မသန်စွမ်း ဖြစ်နေလို့ ဆိုပြီး ပြက်ရယ်ပြုခဲ့တာလေ။ စားပွဲကို မှောက်ပြီး ရှင့်ကို ပါးရိုက်မသွားတာနဲ့တင် သူမက ယဉ်ကျေးနေပြီ။ "
" ခင်ပွန်း .. ဟုတ်လား။ " အမျိုးသမီးကြီးဟာ တအံ့တဩ ရေရွတ်လိုက်သည်။ " သူမ … သူမက … "
ယန်ရှောင်ရန်က သူမနှင့် ငြင်းခုံရန်ဖြစ်ဖို့ အလွန် ပျင်းရိနေပြီ ဖြစ်သည်။ သူမ မတ်တပ်ရပ်ကာ ပြောလိုက်သည်။ " ကျွန်မ နည်းနည်း ပင်ပန်းနေပြီ။ အရင် နားဖို့ ကျွန်မ အပေါ်ထပ်ကို သွားတော့မယ်။ ရှင်တို့ လွတ်လွတ်လပ်လပ် နေကြပါ။ "
ယန်ရှောင်ရန် ထွက်ခွာသွားပြီးနောက် တခြား အမျိုးသမီးများသည် ဤပြဿနာအမျိုးသမီးကြီးနှင့် သူမတို့ ဝေးဝေး နေသင့်သည်ဟု ခံစားလိုက်ရသည်။
အမျိုးသမီးကြီးသည် ထွက်ခွာသွားသော နှစ်ယောက်ကို ကြည့်ကာ သခင်လေးဟောက်ရဲ့ ဒေါသနှင့် ရက်စက်သော လက်စားချေနည်းများ အကြောင်း ကောလဟာလတွေကို ပြန်တွေးမိတော့ သူမ ကျောထဲ စိမ့်သွားမိသည်။
အိုး ၊ သွားပါပြီ။ သူမတော့ ပြဿနာ အကြီးကြီး ရှာလိုက်မိပြီ ထင်တယ်။
စုယန်ယန်က ယန်ရှောင်ရန်နှင့် ကျန်လူများထံမှ ခွဲထွက်လာပြီးလျှင် ဟောက်ချန်ဟွမ်းကို သွားရှာနေခဲ့သည်။
ဟောက်ချန်ဟွမ်းက လန် မိသားစု၏ သားအဖ နှစ်ယောက်နှင့် စကားပြောနေသည်။ တစ်ယောက်တည်း ပြန်ရောက်လာသော စုယန်ယန်ကို သူ မြင်တော့ မျက်ခမ်းလှုပ်သွားကာ သူ့လက်ကို သူမဆီ ကမ်းပေးလိုက်သည်။
" မင်း ဘာလို့ ဒီကို ရောက်လာတာလဲ။ "
" ကျွန်မ တစ်ယောက်တည်း ဟိုမှာ ရှိနေရတာ အချိန်ဖြုန်းနေတာပဲမို့လို့ ရှင်နဲ့ အတူတူ ရှိနေရအောင် လာခဲ့တာပါ။ "
ဟောက်ချန်ဟွမ်းကတော့ သူမကို မယုံကြည်ခဲ့ပေ။ သူ သူမကို သေသေချာချာ ကြည့်ပြီး မေးလိုက်သည်။ " မင်း ပင်ပန်းနေပြီလား။ "
စုယန်ယန် အံ့သြသွားသည်။ ဟိုအမျိုးသမီးကြီး လောလောလတ်လတ် ပြောသွားခဲ့တဲ့ စကားကို ပြန်တွေးမိသောအခါ သူမ ညိုးငယ်ထိုင်းမှိုင်းသွားမိသည်။ စုယန်ယန်သည် မျက်လွှာချရင်း ပြောလိုက်သည်။ " နည်းနည်းပါ။ "
ခုနတုန်းကလောက် သူမ တက်တက်ကြွကြွ မရှိတော့တာကို ဟောက်ချန်ဟွမ်း မြင်သွားသည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိကာ လန်မိသားစု၏ သားအဖကို ပြောလိုက်ပါသည်။ " အိမ်မှာ လုပ်စရာ ကိစ္စ တချို့ ရှိနေသေးလို့ ကျွန်တော် အရင် ပြန်နှင့်ပါတော့မယ်။ ယန်ယန်နဲ့ ကျွန်တော့်ရဲ့ လက်ဆောင်ကို ဘဏ္ဍာစိုးဆီ ကျွန်တော် အပ်ခဲ့ပြီးပြီဗျ။ ဦးလေးလန်နဲ့ အန်တီယဲ့ကို ကျွန်တော် ပြန်ပြီ ဆိုတဲ့ အကြောင်း အသိပေးလိုက်ပါဦးနော်။ "
လန်မင်ဟန်သည် ထိုစကားကို ကြားလျှင် အံ့ဩသွားခဲ့သည်။ " မင်း ဒီကို ရောက်တာ ဘယ်လောက်မှ မကြာသေးဘူး ၊ အဲ့ဒါကို မင်းက ခဏလေးနဲ့ ပြန်တော့မလို့လား။ "
သခင်လန်သည် စုယန်ယန်ကို တစ်ချက် ကြည့်လိုက်သော်လည်း သူတို့ကို မပြန်သေးဖို့ မတိုက်တွန်းတော့ပေ။ သူက " ဒီနေ့ လူတွေ အများကြီး ရှိနေတယ်။ နောက်ရက်ကျ တစ်ဝိုင်းလောက် စားကြရအောင် ၊ ငါတို့ နှစ်ယောက်တည်းပဲပေါ့။ " ဟု ပြောလိုက်သည်။
" ကောင်းပါပြီ။ " ဟောက်ချန်ဟွမ်းက သဘောတူလိုက်ပြီး စုယန်ယန်နှင့် ထွက်လာခဲ့လိုက်လေသည်။
သူတို့နောက် လိုက်လာသော ယန်ရှောင်ရန်သည် ဟောက်ချန်ဟွမ်းရော ၊ စုယန်ယန်ပါ ထွက်သွားတော့မှ ရောက်လာပြီး မေးလိုက်သည်။ " သူတို့ ဘယ်ရောက်သွားတာလဲ။ "
" ပြန်သွားကြပြီ။ " သခင်လန်က ထိုစကားကို ပြောပြီးနောက် ယန်ရှောင်ရန် ဘာမှ မမေးနိုင်သေးခင် သူ အရင် မေးခွန်း ထုတ်လိုက်သည်။ " ခုနတုန်းက တစ်ခုခု ဖြစ်သွားခဲ့တာလား။ ချန်ဟွမ်းရဲ့ ဇနီး ပြန်ရောက်လာတော့ သူမကို ကြည့်ရတာ သိပ်ပျော်ပျော်ရွှင်ရွှင် မရှိသလိုပဲ။ "
ယန်ရှောင်ရန်သည် သက်ပြင်းရှိုက်ကာ ဘာဖြစ်ခဲ့လဲ ဆိုတာ သူတို့ကို ပြောပြလိုက်သည်။
သခင်လန်နှင့် မဒမ်လန်၏ မျက်နှာတွေလည်း မည်းခနဲ ဖြစ်သွားခဲ့ကြသည်။ အဘိုးလန်နှင့် ဟောက်ချန်ဟွမ်းရဲ့ အဖေတို့က သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့သည်။ အက်ဆီးဒင့် မဖြစ်ခင်တုန်းက မိသားစု နှစ်စုဟာ အမြဲတမ်း အဆက်အသွယ် မပြတ်ခဲ့ကြပေ။
ဟောက်ချန်ဟွမ်းသည် လန်မင်ဟန်နှင့် အသက် ရွယ်တူ ဝန်းကျင် ဖြစ်သည်။ သူတို့ စုံတွဲသည် ဟောက်ချန်ဟွမ်းနှင့် မျိုးဆက် တစ်ဆက်တည်း တူညီသော်လည်း သူတို့ကတော့ ဟောက်ချန်ဟွမ်းကို သူတို့ရဲ့ တူလေး တစ်ယောက်လိုပဲ အမြဲတမ်း ဆက်ဆံခဲ့ကြသည်။
ဟောက်ချန်းဟွမ်း ကိုယ်တိုင် သခင်ကြီးလန်၏ မွေးနေ့ကို လိုလိုလားဖြင့် အရင် လာရောက်ဂုဏ်ပြုပေးတယ် ဆိုတာ ရှားရှားပါးပါး အဖြစ်အပျက်ပင်။ သို့သော်လည်း လန်မိသားစု အိမ်တော်၌ ထိုအခြေအနေမျိုးကို သူ ရင်ဆိုင်ခဲ့ရသည်။ သူတို့ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မှာလဲ။
" အဲ့ဒီ မိန်းမတွေက လူတွေရဲ့ နောက်ကွယ်မှာ အတင်းတုပ်ရတာကို ကြိုက်ကြတာပဲ။ "
ယန်ရှောင်ရန်သည် ရယ်ချင်စွာ ပြောလိုက်သည်။ " မစ်စ်စုကို ဘယ်သူမှန်းလည်း သူတို့ မသိကြဘူး အမေရေ။ "
" သူတို့သာ သိခဲ့ရင် အဲ့အကြောင်းကို ကာယကံရှင်ရဲ့ ဇနီးဆီ သွားပြောမှာ မဟုတ်ဘူး။ သူတို့က အရူးတွေမှ မဟုတ်တာ။ "
ယန်ရှောင်ရန် ပြောစရာစကားမရှိ ဖြစ်သွားရသည်။
ထိုစကားကို ပြောပြီးနောက် မဒမ်လန် တစ်ယောက် နည်းနည်းလေး စိုးရိမ်သွားသည်။ " သူတို့ အိမ်ပြန်ရောက်သွားရင် ဒီကိစ္စကြောင့် မစ်စ်စု မကျေမနပ် ဖြစ်ပြီး ချန်ဟွမ်းနဲ့ စကားများလိမ့်မယ်လို့ ရှင် ထင်လားဟင်။ "