← Chapters

အခန်း ၄၃၅

Vol. 29 Ch. 435

အခန်း ၄၃၅

Vol. 29 Ch. 435

အခန်း ( ၄၃၅ ) မင်းက ဆွဲဆောင်မှုရှိတယ်

စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ နွေးထွေးသော တုံ့ပြန်စကားကို ကြားရချိန်မှာ အနည်းငယ် ရှက်ရွံ့သွားမိသည်။ သို့သော် သူမ မကျေမနပ်ဖြင့် ဟွန့်ခနဲ နှာခေါင်းရှုံ့နေဆဲ ဖြစ်သည်။

သူ့ကြောင့် စုယန်ယန် သဝန်တိုနေတာကို ဟောက်ချန်ဟွမ်း သဘောကျသော်လည်း သူမကို ဒေါသမထွက်စေချင်ပါ။ သူမကို သူ နှစ်သိမ့်ပေးလိုက်သည်။ " အဲ့အမျိုးသမီးက ညံ့ဖျင်းတယ်။ သူမကို စိတ်ထဲ မထည့်ဘဲ နေရအောင်ပါ အချစ်ရယ်။ သူမကြောင့် ဒေါသအထွက်ခံဖို့ မထိုက်တန်ပါဘူး။ "

စုယန်ယန် စိတ်တည်ငြိမ်သွားကာ တွေးကြည့်လိုက်သည်။ " အဲ့အမျိုးသမီးက တကယ့်ကို ညံ့ဖျင်းတာ။ "

မဖြစ်နိုင်တာကို ဖြစ်လာနိုင်မည်ဟု တစ်ယောက်တည်း ထင်ချင်ရာတွေ ထင်ကာ ဟောက်ချန်ဟွမ်းကို ချစ်မိသွားသော သူမ၏ တူမရဲ့ အကြောင်းကို ထည့်မပြောပါနဲ့ဦး။ ဟိုးအရင်တုန်းက သူတို့တွေ တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့ဖူးလျှင်တောင် လက်ရှိမှာ သူမရဲ့ တူမက အခြား တစ်ယောက်နှင့် အိမ်ထောင်ကျပြီးပြီ ဖြစ်ကာ ကလေးတောင် မွေးပြီးနေပါပြီ။ ဟောက်ချန်ဟွမ်းမှာလည်း သူ့ကိုယ်ပိုင် မိသားစုဘဝ ရှိနေခဲ့ပြီ။ ထိုကိစ္စမျိုးတွေ ဆိုတာ နောက်တစ်ကြိမ် ပြန်အစမဖော်သင့်သလို့ ပြောလည်း မပြောသင့်ပေ။

ဒီသတင်းသာ သူမ တူမရဲ့ ခင်ပွန်းနှင့် ခင်ပွန်းဘက်က မိသားစုတွေ နားထဲ ရောက်သွားလျှင် သူမရဲ့ တူမကို သူတို့ ဘယ်လို ထင်ကြမလဲ။

ဒါမှမဟုတ် ဒီနေရာမှာ သူမရဲ့ တူမ ရှိမနေတဲ့အပြင် နှစ်ပေါင်းများစွာလည်း ကြာခဲ့ပြီမို့ သူမ တူမရဲ့ အတိတ်တုန်းက ဂုဏ်သတင်းကို ဟောက်ချန်ဟွမ်းနဲ့ အချစ်ကြီး ချစ်ကြိုက်ခဲ့ပြီးမှ ဝေးကွာသွားခဲ့ကြတဲ့ လူ တစ်ယောက် အဖြစ် အသုံးချချင်နေတာလား။ သူမ စိတ်အနှောင့်အယှက်ပေးဖို့ ကြိုးစားနေတာများလား။

စုယန်ယန် ထိုအကြောင်း‌ကို တွေးတောနေမိကာ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်လို့ ခံစားလိုက်ရသည် —

" ဘာဖြစ်လို့လဲ။ " ရုတ်တရက်ကြီး ခေါင်းမော့လာကာ သူ့ကို စိုက်ကြည့်နေသော စုယန်ယန်ကို သူ မြင်လိုက်ရသည်။ ထိတ်လန့်စရာ အကြောင်းအရာ တစ်ခုကို သူမ နောက်တစ်ကြိမ် ထပ်‌ပြောမှာ စိုးရိမ်လျက် သူ့နှလုံးသားက စည်းချက် တစ်ချက် လွတ်သွားသည်။

စုယန်ယန်သည် ခေါင်းခါရမ်းလိုက်ရင်း လေးလေးနက်နက် ပြောလိုက်သည်။ " ဘာမှ မဟုတ်ပါဘူး။ ကျွန်မ တစ်ခုခုကို ဘာရယ်မဟုတ် တွေးမိသွားလို့ပါ။ "

" ဘာကိုလဲ။ "

" လူတွေရဲ့ နှလုံးသားက ပိုက်ဆံအပေါ် လိုက်ပြီး အရောင်ပြောင်းတယ် ဆိုတာကိုပေါ့။ "

ဟောက်ချီဟန်နှင့် သူ့မိသားစုကို ထိုအမျိုးသမီးတွေ အလွန် ဟောင်ဖွာဟောင်ဖွာနှင့် ပြက်ရယ်ပြုရဲတဲ့ အကြောင်းပြချက်က ဟောက်ချန်ဟွမ်းကို သူတို့ အထင်ကြီးနေကြလို့ပဲ ဖြစ်သည်။

တစ်ဖက်တွင် ဟောက်ချီဟန်၏ မိသားစုဟာ မကြာသေးမီတုန်းက ကြီးကြီးမားမား ဆုံးရှုံးနစ်နာသွားခဲ့ရသောကြောင့် သူတို့ အထင်သေးသွားကြတာပင်။

အခြားတစ်ဖက်၌ ဟောက်ချန်ဟွမ်းက လန်မိသားစုနှင့် ခင်မင်ရင်းနှီးနေကာ သူတို့က လန်မိသားစုနှင့် ခင်မင်မှု တည်ဆောက်ရန် ဟောက်ချန်ဟွမ်းကို အသုံးချချင်နေကြတာ ဖြစ်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုလူတွေ ဟောက်ချန်ဟွမ်းကို တပ်မက်လိုချင်လာအောင် ပြုလုပ်ခဲ့သော အကြောင်းပြချက်က ဟောက်ချန်ဟွမ်း ဆိုတဲ့ ဖြစ်တည်မှုကြောင့် မဟုတ်ဘဲ သူနှင့်အတူ တစ်ပါတည်း ပါလာသော လျို့ဝှက် အကျိုးအမြတ်များကြောင့် ဖြစ်ပါသည်။

" ဒါက ပြဿနာ ဆိုရင်တော့ မင်း စိုးရိမ်စရာ မလိုပါဘူး။ "

စုယန်ယန်က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

" ကိုယ်က ဇနီးအပေါ်မှာ မှီခိုနေတဲ့ ကောင်ချောလေး တစ်ယောက် ဆိုတာထက် မပိုဘူးလေ။ မင်းသာ ကိုယ့်ကို လစာ မပေးရင် ကိုယ့်မှာ မိသားစုကို ထောက်ပံ့ဖို့ ငွေကြေးတောင် ရှိမှာ မဟုတ်ဘူး။ သူတို့တွေ ကိုယ့်ကို လိုချင်စရာ ဘာရှိလို့လဲ။ "

စုယန်ယန်က တခဏ စဉ်းစားပြီး လက်ခံလိုက်သည်။

မိသားစုရဲ့ ငွေရေးကြေးရေးကို ထိန်းချုပ်နေရတဲ့ ခံစားချက်က တကယ် အံ့ဩစရာကောင်းတယ် ဆိုတာ ပြောစရာ မလိုပါဘူး။

သူမရဲ့ နားလည်သွားမှုကြောင့် သတိဝင်လာသော စုယန်ယန်သည် ချက်ချင်းပဲ အများကြီး စိတ်အေးသွားခဲ့သည်။ သို့သော် သူမ ခင်ပွန်းရဲ့ မျက်နှာကို မြင်သောအခါ သူမရဲ့ အမူအရာက လေးနက်သွားပြန်သည်။ သူမ အလေးအနက် ပြောလိုက်သည်။ " ရှင့်ရုပ်ရည်က အရမ်း ဆွဲဆောင်မှုရှိတယ်။ "

စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ မျက်နှာကို လူချမ်းသာ တစ်ယောက်၏ ဇနီးလေးကို မြူဆွယ်နေသော ဂိုက်ပေးကောင်းသူ အမျိုးသား တစ်ယောက်ကဲ့သို့ပင် ကြင်ကြင်နာနာ ပွတ်သပ်နေခဲ့သည်။

ကံကောင်းစွာဖြင့် သူတို့ နှစ်ယောက်ရဲ့ စကားဝိုင်းကို အပြည့်အဝ တသီးတသန့်ဖြစ်စေရန် ကားရှေ့ခန်းနှင့် နောက်ခန်းကို အသံလုံစေသော အသံလုံမှန်တွေ ရှိနေသည်။ မဟုတ်ရင် ဒရိုင်ဘာက စုယန်ယန်ရဲ့ စကားတွေကို ကြားပြီး ကားကို ရေမြောင်းထဲ မောင်းချသွားလိမ့်မည်။

သူ အခုတလော ခဏ ခဏ အစနောက်ခံနေရလို့လား မပြောတတ် ၊ ဟောက်ချန်ဟွမ်း အရင်တုန်းကလို မရှက်တော့‌ပေ။ စုယန်ယန်၏ စကားကို ကြားလျှင် သူက အပြုံးလေးဖြင့်ပင် ပြန်ပြောလိုက်သေးသည်။ " သူတို့ ကိုယ့်ကို ဘယ်လောက်ပဲ လိုချင်နေပါစေ ၊ ကိုယ့်နှလုံးသားကတော့ မင်း တစ်ယောက်တည်း သီးသန့် အပိုင်ပါ။ "

စုယန်ယန် ပြောစရာစကားမရှိ ဖြစ်သွားရသည်။ ဟူး ၊ သူ့အရေပြား ထူလာပြီပဲ။ အရင်တုန်းကလောက် သူ့ကို စနောက်ရန် မလွယ်ကူတော့ပေ။ ဒါပေမဲ့ သူ့စကားတွေက သူမကို ပျော်ရွှင်စေ၍ ထိုပြဿနာကို သူမ ခေါင်းထဲကနေ မထုတ်ချင်ထုတ်ချင်ဖြင့် ထုတ်ပစ်လိုက်သည်။

" အဲ့လိုမှပေါ့။ ရှင် ပြောတဲ့ စကားကို မှတ်ထားနော်။ သူများတွေ ရှင့်ပိုက်ဆံကို လိုချင်တာပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် ရှင့်ချောမောမှုကို လိုချင်တာပဲဖြစ်ဖြစ် .. အပြင်က ပန်းရိုင်းတွေကို မခူးရဘူး။ "

သူတို့တွေကို စုယန်ယန် ဒေါသထွက်မနေတော့တာကို မြင်တော့ ဟောက်ချန်ဟွမ်း ပြုံးလိုက်မိသည်။

သို့သော် ထိုအပြုံးက သိပ်ကြာရှည်မခံလိုက်ဘဲ အပြုံး နေရာမှာ အေးစက်မှုတို့ အစားထိုးသွားသည်။။

သူ စုယန်ယန်ကို ထိုစကားတွေအား စိတ်ထဲ ထည့်မထားဖို့ နှစ်သိမ့်ခဲ့ပေမဲ့ စုယန်ယန်ကို ဒေါသထွက်အောင် လုပ်ခဲ့သော အမျိုးသမီးကို သူ ကျော်သွားပေးရန် ရည်ရွယ်ချက် မရှိပေ .. ။

All Chapters