အခန်း ၄၄၀
Vol. 30 Ch. 440
အခန်း ( ၄၄၀ ) မူလရင်းမြစ်ကို ရှင်းပြခြင်း
" ရှင် ဒီလို ထင်တာ မမှားပါဘူး။ " စုယန်ယန်က သူ့အဖြေကို မှန်ကန်ကြောင်း အတည်ပြုပေးလိုက်သည်။ " ဒီမှာ ရှိနေတဲ့ ကျောင်းသား အများစုက ဆေးဝါး မဟာဌာနက ကျောင်းသားတွေပါ။ လက်ရှိ ဆေးဝါး အများစုကို ဓာတုပစ္စည်းတွေ ၊ ဇီဝဆေးဝါးပစ္စည်းတွေနဲ့ ဖော်စပ်ထားတယ် ဆိုတာကိုတော့ ရှင်တို့ သိတယ်။ ဒီကျောင်းသား ပြောသွားသလိုပဲ တရုတ်ဆေးဝါး များစွာကတော့ အပင်တွေပါ ၊ ဒါပေမဲ့ အကုန်လုံးတော့ မဟုတ်ဘူး။ "
" သည်းခြေကျောက်ကို ဥပမာပေးကြရအောင်။ အဲ့ဒါက နွား တစ်ကောင်ရဲ့ သည်းခြေအိတ်တို့ ၊ သည်းခြေပြွန်တို့ ၊ အသည်းတို့ထဲမှာ ဖြစ်တည်လာတဲ့ ကျောက်တုံး တစ်မျိုးပဲ ၊ ဒါပေမဲ့ အဲ့ဒါမှာ စိတ်ကို တည်ငြိမ်အေးချမ်းစေတဲ့ အာနိသင် ရှိတယ်။ ပြီးတော့ ချွဲသလိပ်ကို ပျော်ကျစေတယ် ၊ သည်းခြေအိတ်ကို အားကောင်းစေတယ် ၊ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေတယ်။ ပြီးတော့ ကလေးငယ်လေးတွေ ဝက်ရူးပြန်တာကို သက်သာစေတဲ့ အာနိသင်လည်း ရှိတယ်။ ဝက်ရူးပြန်တာ ၊ လည်ချောင်းရောင်တာ ၊ နှုတ်ခမ်းမှာ အပူဖု ပေါက်တာနဲ့ ဝမ်းလျှောတာတွေကိုလည်း သက်သာစေတယ်။ "
စုယန်ယန်၏ စကားတွေက နောက်ထပ် ဆူဆူညံညံ အခြေအနေ တစ်ခုကို ဖန်တီးခဲ့သည်။ " နွားရဲ့ အစာအိမ်ထဲက ကျောက်တုံးကလည်း တရုတ်တိုင်းရင်းဆေးပဲလား။ "
" သည်းခြေကျောက် ဆိုတာ အစာအိမ်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကနေ ဖြစ်လာတာ မဟုတ်လား။ ငါတို့ ဘယ်လိုလုပ် အဲ့ဒါကို စားနိုင်မှာလဲ။ ငါတို့တွေ အဆိပ်သင့်သွားမှာ မဟုတ်ဘူးလား။ "
စုယန်ယန်က ဤအခြေအနေကို ကြိုမျှော်လင့်ထားပုံရသည်။ သူမ အသက်ပြင်းပြင်း တစ်ချက် ရှူကာ ပြောလိုက်သည်။ " ဒါက ကျွန်မတို့ ဒီဘာသာရပ်ကို ဘာ့ကြောင့် လေ့လာချင်ကြတာလဲ ဆိုတဲ့ အကြောင်းအရင်းပါပဲ။ အကယ်၍ ကျွန်မသာ ရှင်တို့ကို နွားရဲ့ သည်းခြေကျောက်က အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တယ်လို့ မပြောခဲ့ရင် နွား အစာအိမ်ထဲမှာ ဖြစ်တည်လာတဲ့ ကျောက်တုံးတွေကို ရောဂါ ဝေဒနာတွေကို ကုသတဲ့ နေရာမှာ သုံးလို့ ရတယ်လို့ ရှင်တို့ ထင်မှာတဲ့လား။ "
လူတိုင်း တိတ်ဆိတ်သွားခဲ့ကြသည်။
" ဟိုးရှေးခေတ်တုန်းက စိုက်ပျိုးမွေးမြူရေး နတ်ဘုရား တစ်ပါးဟာ ဆေးဖက်ဝင်အပင်တွေ အကုန်လုံးကို လေ့လာစမ်းသပ်ခဲ့ပြီး ' စိုက်ပျိုးမွေးမြူရေး နတ်ဘုရားရဲ့ ဆေးဝါး ကျမ်းဂန် ' ဆိုပြီး ချန်ထားခဲ့တယ်။ နောက်ပိုင်းမှာ လီရှစ်ကျန်းက ' ဆေးဖက်ဝင်အပင်ဆိုင်ရာ သုတပေါင်းချုပ် ' ကို အပင်ပန်းခံ စာပြုစုပြီး ကမ္ဘာကြီးကို ပေးခဲ့တယ်။ ရောဂါ ဝေဒနာတွေကို ကုသတဲ့ နေရာ ၊ လူတွေကို ကယ်တင်တဲ့ နေရာမှာ အသုံးပြုနိုင်အောင်လို့ ဒီတရုတ်ဆေးဖက်ဝင်အပင်တွေရဲ့ တန်ဖိုးကို တစ်ကမ္ဘာလုံး သိအောင် အသိပေးဖို့ ရည်ရွယ်ထားခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ လူသားမျိုးနွယ်ရဲ့ အဓိက ရွေ့ပြောင်းနေထိုင်မှု နှစ်ခု အတွင်းမှာ အဲ့ဒီ အဖိုးတန် စာအုပ်တွေနဲ့ အဖိုးတန် တရုတ်ဆေးဝါး ပါဝင်ပစ္စည်းတွေ အများကြီး ပျောက်ဆုံးသွားခဲ့ရတယ်။ "
" ကျွန်တော့်မှာ မေးစရာ ရှိပါတယ်။ " စုယန်ယန်ရဲ့ စကား ဆုံးသွားသည့် အခိုက်အတန့်မှာပဲ တစ်စုံတစ်ယောက်က ထမေးသည်။ " တီချယ် .. မဟုတ်ဘူး ၊ မစ်စ်စု … ဒီပစ္စည်းတွေက ပျောက်သွားခဲ့တယ် ဆိုရင် မစ်စ်စုက ဘယ်လိုလုပ် ဒီအကြောင်းတွေကို သိနေရတာလဲ။ "
တစ်ယောက်ယောက် ဒီလို မေးခွန်းမျိုး မေးလာမှာကိုလည်း စုယန်ယန် မျှော်လင့်ထားပြီးသားပင်။ အခု ရှိနေကြသော ကျောင်းသားတွေ မဟုတ်ဘဲ တခြား လူ တစ်ယောက် ဆိုလျှင်တောင် ဒီမေးခွန်းကို မေးလိမ့်မည်။
" ကျွန်မရဲ့ မိသားစုက စာအုပ် နည်းနည်းပါးပါးကိုတော့ မူလအခြေအနေအတိုင်း ထိန်းသိမ်းထားခဲ့လို့ပါ။ ဟင်းချက်နည်းတွေလိုပါပဲ ၊ ရွေ့ပြောင်းနေထိုင်မှု အတွင်း ဟင်းချက်နည်း စာအုပ်တွေထဲက တချို့ကို မူလအတိုင်း ထိန်းသိမ်းထားခဲ့ပေမဲ့ အများစုကိုတော့ ပျောက်ဆုံးသွားခဲ့ရပါသေးတယ်။ ဒီအကြောင်းပြချက်ကြောင့်ပဲ သုတေသန အဖွဲ့အစည်းက ပြည်သူလူထု အတွက် အဆင်ပြေ လွယ်ကူပြီး ဗိုက်ပြည့်စေနိုင်အောင်လို့ အာဟာရဖြည့်စွက်စာ ဖျော်ရည်တွေကို ထုတ်လုပ်ခဲ့တာပါ။ "
သူတို့ နေထိုင်နေသော လက်ရှိ ကမ္ဘာသည် ရှေးခေတ်နှင့် ကွာခြားသည်။ ပင်လယ်စာတွေ အပါအဝင် ဒီမှာ ရှိနေသော တိရစ္ဆာန်တွေက ရှေးခေတ်တုန်းကထက် အနည်းငယ် အရွယ်အစား ပိုကြီးသည်။ အသီးအရွက် တချို့ကတော့ ရှေးခေတ်တုန်းက အသီးအရွက်တွေထက် ပိုသေးသည်။ ထို့ကြောင့်သာ အထူးသဖြင့် အသီးအရွက်ကဲ့သို့ သဘာဝ ပါဝင်ပစ္စည်းတွေဟာ အလွန့်အလွန် ဈေးကြီးတာ ဖြစ်သည်။
ဒီမြေကို လူသားတွေ ပထမဆုံး ခြေချခဲ့စဉ်တုန်းက ဒီကမ္ဘာပေါ်က အပင်တွေ ၊ သို့မဟုတ် သူတို့ ယူလာခဲ့သော အပင်တွေပင်လျှင် သန္ဓေပြောင်းပြီး အဆိပ်ရှိလာကြမှာလားဟု မသေချာနိုင်ခဲ့ကြပါ။
သုတေသန အဖွဲ့အစည်းသည် ပျောက်ဆုံးသွားသော ဟင်းချက်နည်းများနှင့် ပေါင်းစပ်လျက် အပင်နှင့် တိရစ္ဆာန်တွေထံမှ အာဟာရဓာတ်များကို ထုတ်ယူ၍ အာဟာရဖြည့်စွက်စာ ဖျော်ရည်များကို ထုတ်လုပ်ခဲ့သည်။
သို့သော်လည်း အဲ့ဒါက ခွန်အားကို မြှင့်တင်ပေးနိုင်သော ကာဘိုဟိုက်ဒရိတ်တွေ ၊ ပရိုတင်းတွေ အများကြီး ပါဝင်သည့် အချောင်း ပုံသဏ္ဍာန် စားစရာ တစ်မျိုးနှင့် တူသည်။ အာဟာရ ဖြည့်စွက်စာ ဖျော်ရည်က အစားအစာထဲမှ အာဟာရဓာတ်တွေ အကုန်လုံးကို ထုတ်ယူကာ အစာအိမ်ကို ဖြည့်တင်းပေးပြီး လူ တစ်ယောက်ရဲ့ ရှင်သန်မှု အတွက် လိုအပ်သော အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်သည်။ ဒါပေမဲ့ အစားအစာရဲ့ အရသာနှင့် ဝါးတဲ့ နေရာမှာ ခံစားရတဲ့ အရေးအကြီးဆုံး အထိအတွေ့တော့ မပါဝင်ခဲ့ပေ။
အဲ့ဒါက ဈေးသက်သာပြီး သောက်သုံးရန် အဆင်ပြေလွယ်ကူမှန်း သူတို့တွေ သိသော်လည်း လူများစွာက အရသာရှိသော စားစရာကို စားချင်နေကြဆဲ ဖြစ်သည်။
" ခင်ဗျားရဲ့ မိသားစုမှာ တရုတ်တိုင်းရင်းဆေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ရှိတယ်လို့ ခင်ဗျား ဆိုလိုတာလား။ ဒါဆို တရုတ်ဆေးဖက်ဝင်အပင် မျိုးစေ့တွေကရော ဘယ်လိုလဲ။ အဲ့ဒါတွေကိုလည်း ခင်ဗျားရဲ့ ဘိုးဘေးဘီဘင်တွေက ချန်ထားခဲ့တာလား။ "
လူများစွာသည် ထိုမေးခွန်းကို ကြားတော့ နားစွင့်ထားလိုက်ကြသည်။ မေးခွန်းကို မေးခဲ့သူက သူ တစ်ယောက်တည်း သိချင်နေသော မေးခွန်းကို မေးလိုက်တာ မဟုတ်ဘူး ဆိုတာ သိသာသည်။ လူတိုင်း သိချင်နေကြပေမဲ့ ခုနတုန်းက သူတို့တွေ မေးဖို့ အလွန် မဝံ့ဝရဲ ဖြစ်နေခဲ့ကြတာပါ။