အခန်း ၄၄၃
Vol. 30 Ch. 443
အခန်း ( ၄၄၃ ) လေ့လာပါ ၊ အနံ့ခံပါ ၊ နားထောင်ပါ ၊ မေးပါ။
ကောင်မလေးက အနည်းငယ် အံ့ဩသွားကာ မဝံ့မရဲ မေးလိုက်သည်။ " အေးတဲ့ အစားအစာလား။ အေးခဲထားတဲ့ အာဟာရဖြည့်စွက်စာ ဖျော်ရည်တွေကိုရော … သူတို့ကိုရော ထည့်တွက်လားဟင်။ "
" … ထည့်တွက်ပါတယ်။ "
ကောင်မလေး ရှက်ရွံ့သွားမိသည်။ အာဟာရဖြည့်စွက်စာ ဖျော်ရည်တွေက အရသာမရှိဘူးလို့ သူမ ခံစားနေခဲ့ရတာ ဖြစ်သည်။ အာဟာရဖြည့်စွက်စာ ဖျော်ရည်တွေက အေးခဲထားရင် အရသာ ပိုကောင်းလာသည်ဟု သူမ ကြားခဲ့ရ၍ စမ်းကြည့်ခဲ့မိသည်။
နောက်ဆုံး၌ အေးခဲထားသော အာဟာရဖြည့်စွက်စာ ဖျော်ရည်က အများကြီး ပိုအရသာရှိကြောင်း သူမ နားလည်သွားသောကြောင့် မသောက်ခင် အမြဲတမ်း အေးခဲထားလေ့ရှိသည်။ မျှော်လင့်မထားစွာဖြင့် …
" ဆောင်းရာသီမှာ နင် အအေးကို ကြောက်ပြီး မကြာခဏ အစာအိမ် အောင့်တတ်လား။ "
လူတိုင်းက ကောင်မလေးရဲ့ အဖြေကို နားထောင်ရန် အတွက် အလိုလို နားကျယ်ကျယ်စွင့်ထားခဲ့ကြသည်။
" အင်း။ "
စုယန်ယန်က ထပ်မမေးတော့ပါ။ ဘာမှ မမေးဘဲ သူမ ဆက်ပြောခဲ့သည်။ " ရှင်တို့ရဲ့ မျက်နှာ အသွင်အပြင် ထူးခြားချက်တွေနဲ့ လျှာကို လေ့လာတာ အပြင် ရှင်တို့ မျက်နှာတွေရယ် ၊ ချောင်းဆိုးတဲ့အခါမှာ ထွေးလိုက်တဲ့ ချွဲသလိပ်တွေရယ်ကို ကြည့်ပြီးတော့ ခန္ဓာကိုယ်တွင်း အင်္ဂါတွေရဲ့ အခြေအနေကို ကျွန်မ ပြောလို့ ရတယ်။ ဒါပေမဲ့ ရှင်တို့ကို ဒါတွေ အကုန်လုံး ပြောပြဖို့ အရမ်း စောပါသေးတယ်။ ရှင်တို့ သိချင်တယ် ဆိုရင် ဆေးရုံကို တစ်ရက်ရက် သွားလို့ ရတယ်။ အဲ့ဒီမှာ လူနာ မျိုးစုံ ရှိတယ်။ သူတို့ရဲ့ ပုံစံကနေ တစ်ဆင့် သူတို့ရဲ့ ရောဂါကို ခွဲခြမ်းစိပ်ဖြာနိုင်တယ်။ လက်တွေ့ ဆောင်ရွက်ရတဲ့ အတွေ့အကြုံထက် ဘယ်အရာကမှ ပိုမကောင်းဘူး။ "
စုယန်ယန်က စိုးရိမ်တကြီး ပြောလိုက်သည်။ " ကျွန်မ ပြောတဲ့ အဓိပ္ပာယ်က ရှင်တို့ရဲ့ မျက်လုံးနဲ့ပဲ ကြည့်ဖို့နော်။ မလိုအပ်တာတွေ ဘာမှ မလုပ်ပါနဲ့။ ရှင်တို့ အရိုက်ခံရရင် တော်သေးပေမဲ့ ရောဂါကို မဟုတ်မမှန် နာမည်တပ်တာကတော့ သေချာပေါက် ပြဿနာကြီးတယ်။ "
လူတိုင်း ဟက်ဟက်ပက်ပက် ရယ်မိကြသည်။
" နောက်တစ်ခုက အနံ့ပဲ။ အနံ့အပြင် ရှင်တို့ နားထောင်ဖို့ လိုတဲ့ အသံလည်း ရှိသေးတယ်။ မတူညီတဲ့ လူနာတွေမှာ မတူညီတဲ့ အသက်ရှူနှုန်းတွေ ၊ အတိုး အကျယ်တွေ ၊ ပြတ်သားမှုတွေ ၊ စိုးရိမ်မှုတွေ ရှိတယ်။ ဥပမာအနေနဲ့ ကျွန်မတို့ရှေ့က လူ တစ်ယောက်မှာ အားနည်းတဲ့ အသက်ရှုသံ ရှိတယ်။ သူမက ဝင်လေ ထွက်လေကို ဖြည်းဖြည်းချင်း ရှူသွင်း ၊ ရှူထုတ်နေတာပါ။ အဲ့ဒါကို ကြည့်ပြီး သူမရဲ့ ခန္ဓာကိုယ်က အေးနေတယ်လို့ ကျွန်မတို့ ပြောနိုင်တယ်။ သူမရဲ့ ခန္ဓာကိုယ်က အားနည်းနေလို့ ပိုများတဲ့ အာဟာရဓာတ်တွေကို သူမ လိုအပ်နေတယ်။ "
စုယန်ယန်၏ စကားကြောင့် လူတိုင်း ဆွံ့အသွားကာ သူတို့ရဲ့ အကြည့်တွေက ကောင်မလေးအပေါ်မှာ ကျရောက်သွားခဲ့လေသည်။
အထူးသဖြင့် အရှေ့တန်းမှာ ရှိနေကာ အကြားအာရုံမကောင်းကြတော့သော အဘိုးကြီးများရဲ့ အကြည့်သည် ကောင်မလေးအပေါ်မှာ စုပုံနေခဲ့သည်။ သူတို့က သူမအနား တရွေ့ရွေ့ တိုးကပ်လာခဲ့ကြသည်။
သူမရဲ့ အသက်ရှူသံက တကယ်ပဲ စုယန်ယန် ပြောသလိုပဲလား ဆိုတာ သူတို့ နားထောင်ချင်သည်။ သူမအနားကို ဝိုင်းအုံလာသော အဘိုးကြီးများကြောင့် ကောင်မလေးသည် ခြေလှမ်း အနည်းငယ် နောက်ဆုတ်မိလိုက်တဲ့အထိ အလွန် ကြောက်ရွံ့သွားကာ သူမရဲ့ အသက်ရှူသံကလည်း ပုံမှန်မဟုတ်တော့ဘဲ မြန်လာခဲ့သည်။
စုယန်ယန်သည် ချောင်းဟန့်ကာ လူတိုင်းရဲ့ စိတ်အာရုံကို သူမထံ ပြန်ဆွဲခေါ်လိုက်သည်။ " ရှင်တို့ကို ကျွန်မ နောက်ထပ် ဥပမာ တစ်ခု ထပ်ပေးပါ့မယ်။ ပန်းနာရင်ကျပ် ရောဂါ အကြောင်း လူတိုင်း သိထားသင့်တယ်။ သာမန် လူတွေရဲ့ အသက်ရှူသံနဲ့ ပန်းနာရင်ကျပ်ရောဂါသည်တွေရဲ့ အသက်ရှူသံကို ရှင်တို့ ဘယ်လို ခွဲခြားကြမလဲ။ ပန်းနာရင်ကျပ် ဆိုတာ အသက်ရှူသံကိုပဲ ထည့်တွက်ရမှာ မဟုတ်ပါဘူး ၊ သူ့နာမည်မှာ ပါတဲ့ ပန်းနာရင်ကျပ် ဆိုတဲ့ စကားလုံးကိုလည်း ထည့်စဉ်းစားရမှာပါ။ တရုတ်ဆေးပညာမှာ ပန်းနာရင်ကျပ်က အသက်ရှူကျပ်တာကို ရည်ညွှန်းပေမဲ့ လည်ချောင်းထဲကနေ ထွက်လာတဲ့ ခပ်တိုးတိုး အသံ တစ်မျိုး ရှိပါတယ်။ အဲ့ဒီ အသံက အသက်ရှုသံ တစ်သံချင်းစီရဲ့ အဆုံးသတ်မှာ မကြာခဏ ထွက်ပေါ်လာတယ်။ "
ထို့ကြောင့်သာ နျဉ်စစ်ယွင်မှာ ပန်းနာရင်ကျပ် ရောဂါ ရှိနေတာ ဖြစ်ကြောင်း သူမတို့ ပထမဆုံး အကြိမ် တွေ့ကတည်းက သိသွားတာ ဖြစ်ပါသည်။
" ပန်းနာရင်ကျပ် ဖြစ်နေတဲ့ တစ်ယောက်ယောက်ကို သိတယ် ဆိုရင် ရှင်တို့တွေ ကျွန်မ ပြောတဲ့အတိုင်း ဟုတ်ရဲ့လား ဆိုတာ သိရအောင် ပြန်သွားပြီး သေချာ ကြည့်နိုင်ပါတယ်။ "
" နောက်တစ်ဆင့်ကတော့ မေးဖို့ပါ ၊ ဒီအဓိပ္ပာယ်ကတော့ ရှင်းပါတယ်။ ဘာလုပ်ရမှန်း ရှင်တို့ မသိသေးခင် လူနာရဲ့ ခန္ဓာကိုယ်အခြေအနေကို မေးမြန်းရပါမယ်။ ဒီအချက်ကို အထင်မသေးပါနဲ့နော်။ ရှင်တို့ လူနာတွေကို အရာ အားလုံး ပြောမပြခင် လူနာက ဆရာဝန်ကို အပြည့်အဝ ယုံကြည်နေဖို့ လိုတယ်။ ဆရာဝန်တွေကို ကြောက်တဲ့ တချို့ လူနာတွေကတော့ ရှင်တို့ကို ပြောပြမှာ မဟုတ်ဘူး ၊ လိမ်ရင်လည်း လိမ်နေနိုင်တယ်။ အဲ့ဒါက ရှင်တို့ရဲ့ ဆုံးဖြတ်ချက်ကို နှောင့်ယှက်ပြီး နှောင်းပိုင်း ကုသမှုကိုလည်း ထိခိုက်စေနိုင်ချေ ရှိတယ်။ "
စုယန်ယန်က နောက်ထပ် အချက်ကိုတော့ အသေးစိတ် မပြောတော့ပါ။ " မှတ်ထားရမယ့် နောက်ဆုံး အချက်ကတော့ သွေးခုန်နှုန်း ဖြစ်ပါတယ်။ ရောဂါ ဝေဒနာကို အတည်ပြုနိုင်ဖို့ အတွက် သွေးခုန်နှုန်းကို ကျွန်မတို့ စစ်ဆေးဖို့ လိုပါတယ်။ "
စုယန်ယန်၏ စကားဆုံးသည့် အခိုက်အတန့်မှာပဲ ရှေ့ဆုံးတန်းမှ အဘိုးကြီးများသည် မတ်တပ်ရပ်ကာ ဟောပြောနေသည့် စင်မြင့်သို့ ပြေးလာခဲ့ကြသည်။ အဲ့ဒီ သွေးခုန်နှုန်း ဆိုတဲ့ အရာကို သူတို့ အနီးကပ် ကြည့်ချင်သည်။