အခန်း ၄၄၄
Vol. 30 Ch. 444
အခန်း ( ၄၄၄) အကြည့် တစ်ချက်နှင့် မြင်သွားခြင်း
သူမ ခေါ်ထားသော ကောင်မလေးဟာ ထိတ်လန့်သွားကာ ချက်ချင်းပဲ ထွက်ပြေးသွားချင်နေခဲ့ပါပြီ။
စုယန်ယန်သည် လူတိုင်းကို သတိပေးသော အကြည့်နှင့် ကြည့်လိုက်ရင်း အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။ " ရှင်တို့ အားလုံးပဲ သူမနဲ့ ဝေးဝေး နေကြပါ။ သူမ အရမ်း စိတ်လှုပ်ရှားနေရင် သူမရဲ့ နှလုံးခုန်နှုန်းကလည်း အရမ်း မြန်လာလိမ့်မယ်။ အဲ့ဒါဆို သူမရဲ့ သွေးခုန်နှုန်းကို ကျွန်မ စစ်ဆေးရင် အမှား လုပ်မိနိုင်လောက်တယ် … "
စုယန်ယန်၏ အဘိုး အရွယ်ရှိသော ပရော်ဖက်ဆာအိုကြီးက တွန့်ဆုတ်သွားသည်။ သူ နှာခေါင်းကို ပွတ်သပ်လိုက်ပြီး သူမတို့ နှစ်ယောက် အတွက် နေရာ ဖယ်ပေးသည့် အနေဖြင့် အနည်းငယ် နောက်ဆုတ်လိုက်သည်။
ကောင်မလေးက စိတ်သက်သာရာရသွားသော သက်ပြင်းလေး မှုတ်ထုတ်လိုက်ကာ တဖြည်းဖြည်း စိတ်တည်ငြိမ်လာခဲ့သည်။
" ထိုင်လိုက်နော်။ ငါ့ကို နင့်လက်ကလေး ပေးပါ။ "
ကောင်မလေးက ခေါင်းညိတ်ပြီး စုယန်ယန် ဟောပြောနေသည့် လူတစ်ယောက်စာ စင်မြင့်လေးနံလေးရှိ ထိုင်ခုံပေါ်မှာ ထိုင်လိုက်သည်။ စုယန်ယန် မျက်မှောင်ကြုတ်မိသွားသည်။ " နင် ဒီမနက် ဘာမှ မစားခဲ့ဘဲ အတန်းလာတက်တာလား။ "
ကောင်မလေး ဆွံ့အသွားသည်။ သူမက လေးလေးနက်နက် ခေါင်းညိတ်ကာ ပြန်ပြောခဲ့သည်။ " … ဟုတ်ပါတယ်။ "
" နင့်မှာ အစာအိမ်ရောဂါ ရှိလား။ "
" နည်းနည်းပါ … နည်းနည်းပါပဲ။ "
" အစာအိမ် အေးနေတယ် ၊ သရက်ရွက် အားနည်းနေတယ် ၊ အသည်းရောင်နေတယ်။ နင် အခုတလော ညနက်တဲ့အထိ မအိပ်ဘဲ နေဖြစ်လား။ "
" … ဟုတ်ကဲ့။ "
ကောင်မလေး ခေါင်းညိတ်လိုက်လျှင် အောက်မှာ ရှိနေတဲ့ လူတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားကြလေသည်။ သူမ … ပြောသမျှ အကုန်လုံး မှန်နေတာပဲ။
" ညဘက် နောက်ကျတဲ့ အထိ မအိပ်ဘဲ နေတာက အပူဓာတ်ကို အလွယ်တကူ ကြွစေတယ် ၊ ပြီးတော့ နင် မနက်တုန်းက အိပ်ရာနိုးတဲ့ အချိန်မှာ ဘာမှ မစားခဲ့ဘူး ဆိုတော့ နင့်အတွက် အစာအိမ်ရောဂါကို ခံစားရတာ ပုံမှန်ပါပဲ။ အပူဓာတ် ရုတ်တရက် တိုးလာစေဖို့ လွယ်ပေမဲ့ နင့်ရဲ့ အသည်းက အပေါ်ယံမှာပဲ ပူနွေးနေတာ ၊ နင့်အသည်းကမှ အဓိက ပြဿနာပဲ။ အပူဓာတ်ကို လျှော့ချဖို့ နည်းလမ်းကိုပဲ နင် စဉ်းစားပြီး အစာအိမ်ကို ဂရုမစိုက်ဘူး ဆိုရင် အဲ့ဒါက ရောဂါ လက္ခဏာတွေကိုပဲ သက်သာစေမှာ။ အဓိက ရောဂါ အရင်းအမြစ်ကို ပျောက်ကင်းစေမှာ မဟုတ်ဘူး။ "
စုယန်ယန်က တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်ကာ သူမကို သတိပေးလိုက်သည်။ " နင့်ခန္ဓာကိုယ်က အစကတည်းက အားနည်းနေပြီးသားနော်။ အေးတဲ့ ဖျော်ရည်ကို အချိန် အကြာကြီး သောက်လာခဲ့တာက ပြဿနာကြီး တစ်ခုကို ဖြစ်စေနိုင်တယ်။ အနာဂတ်ကျ နင် ပိုဂရုစိုက်သင့်တယ်။ "
ကောင်မလေးက အမြန် ခေါင်းညိတ်ခဲ့သည်။ " ကျွန်မ ဘယ်တော့မှ အေးခဲထားတဲ့ အာဟာရဖြည့်စွက်စာ ဖျော်ရည်တွေကို ထပ်မသောက်တော့ပါဘူး။ "
ကောင်မလေးသည် စုယန်ယန်ရဲ့ စကားတွေကို စိတ်ချယုံကြည်သွားပြီ ဖြစ်သည်။
" ဒါဆို … ကျွန်မရဲ့ အခြေအနေကို တိုးတက်အောင် ဘယ်လို လုပ်သင့်လဲဟင်။ "
" နင့်အစာအိမ်ကို အားဖြည့်ပေးနိုင်ဖို့ ဆန်ပြုတ်နဲ့ စွပ်ပြုတ်တွေကို ပိုစားပါ။ နင် အဆင်ပြေရင် ငါ့စားသောက်ဆိုင်ကို လာခဲ့လို့ ရတယ်။ အဲ့မှာ ရှိတဲ့ ဝန်ထမ်းက နင့်ခန္ဓာကိုယ် အတွက် သင့်တော်တဲ့ ဆေးဖက်ဝင်ဟင်းလျာကို ညွှန်းပေးလိမ့်မယ်။ "
စုယန်ယန်က စကား ခဏ ရပ်ပြီး လည်ချောင်းရှင်းလိုက်သည်။ " နင် ကိုယ့်ဘာသာ လုပ်လို့လည်း ရပါတယ်။ တစ်ခါတလေ ဆန်ပြုတ် နည်းနည်းပါးပါး ပြုတ်ပြီး နေ့တိုင်း ပုံမှန်လေး စားပေါ့။ မနက်စာကိုလည်း မစားဘဲ မနေနဲ့ ၊ အေးတဲ့ အစားအစာတွေကိုလည်း မစားနဲ့။ "
ကောင်မလေးသည် စုယန်ယန်၏ စားသောက်ဆိုင်ကို ဘယ်လို လာရမလဲ ဆိုတာ စတင် တွေးတောနေရင်း ခေါင်းညိတ်လိုက်သည်။
စားသောက်ဆိုင်ဟာ နေ့တိုင်း အမှာစာ အခု ၂၀၀ ကိုပဲ လက်ခံသည်ဟု သူမ ကြားဖူးကာ ရောင်းလိုအားနှင့် ဝယ်လိုအား မမျှပေ။ ကြိုတင်မှာယူမှု စာရင်းကလည်း လာမယ့် နှစ်ဝက် အထိ ပြည့်နေခဲ့ပါပြီ။
သူမက ဆိုင်ပိုင်ရှင်ရဲ့ ကျောင်းသားမို့ အခွင့်ထူးခံရနိုင်မလားဟု တွေးနေမိသည်။
ကောင်မလေးသည် သင်ခန်းစာ ပြီးဆုံးသွားပြီးနောက် စုယန်ယန်နှင့်အတူ စင်မြင့်ပေါ်ကနေ ဆင်းလာခဲ့သည်။ စုယန်ယန်ကို မျက်ခြည်မပြတ် ကြည့်နေသော အဘိုးကြီး အနည်းငယ်က နောက်ဆုံးတော့ သူမအနား ကပ်ရန် အခွင့်အရေး ရလာခဲ့သည်။
စုယန်ယန် ဆွံ့အသွားမိပါသည်။
ပရော်ဖက်ဆာအိုကြီးတွေထဲမှ တချို့က အငြိမ်းစားယူပြီးပြီ ဖြစ်သော်လည်း သူတို့က သူတို့ရဲ့ မူလ ရာထူးတွေမှာ တည်မြဲနေဆဲပင်။
တစ်ခါတရံ သူတို့က ကျောင်းသားတွေကို သင်ခန်းစာ တချို့ သင်ပေးပြီး ဓာတ်ခွဲခန်းထဲမှာ မူးယစ်ဆေးဝါး ပါဝင်မှုပမာဏကို ခွဲခြမ်းစိပ်ဖြာနေလေ့ရှိသည်။ အဲ့ဒါက ငှာန တစ်ခုလုံး အတွက် ရှားပါး ရတနာ တစ်မျိုး ဖြစ်ကာ ကျောင်းရဲ့ မူပိုင်အမှတ်အသား ရတနာလည်း ဖြစ်သည်။
ဒီလူတွေရဲ့ ကျန်းမာရေးကို သေချာစေရန် အတွက် တက္ကသိုလ်ကို ကောင်းမွန်သော ဆေးဝါးစနစ်ဖြင့် ပြည့်စုံအောင် ထောက်ပံ့ထားသည်။ နေ့စဉ်နေ့တိုင်း သူတို့ရဲ့ ခန္ဓာကိုယ် အခြေအနေကို သေချာ သိနိုင်စေရန် ပုံမှန် ဆေးစစ်ပေးလေ့ရှိသည်။
ပွင့်ပွင့်လင်းလင်း ပြေရလျှင် ဒီလူတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ် အခြေအနေကို သူတို့ရဲ့ လက်ဖမိုးကဲ့သို့ ကောင်းကောင်း သိကြသည်။ စုယန်ယန်သည် တရုတ်တိုင်းရင်းဆေးပညာရဲ့ အံ့ဩစရာတွေကို သူတို့အား တွေ့ကြုံခံစားစေချင်ပြီး သူတို့ရဲ့ စူးစမ်းချင်စိတ်ကို စိတ်ကျေနပ်စေချင်မိသည်။
စုယန်ယန် အဲ့ဒါကို နားလည်ပါသည်။ သူမ သူတို့ကို သင်ခန်းစာအား နှောင့်ယှက်ခွင့် ပြုမှာ မဟုတ်ပါ။ အများကြီး ဖြောင်းဖြပြီးမှ နောက်ဆုံးတွင် သူမ သူတို့ကို ထွက်သွားစေနိုင်ခဲ့သည်။