အခန်း ၄၄၆
Vol. 30 Ch. 446
အခန်း ( ၄၄၆) မင်း အဲ့ဒါကို နောင်တရလိမ့်မယ်။
စုယန်ယန်က သူတို့တွေကို နာမည်ပျက်စာရင်း အသွင်းလိုက်ခြင်းအား သူတို့ လုံးဝ မသိခဲ့ပေ။ တက္ကသိုလ်ကျောင်းသားတွေ ဆိုသော်လည်း သူတို့မှာ လုပ်စရာ အိမ်စာတွေ အများကြီး ရှိနေပါသေးသည်။ လူတိုင်းက ယန့်ကြွယ်ကို အရှက်မရှိသည့်အတွက် အပြစ်တင် ဝေဖန်နေကြဆဲပင်။
ယန့်ကြွယ်သည်လည်း ဝေဖန်ခံနေရပေမဲ့ သူ့မျက်နှာပေါ်မှာ ဘာကိုမှ မမှုတဲ့ ခပ်တည်တည် ပုံစံ ရှိနေခဲ့သည်။ သူက ကျိန်ဆဲမှုတွေ အကုန်လုံးကို လျစ်လျူရှုထားကာ ဂရုမစိုက်ဘဲ ပြောလိုက်သည်။ * ငါက တီချယ့်ကို မေးနေတာ ၊ မင်းတို့ကောင်တွေကို မေးနေတာ မဟုတ်ဘူး။ မင်းတို့တွေ ဘာလို့ အရမ်း အကဲဆတ်နေရတာလဲ။ မင်းတို့ ငါ့ကို တိတ်တိတ်လေး တစ်ဖက်သတ် သဘောကျနေပြီး တခြား လူ တစ်ယောက်ကို ငါ ချစ်ရေးဆိုတာကို မြင်ရမှာ ခံနိုင်ရည် မရှိလို့လား။ "
လူစုကြီးက သူ့ရဲ့ အရှက်ကင်းမဲ့မှုကြောင့် အံ့ဩကြောင်အသွားခဲ့ကြသည်။ ခဏ ကြာတော့မှ ဖြစ်ပျက်နေသော အဖြစ်အပျက်ကို သူတို့ နားလည်သွားကာ ယန့်ကြွယ်ကို ပိုလို့တောင် ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲခဲ့ကြလေသည်။
" ဘယ်သူက မင်းကို တစ်ဖက်သတ် သဘောကျနေလို့လဲ တစ်ဘို့တည်းသိတဲ့ နွားရဲ့။ "
" တိရစ္ဆာန်ကောင်။ "
" သောက်ကျိုးနည်း နှာဘူးကောင်။ "
" အရှက်မရှိလိုက်တာ။ "
" … "
ယန့်ကြွယ်၏ အမူအရာသည် ပြောင်းလဲမသွားခဲ့ပါ။ သူ စုယန်ယန်ကို ပြုံးပြလိုက်သည်။ " ကျွန်တော့်မေးခွန်းကို တီချယ် ပြန်မဖြေရသေးဘူးနော်။ "
" ကျွန်မမှာ ချစ်သူတော့ မရှိပါဘူး ၊ ဒါပေမဲ့ … " စုယန်ယန်က သူတို့ကို သူမရဲ့ လက်သူကြွယ်ရှိ လှပသော စိန်လက်စွပ်ကို ပြရန် အတွက် သူမရဲ့ လက်ကို မြှောက်လိုက်သည်။ " ကျွန်မမှာ ယောက်ျား ရှိတယ်။ "
ခလွမ်း —
လူများစွာရဲ့ အသည်းနှလုံးတွေ ကွဲကြေသွားတဲ့ အသံ ဖြစ်ပါသည်။
" ကျွန်တော် မယုံဘူး။ "
" ရှင် ကျွန်မကို မယုံဘူး ဆိုရင်တောင် ဘာမှ ထူးမသွားဘူး။ " စုယန်ယန်၏ အမူအရာဟာ အေးစက်နေခဲ့သည်။ " ပြီးတော့ ကျွန်မကို တီချယ်လို့ မခေါ်ဖို့လည်း ရှင့်ကို ပြောထားပြီးသားနော်။ ရှင်က တော်တော် နာခံမှု မရှိဘူး ဆိုမှတော့ ကျွန်မ ရှင့်ကို မနက်တုန်းက ပြောထားတဲ့ အချက်အလက်တွေ အကုန်လုံးကို ၁၀ ခေါက် ကူးရေးပြီး လာထပ်ပါ။ နောက်အတန်း အထိ ရှင် အဲ့ဒါကို မပြီးသေးဘူး ဆိုရင်တော့ … "
ယန့်ကြွယ်က ချက်ချင်း ပြန်မေးသည်။ " မပြီးသေးဘူး ဆိုရင် ဘာဖြစ်မှာလဲ။ "
" ဘာမှ စိုးရိမ်စရာ မလိုဘူး။ အများဆုံးမှ စောစောတုန်းက စင်မြင့်ပေါ်ကို တက်သွားတဲ့ မိန်းကလေးလိုမျိုး ကျွန်မ သရုပ်ပြတဲ့ နေရာမှာ ရှင့်ကို လာကူညီခိုင်းရုံပါပဲ။ စုယန်ယန်က အပြစ်ကင်းစင်စွာ ပြုံးလိုက်သည်။ " ကျွန်မတို့ရဲ့ နောက်ထပ် သင်ခန်းစာက တရုတ်အပ်စိုက်ကုထုံး အကြောင်း ဆိုတာလည်း အားလုံးကို ကျွန်မ ကြိုတင် အသိပေးထားလိုက်ပါ့မယ်။ "
" တရုတ်အပ်စိုက်ကုထုံး … ။ " ယန့်ကြွယ်နှင့် ကျန်လူများ အားလုံး တအံ့တဩ ရေရွတ်လိုက်ကြသည်။ စုယန်ယန်အား အတန်းကို ချက်ချင်း စတင်စေဖို့ သူတိုတွေ ဆုတောင်းလိုက်ကြပြီး သူမအား သူတို့ ခန္ဓာကိုယ်ပေါ်မှာ သရုပ်ပြသခြင်းကို သူတို့ကိုယ်တိုင် ဆောင်ရွက်ခွင့်ပြုရန် အတိုင်းထက်အလွန် ပျော်ရွှင်နေခဲ့ကြသည်။
စုယန်ယန် ဆွံ့အသွားရသည်။ ဒီအဘိုးကြီးတွေမှာ လူအများစု မကြိုက်တဲ့ အသားနာရမယ့် အခြေအနေမျိုးတွေကို ကြိုက်တဲ့ ဘယ်လို စိတ်မျိုးတွေ ရှိနေကြတာပါလိမ့်။ သူတို့ အားလုံးဟာ ထုရိုက်ပေးဖို့ အတွက်ပဲ တောင်းဆိုနေခဲ့ကြသည်။ သူတို့ ဘာတွေ တွေးနေကြမှန်း သူမ တကယ် နားမလည်တော့ပေ။
ယန့်ကြွယ်သည် တရုတ်အပ်စိုက်ကုထုံး ဆိုတာ ဘာလဲ မသိသော်လည်း ဤပရော်ဖက်ဆာအိုကြီးတွေရဲ့ တုံ့ပြန်မှုကို သူ မြင်သွားချိန်မှာ ကျောထဲ စိမ့်ခနဲ ဖြစ်သွားမိသည်။ ဒါက သေချာပေါက် ကြောက်စရာကောင်းပြီး အန္တာရာယ်များလိမ့်မည်ဟု သူ ခပ်ရေးရေးလေး ကြိုမြင်နေသလိုပါပဲ။
အတန်းချိန် အတွင်း ရုတ်ရုတ်သဲသဲဖြစ်သွားခြင်းက အသေးအဖွဲ ဖြစ်ရပ်လေးသာ ဖြစ်သောကြောင့် စုယန်ယန်သည် ခေါင်းထဲ သိပ်မထည့်ခဲ့ပေ။
သူတို့ သေချာ မသိခဲ့တာကတော့ သူတို့ကြားမှာ ဖြစ်ပျက်သမျှ အရာအားလုံး သိပ်မကြာခင်မှာပဲ ဟောက်ချန်ဟွမ်းရဲ့ နားထဲ ပြန်ရောက်တယ် ဆိုတာပါ။
" တစ်စုံတစ်ယောက်က ယန်ယန့်ကို လူကြားထဲမှာ ချစ်ရေးဆိုခဲ့တယ် .. ဟုတ်လား။ "
" ဟုတ်ကဲ့။ တစ်မနက်တည်း ရှိသေးတာတောင်မှ သခင်မလေးက ကျောင်းသူ ၊ ကျောင်းသူတွေကြားမှာ အရမ်း နာမည်ကြီးတယ် ဆိုတာ ကျွန်တော် ပြောနိုင်ပါတယ်။ အထူးသဖြင့် ကျောင်းသားတွေကြားမှာပါ … "
ထက်မြက်သော အမျိုးသမီးတွေက ကျော်ကြားကာ ထက်မြက်လှပသော အမျိုးသမီးတွေကတော့ သူတို့ သွားရာ နေရာတိုင်းမှာ အာရုံစိုက်တွေရဲ့ အလယ်ဗဟို အလိုလို ဖြစ်သွားကြသည်။
ကျိုးယန်ပိုင်သည် သူတို့ သခင်မလေးဟာ အတန်းထဲကို ဝင်သွားသည့် အခိုက်အတန့်မှာပဲ ယောက်ျားလေးများစွာရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ထားခဲ့ပြီ ဆိုတာ သေချာ မြင်နိုင်သည်။
သူမ စင်မြင့်ပေါ်၌ စကားပြောနေချိန်မှာ တကယ့်ကို အရောင်တွေ ဖြာထွက်နေတယ် ဆိုတာကိုတော့ ထည့်မပြောတော့ပါဘူး။
သခင်လေး၏ ပွင့်လင်းခြင်းက လူ တချို့ကို အသည်းခွဲနိုင်ခဲ့လောက်သော်လည်း လူတိုင်းရဲ့ စိတ်ဝင်စားမှုကို အပြီးသတ်ရန် မလုံလောက်ခဲ့ပေ။ အလျှော့မပေးမယ့် တစ်ယောက် ၊ နှစ်ယောက် ရှိနေနိုင်လောက်သည်။
ထိုစကားကို ကြားသောအခါ ဟောက်ချန်ဟွမ်း၏ မျက်လုံးတွေ အရောင်လက်သွားပေမဲ့ သူ့အမူအရာကတော့ ပြောင်းလဲမသွားခဲ့ပေ။ " နားလည်ပြီ။ တစ်ယောက်ယောက်ကို သူမနောက် ဆက်လိုက်ခိုင်းထားလိုက်ပါ။ "
ကျိုးယန်ပိုင်သည် ပါးစပ်ဟလိုက်သော်လည်း အဆုံးသတ်မှာ ဘာမှ မပြောခဲ့ပေ။ သူ နာခံစွာ ခေါင်းညိတ်ကာ လှည့်ထွက်လာခဲ့လိုက်သည်။
ဟောက်ချန်ဟွမ်း၏ ရင်ခွင်ထဲမှာ သက်သောင့်သက်သာ ငြိမ်နေသော ခွေးကလေးက ဟောက်ချန်ဟွမ်း၏ လက်ကို ရိုက်လိုက်သည်။ သူလေးရဲ့ မျက်လုံးထဲမှာ စိတ်ပျက်မှုတွေ ပြည့်နှက်နေခဲ့သည်။
သခင်မလေးက အပြင်မှာ ပျားတွေ ၊ လိပ်ပြာတွေကို ဆွဲဆောင်နေတာတောင်မှ သူခွေးအဖေကတော့ ဘယ်လို အန္တာရာယ် အငွေ့အသက်မျိူကိုမှ မခံစားရသေးပါ။ အဲ့ဒါ တကယ် စိုးရိမ်စရာကောင်းသည်။ အနာဂတ်ကျ သူ့ခွေးအဖေရဲ့ ခေါင်းပေါ်မှာ မြက်စိမ်းစိမ်းလေးတွေ အကွက်လိုက်ကြီး ပေါက်လာတဲ့အခါ သူ အဲ့ဒါကို နောင်တရပါလိမ့်မည်။