အခန်း ၄၅၃
Vol. 31 Ch. 453
အခန်း ( ၄၅၃ ) တိုက်ရိုက် တုံ့ပြန်မှု
အကြိမ် အနည်းငယ် အလိမ်ခံရပြီးနောက်မှာ လူများစွာသည် " ဟိုလိုဂရပ်ဖစ် " ဆိုတဲ့ စကားလုံးဟာ " အလိမ်အညာ " ဆိုတဲ့ စကားလုံးနှင့် အတူတူပဲလို့ ထင်သွားခဲ့ကြသည်။
ဤကြော်ငြာကို ကြည့်အပြီးတွင် ဒါကလည်း နောက်ထပ် အလိမ်အညာ တစ်ခုပဲလားလို့ သူတို့ သိချင်ခဲ့ကြ၏။
ကျေးဇူးတင်စရာကောင်းစွာဖြင့် ' အဆုံးမဲ့အိပ်မက် ' ဟူသော နာမည်က သူတို့အား အနည်းငယ် စိတ်ချယုံကြည်သွားစေခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု ခေတ်ကာလရဲ့ ကျော်ကြားမှုကြောင့် တကယ် မရှိတဲ့ အရာတွေကို တကယ် ရှိနေသလို ခံစားရစေသော ပုံရိပ်ယောင် စက်ကို တီထွင်ထုတ်လုပ်ခဲ့ခြင်းက လူများစွာကို ဤကုမ္ပဏီအား မှတ်မှတ်ရရ ဖြစ်နေစေသည်။
ပုံရိပ်ယောင် ဆက်သွယ်မှု တစ်ခုကို အမှန်တကယ် အနံ့ခံနိုင် ၊ စားနိုင်ပြီး ဒီခေတ်ကိုပင် တိုးတက်စေနိုင်သော အရာ တစ်ခု ဖြစ်လာစေခဲ့တာ ထိုကုမ္ပဏီပဲ ဖြစ်ပါသည်။
လူ တချို့က ထိုအချိန်မှ စ၍ တစ်စုံတစ်ယောက်ကသာ တစ်နေ့မှာ ပုံရိပ်ယောင်တွေကို လက်တွေ့စင်စစ် ဖြစ်လာအောင် အသွင်ပြောင်းနိုင်လျှင် ထိုလူက သေချာပေါက် အဆုံးမဲ့အိပ်မက် ကုမ္ပဏီမှ လူပဲ ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားခဲ့ကြသည်။
အခုတော့ ထိုခန့်မှန်းချက်က လက်တွေ့ ဖြစ်လာခဲ့ပါပြီ။ သူတို့က ဟိုလိုဂရပ်ဖစ် ပုံရိပ်တွေ ပါဝင်သော ဟိုလိုဂရပ်ဖစ် ဂိမ်းကို တကယ်ပဲ တီထွင်ထားသည်။
[ ငါ ဒီကုမ္ပဏီရဲ့ နောက်ခံကို ရှာကြည့်ရသလောက်ဝောာ့ ဒီကုမ္ပဏီက တော်တော်လေး ပဟေဋိဆန်တယ်လို့ ထင်တယ်။ ဘယ်ကနေ ပေါ်လာမှန်း မသိတဲ့ ကုမ္ပဏီလေး တစ်ခုက ရုတ်တရက်ကြီး ပုံရိပ်ယောင် စက်ကို ဖန်တီးခဲ့တယ် ၊ ပြီးတော့ အခု ဟိုလိုဂရပ်ဖစ်ကို ထပ်ဖန်တီးနေသလိုပဲ။ ငါ ရုတ်တရက် နည်းနည်း စိတ်ဝင်စားလာသလို ခံစားရတယ်။ ]
[ ငါတော့ ဘာမှ ဂရုမစိုက်ဘူး။ ကြော်ငြာကို ကြည့်ရုံနဲ့ ငါ အဲ့ဂိမ်းကို ဆော့ချင်နေပြီ။ အများဆုံးမှ ငါ ထပ်အလိမ်ခံရရုံပဲ ရှိတယ်။ ကျေးဇူးပြုပြီး ဒီဂိမ်းရဲ့ URL ကို ငါ ဘယ်လို ဝယ်ရမလဲ ဆိုတာနဲ့ ဂိမ်းဆော့တဲ့ အာကာသယာဉ်ပုံစံ အခန်းရယ် ၊ ဂိမ်းဆော့တဲ့ ဦးထုပ်ရယ်ကို ဘယ်လို ဝယ်ရမလဲ ဆိုတာ မေးပေးကြပါ။ ]
[ ဝေဝေက အရမ်း မိုက်တယ်ဟေ့။ ရုပ်ရှင်ဘုရင်လော့ကလည်း လက်ဖျားခါလောက်တယ်။ ဒီဂိမ်းကို ငါတို့ ဝေဝေက ကြေညာထားတဲ့အပြင် ဂိမ်းထဲက နောက်ခံမြင်ကွင်းတွေကလည်း အရမ်း လှလို့ ငါ ဆော့ချင်လှပြီ။ ငါ ဝေဝေနဲ့အတူ ဂိမ်းဆော့ချင်တယ်။ ]
ဆန့်ကျင်မုန်းတီးသူများသည် လော့ဝေပင်းကို တိုက်ခိုက်ရန် ဒီကြော်ငြာကို အသုံးချလို့ မရမှန်း သိသွားပြီးနောက် ဟိုလိုဂရပ်ဖစ် ဟူသော နာမည်ကိုသာ သုံးထားသည့် သာမန် ဂိမ်း တစ်ခု ဖြစ်နေသည်ဟု ဆိုကာ ဂိမ်းကို စတင် ပြက်ရယ်ပြုခဲ့ကြသည်။ ဦးနှောက်မရှိတဲ့ ပရိသတ်တွေ အများကြီးက အဲ့လို ဂိမ်းကို ယုံကြည်နေကြပါသည်။ သူတို့က ပိုက်ဆံသာ ရှိကာ အလွန် မိုက်မဲညံ့ဖျင်းကြ၏။
လော့ဝေပင်းရဲ့ ပရိသတ်တွေကတော့ ဂရုမစိုက်ကြ။ သာမန် ဂိမ်း တစ်ခုသာ ဆိုလျှင် သူတို့တွေ အနည်းငယ် စိတ်ပျက်သွားနိုင်သော်လည်း ဒါက ဟိုလိုဂရပ်ဖစ် ဂိမ်း ဖြစ်သည်။ ဂိမ်းသမားတိုင်းရဲ့ အိပ်မက် ဖြစ်တဲ့ ကမ္ဘာ့ပထမဆုံး ဟိုလိုဂရပ်ဖစ် ဂိမ်းပင်။
သူတို့ရဲ့ အိုင်ဒေါက အလိမ်အညာ ဂိမ်း တစ်ခုကို ဘာမှ ဂရုမစိုက်ဘဲ ထောက်ခံပေးမှာ မဟုတ်ဘူး ဆိုတာ သူတို့ ယုံသည်။ ထို့ကြောင့် ဒီဂိမ်းဟာ အစစ်အမှန် ဂိမ်း တစ်ခု ဖြစ်ဖို့ ရာခိုင်နှုန်း များ၏။ မဟုတ်ရင် ဂိမ်းကို တရားဝင် ဖြန့်ချီမည့် နေ့သို့ ရောက်ရန် ဘယ်လောက်မှ မလိုတော့ချိန်မှာ အွန်လိုင်း ကြေညာမှုကို လုပ်မှာ မဟုတ်ပေ။
တကယ်ပဲ အစစ်အမှန် ဖြစ်နေမည် ဆိုလျှင် မဝေးတော့သည့် အနာဂတ်မှာ ထိုဂိမ်း ဘယ်လောက် ကျော်ကြားနိုင်မလဲ ဆိုတာ သူတို့ စိတ်ကူးကြည့်လို့ ရသည်။ ဒီဂိမ်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက် ဖြစ်တဲ့ လော့ဝေပင်းကရော ဘယ်လို ကျော်ကြားမှုတွေ ၊ အကျိုးအမြတ်တွေကို ရမှာပါလိမ့်။
ထိုအကြောင်းကို နားလည်သွားချိန်မှာ လော့ဝေပင်းရဲ့ ပရိသတ်များသည် စိတ်အေးသွားခဲ့ကြသည်။ သူတို့မှာ ခွေးရူး တစ်ကောင်လို မဲမဲမြင်ရာ လိုက်ကိုက်ချင်နေတဲ့ ဆန့်ကျင်မုန်းတီးသူတွေကို လှောင်ရယ်ရန် နှာတစ်ဖျားသာနေသည်။
လော့ဝေပင်းကို သူတို့တွေ ဘယ်လောက်ပဲ ကြိမ်းမောင်းနေပါစေ ၊ အနာဂတ်မှာ သူက အောင်မြင်ကျော်ကြားလာလိမ့်မည်။
အဲ့ဒီ အတွေးကြောင့် ဘာကိုမှ သတိမရတော့ဘဲ ပျော်ရွှင်မှုပင်လယ်ထဲမှာ လက်ပစ်ကူးနေကြသော ပရိသတ်များ ပျော်လို့ မဝသေးခင်မှာပဲ ခုနတုန်းကမှ ဆိုးဝါးစွာ အကြိမ်းမောင်းခံထားရသော လော့ဝေပင်းသည် နောက်ဆုံးမှာ လူလုံးထွက်လာကာ သူ့ကို စွပ်စွဲပြောဆိုထားသည့် မဟုတ်မမှန် စကားတွေကို တုံ့ပြန်ရန် ဝေ့ပေါ် မက်ဆေ့ခ်ျ အရှည်ကြီး တစ်စောင်ကို ပို့ခဲ့လေသည်။
ပထမဆုံးအနေနှင့် သူ့ကို သမ္ဘာရင့် ဝါရင့် သရုပ်ဆောင်ကြီး တစ်ယောက်လို ပုံစံဖမ်းကာ ဒရာမာရဲ့ အဓိက ဇာတ်လိုက် လုပ်ပေးရန် သဘောတူထားပြီးမှ ရိုက်ကူးရေး မစခင်မှာ ကတိဖျက်သွားသည်ဟု စွပ်စွဲထားသော ရိုက်ကူးရေးအဖွဲ့သို့ ဦးတည်ချေပထားသည်။
လော့ဝေပင်းက သူ ထိုရုပ်ရှင်ထံမှ ဖိတ်ကြားချက်ကို တကယ် ရခဲ့သော်လည်း ဟိုးအစကတည်းက အဲ့ဒီ ဖိတ်ကြားချက်ကို ဒါရိုက်တာရှေ့မှာ ငြင်းထားတာပါဟု ပြောခဲ့သည်။
ထိုအချိန်တုန်းက ကုမ္ပဏီဟောင်းနှင့် သူ့စာချုပ်သက်တမ်းက တစ်လတောင် မကျန်တော့။ သူ့မန်နေဂျာက သူနှင့် ညှိနှိုင်းရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း သူကတော့ ကုမ္ပဏီဟောင်းနှင့် သူ့စာချုပ်ကို သက်တမ်းပြည့်ကာ ဆုံးခန်းတိုင်သွားတဲ့ အထိ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တာ ဖြစ်သည်။
ထို့ကြောင့် သူ ထိုရုပ်ရှင်မှာ ပါဝင်ရန် ဘယ်တုန်းကမှ လကမမခံခဲ့ဖူးသလို ရိုက်ကူးရေးအဖွဲ့အား စာနှင့်လည်း ကတိပေးမထား ၊ နှုတ်နှင့်လည်း ကတိပေးမထားခဲ့။ အဲ့ဒါတောင် သူတို့က သူ့ကို အပြစ်ပုံချချင်နေသေးတယ် ဆိုရင် သူ့မှာ ဘာမှ ပြောစရာ မရှိတော့ပါ။