အခန်း ၄၅၈
Vol. 31 Ch. 458
အခန်း ( ၄၅၈ ) ဒေါသူပုန်ထခြင်း
လော့ဝေပင်းရဲ့ ပရိသတ်တွေ ဒေါသအမျက်ခြောင်းခြောင်း ထွက်သွားကြသည်။ တုန်ချမ်းသည် ဆေးရုံမှာ လော့စစ်ချီကို လူနာသတင်း မေးနေသော စုယန်ယန်အား ရိုက်ထားသည့် ဗီဒီယိုသည် ထပ်တင်ခဲ့သည်။
ဆေးရုံရှိ သူနာပြု တစ်ယောက်က ထိုဗီဒီယိုကို ရိုက်ထားခဲ့တာ ဖြစ်၏။ သူမက လော့ဝေပင်းရဲ့ ပရိသတ်မို့ လော့ဝေပင်းက စုယန်ယန်နှင့် တခြား လူတွေအား လော့စစ်ချီကို လူနာသတင်း မေးရန် ခေါ်လာတာကို မြင်သောအခါ သူမရဲ့ သီးသန့် အမှတ်တရလေး အဖြစ် ထိုမြင်ကွင်းကို တိတ်တိတ်လေး မှတ်တမ်းတင်ထားခဲ့လေသည်။
မျှော်လင့်မထားစွာဖြင့် ထိုဗီဒီယိုက အရေးကြီး သက်သေ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပါပြီ။ သို့သော်လည်း လော့ဝေပင်း အကြောင်း ကောလဟာလ အတင်းအဖျင်းတွေ စပြီး ပြန့်နေချိန်ကတည်းက သူတို့ရဲ့ အပြစ်ကင်းမှုကို သက်သေပြရန် အတွက် ဒီဗီဒီယိုကို ချပြဖို့ သူမ ကြိုးစားခဲ့သည်။
သူမ အဲ့ဒါကို တင်ခဲ့သော်လည်း ၂ မိနစ်တောင် မပြည့်သေးခင်မှာပဲ ဖျက်ချခံလိုက်ရပြီး သူမရဲ့ အကောင့်လည်း ဘလော့ခ်ခံလိုက်ရသည်။
ထိုအချိန်မှာ ဒီပြဿနာဟာ မရိုးရှင်းကြောင်း သူမ နားလည်သွားခဲ့ပြီ ဖြစ်သည်။ နောက်ကွယ်မှာ လော့ဝေပင်းကို ဒုက္ခပေးချင်နေသူ တစ်ယောက် သေချာပေါက် ရှိလိမ့်မည်။
သူမက အကျိုးအကြောင်းကို ဆင်ခြင်တွေးတောပြီးနောက် ထိုဗီဒီယိုကို တုန်ချမ်း၏ တရားဝင် အကောင့်သို့ ပို့လိုက်သည်။
အစတုန်းကတော့ တရားဝင် အကောင့်မှာ အီးမေးလ်တွေ ပြည့်နေတာကြောင့် သူမ ပို့ထားတာကို ခဏလေးနှင့် သတိထားမိသွားမှာ မဟုတ်ဘူးလို့ စိုးရိမ်ခဲ့ပေမဲ့ တစ်မိနစ်တောင် မပြည့်လိုက်ဘဲ တုန်ချမ်းဘက်ကနေ သူမကို အကူအညီ အတွက် ကျေးဇူးတင်ကြောင်း စာပို့လာခဲ့ပြီး ပြဿနာ ဖြေရှင်းပြီးသွားလျှင် သူမကို လော့ဝေပင်း ရိုက်ကူးထားသော အနုပညာလက်ရာ ဒရာမာ ဇာတ်လမ်းတွဲတွေ အပြင် ငွေပမာဏ တစ်ခုကိုလည်း ပေးမည် ဖြစ်ကြောင်း ကတိပေးခဲ့သည်။
ဗီဒီယို ကြာမြင့်ချိန်က ၂ မိနစ် မပြည့်ပါ။ လော့ဝေပင်း ပြောထားသလိုပင် ဆေးရုံမှာ သူတို့ နှစ်ယောက်တည်း ရှိနေတာ မဟုတ်ဘဲ ရှားကျွင်းရှန်နှင့် တခြား လူတွေလည်း ရှိနေခဲ့သည်။
စုယန်ယန်က လော့စစ်ချီ၏ ကျန်းမာရေး အခြေအနေကို ပထမဆုံး မေးမြန်းခဲ့သည်။ သူမလေး တဖြည်းဖြည်း သက်သာလာပြီ ဆိုတာ သိသွားတော့ လော့ဝေပင်းကို နှစ်သိမ့်ပေးပြီး သူ့ညီမကို သေချာ ဂရုစိုက်ပေးရန် ပြောခဲ့သည်။ သူမက သူ့ကို အလုပ်ကို ပြန်သွားဖို့ မလောဆော်ခဲ့။
လော့ဝေပင်းရဲ့ ပရိသတ်များသည် ထိုဗီဒီယိုကို မြင်သောအခါ စိတ်ထဲမှာ နင့်နင့်သည်းသည်း ခံစားသွားခဲ့ကြရသည်။ သူတို့ အိုင်ဒေါဟာ နောက်ဆုံးတော့ ဘော့စ်ကောင်း တစ်ယောက်ကို ရှာတွေ့သွားပြီလို့ သူတို့ ခံစားနေကြရ၏။
[ အဟင့် အဟင့် အဟင့်။ ငါ အသံဖိုင်ကို ကြားတုန်းက အကြီးအကျယ် ဒေါသထွက်နေခဲ့ပေမဲ့ ဒီဗီဒီယိုကို မြင်တော့ ငါ ငိုချင်စိတ်ကို ထိန်းလို့ မရဘူး။ ကမ္ဘာပေါ်မှာ လူကောင်းတွေ အများကြီး တကယ် ရှိနေတာပဲ။ ငါ့အိုင်ဒေါနဲ့ သူ့ညီမလေး နောက်ဆုံးတော့ အရာရာကို ဖြတ်ကျော်နိုင်ခဲ့ပြီ။ ]
[ ဟဲဟဲ ၊ လူ တစ်ယောက်ကဝောာ့ တခြား လူတွေကို နာမည်ဖျက်ဖို့ တကယ့်ကို ယုတ်မာတဲ့ အတွေးတွေ ၊ ရက်စက်တဲ့ စကားတွေကို ပြောပြီး သူများ အသုံးချတာကို ခံရဖို့ အတွက် ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ကူညီပေးနေခဲ့တယ်။ နောက်တစ်ယောက်ကကျ ရွံရှာစက်ဆုပ်စရာ လုပ်ရပ်ကို လုပ်ခဲ့တာ သိသာနေရက်သားနဲ့ သူမကိုယ်သူမ ဘာအပြစ်မှ မရှိတဲ့ ကြာပန်းဖြူလေးလို ပုံစံပေါက်အောင် ဇွတ်ငြင်းနေတယ်။ သူမက သူတို့တွေ ဘယ်လောက်တောင် " လူသားဆန်ပြီး ကြင်နာတယ် " ဆိုတာကို လူတိုင်း သိပါစေလို့ ဆုတောင်းနေတာ။ နင် အဲ့လို တွေးနေရင်တော့ တကယ် ဟာသပဲနော်။ ]
[ အပေါ်က ကွန်းမန့် မန့်သူရေ ၊ လူသားဆန်တဲ့ လူတွေ ဆိုတာ လုံးဝ သွားယှဉ်လို့ မရဘူး။ ငါ့အိုင်ဒေါ သူ့ကုမ္ပဏီ အသစ်ကို ဘာလို့ အရမ်း ကာကွယ်နေလဲ ဆိုတာ မအံ့ဩတော့ပါဘူး။ ဒီဗီဒီယိုရယ် ၊ ဟိုတလောတုန်းက ခွေးကုမ္ပဏီ ထုတ်ပြန်ထားတဲ့ ရူးကြောင်ကြောင် ထုတ်ပြန်ချက်ရယ်ကို ယှဉ်ကြည့်ရင် ငါ အော်ဂလီဆန်လာတယ်။ တုန်ချမ်းရဲ့ လက်ရှိ ဘော့စ်က နတ်သမီးလေး တစ်ပါးပဲလို့ ငါ ကြားထားတယ်။ သူမက ကာကွယ်ပေးတတ်ပြီး လှပတယ်။ ငါ အရင်တုန်းက အဲ့အကြောင်း သိပ်မတွေးခဲ့မိပေမဲ့ နောက်ဆုံးတော့ အခု ငါ ယုံသွားပြီ။ အဟင့် အဟင့် အဟင့်။ ငါလည်း ဒီလို စိတ်ထားပြည့်ဝတဲ့ ဘော့စ် တစ်ယောက် လိုချင်တယ်။ ]
[ တစ်နေကုန် ပွဲကြည့်သူ တစ်ယောက် ဖြစ်ပြီးတဲ့နောက်မှာ ဒေါသထွက်လွန်းလို့ ဗိုက်တောင် အောင့်လာတဲ့ အထိပဲ။ ငါ ဒီဗီဒီယိုကို မြင်တော့ ကြောက်လည်း ကြောက်သွားတယ် ၊ စိတ်လည်း အေးသွားတယ်။ ကံကောင်းစွာနဲ့ ဒီတစ်ခေါက် ငါ့အိုင်ဒေါ စာချုပ် ချုပ်ခဲ့တဲ့ ကုမ္ပဏီက ကုမ္ပဏီကောင်း တစ်ခုပဲ ၊ သူ့ဘော့စ်ကလည်း စိတ်ထားပြည့်ဝတယ်။ အဲ့လို မဟုတ်ဘဲနဲ့ မကောင်းတဲ့ သူတောင်းစားတွေရဲ့ ရည်ရွယ်ချက်ရှိရှိ အကွက်ကျကျ စီစဉ်ထားတာတွေကိုသာ သူ့ဘော့စ် တောင့်မခံနိုင်ရင် ငါ့အိုင်ဒေါရဲ့ ကြယ်ပွင့် အနာဂတ်ကဝောာ့ မတွေးရဲစရာပဲ။ ]
[ ငါ ဒီလို ပြောတာ နည်းနည်းလေး တည့်တိုးဆန်မလား မသိပေမဲ့ တုန်ချမ်းက သူတို့ရဲ့ ဘော့စ်ကို ဒီပြဿနာထဲ ဆွဲမထည့်ဘဲ ငါတို့ အိုင်ဒေါကိုသာ ရည်ရွယ်ထားရင် အခုလောက် ဒေါသထွက်ချင်မှ ထွက်မှာ။ ဒီဟာသပြဇာတ်ကို စီစဉ်ထားတဲ့ ခွေးကုမ္ပဏီက ရာထူးကြီးပုဂ္ဂိုလ်တွေ အခု ဒေါသထွက်နေကြပြီလားလို့ ငါ သိချင်တယ်။ အဲ့အကြောင်း တွေးကြည့်ရုံနဲ့ ငါ ပျော်သွားတယ်။ ]
[ ဟဟဟ။ အခု နင် အဲ့လို ပြောမှ ငါလည်း အဲ့ဒါကို ရုတ်တရက် သိချင်သွားပြီ အပေါ်က ကွန်းမန့် မန့်သူရေ။ ခွေးကုမ္ပဏီရဲ့ ရာထူးအကြီးပိုင်းက လူတွေနဲ့ ငါတို့ အိုင်ဒေါရဲ့ မန်နေဂျာဟောင်းတို့ ဒေါသထွက်လွန်းလို့ နှာခေါင်းတွေ ရွဲ့စောင်းသွားကြပြီလား ဆိုတာ ငါ သိချင်လိုက်တာ။ တွေးကြည့်ရုံနဲ့ ကျေနပ်စရာကောင်းတယ်။ ]