အခန်း ၄၅၉
Vol. 31 Ch. 459
အခန်း ( ၄၅၉ ) ခင်ပွန်းထိ ဓားကြည့်
လော့ဝေပင်းကို နင်းချေပစ်ရန် ဤအဖြစ်အပျက်ကို အသုံးပြုချင်ခဲ့ကြသော သူ့ကုမ္ပဏီဟောင်းနှင့် မန်နောဂျဟောင်းတို့ အားလုံး ဒေါသပေါက်ကွဲနေခဲ့ကြသည်။
လော့ဝေပင်းကို လူမသိသူမသိ ကုမ္ပဏီ သေးသေးလေး တစ်ခုနှင့် စာချုပ် ချုပ်ခဲ့တာလို့ သူတို့ ထင်ခဲ့ကြတာ ဖြစ်သည်။ တုန်ချမ်းမှာ ရုပ်ရှင်ဘုရင်မ တစ်ယောက်နှင့် ကောင်းကင်ဘုံမှ လာသော ရုပ်ရှင်ဘုရင် တစ်ယောက် ရှိနေသော်လည်း သူတို့ အဲ့ဒါကို လေးလေးနက်နက် မတွေးခဲ့ကြပေ။
အထူးသဖြင့် ထိုကုမ္ပဏီရဲ့ တာဝန်ရှိသူက အမျိုးသမီး တစ်ယောက်မှန်း သူတို့ သိသွားပြီးနောက် သူမကို အလိုလို အထင်သေးသွားခဲ့ကြသည်။
မိန်းမ တစ်ယောက်က ဘာလုပ်နိုင်မှာမို့လို့လဲ။
သို့သော်လည်း လက်တွေ့ အမှန်တရားကတော့ သူတို့ရဲ့ မျက်နှာကို ဖြန်းခနဲ ဖြတ်ရိုက်သွားခဲ့သည်။
ပြဿနာကို ဖန်တီးချင်ခဲ့သော ထိုလူများသည် ဆုံးရှုံးမှုတွေ အများကြီးကို ခံစားခဲ့ကြရ၏။ လူတွေ ဝိုင်းသနားတာကို ခံခဲ့ရရုံသာမက သူတို့ လုပ်ခဲ့သော လုပ်ရပ်များကိုလည်း ထုတ်ဖော်ခံခဲ့ရသည်။
လူတိုင်းက ဒေါသတကြီး အံကြိတ်ခဲ့ကြပြီး နောက်ဆက်တွဲ အစီအစဉ်ကို ညှိနှိုင်းဆွေးနွေးရန် အတွက် အမြန် အစည်းအဝေး လုပ်ခဲ့ကြသည်။
သို့သော် သူတို့ အစီအစဉ် မချနိုင်သေးခင်မှာပဲ စုယန်ယန်က သူတို့ကို စစ်ကြေညာခဲ့ပြီ ဖြစ်သည်။
ဟောက်မိသားစုရဲ့ စုစုလေး : ကျွန်မက စိတ်ထားကောင်းတဲ့ လူမျိုး မဟုတ်ဘူး။ ကျွန်မ လုပ်နိုင်တယ် ဆိုရင် စကားတွေ အများကြီး ပြောနေမှာ မဟုတ်သလို ကွေ့ဝိုက်နေမှာလည်း မဟုတ်ဘူး။ ရာသီဥတု အေးတယ်နော် ၊ ဒါ လွေ့ယွီ အတွက် ဒေဝါလီခံဖို့ အချိန်ပဲ။ [ ဟီးဟီး ]
လွေ့ယွီက လော့ဝေပင်းရဲ့ အေဂျင်စီဟောင်း နာမည် ဖြစ်သည်။
စုယန်ယန် တင်ထားသော Post ကို မြင်သောအခါ အကုန်လုံး ဆွံ့အသွားခဲ့ကြသည်။
[ သေစမ်း ၊ ဒါ ဘယ်လိုဝောာင် ဝင့်ထည်လိုက်တဲ့ ကြေညာချက်လဲ။ သူမက တကယ်တမ်းမှာ အမျိုးသမီး ဥက္ကဌ တစ်ယောက် ဖြစ်နေတာတောင်လေ။ ထူးထူးခြားခြား စိတ်လှုပ်ရှားစရာကောင်းနေတာပဲ။ ]
[ မင်းတို့က ငါ့အနုပညာရှင်နဲ့ လာရှုပ်ရဲတယ်ပေါ့။ ငါ မင်းတို့ကို ဒေဝါလီခံသွားရအောင် လုပ်ပြမယ်။ သူ့လက်အောက်က အနုပညာရှင် တစ်ယောက် အတွက် အပြည့်အဝ ကာကွယ်ပေးနေတာပဲ။ ငါတော့ ဒီဘော့စ်ကို ချစ်သွားပြီ။ ]
[ ခုနတုန်းက ကွန်းမန့် မန့်သူရေ ၊ နင် ပရိသတ် အယောင်ဆောင်နေတာလား။ နင် ဥက္ကဌစုရဲ့ ခင်ပွန်းကို အိုမင်းရင့်ရော်ပြီး အရုပ်ဆိုးတယ်လို့ သေချာပေါက် ပြောခဲ့တာမို့လို့ ငါ နင့်ကို ဒီတိုင်း ကျော်မသွားပေးဘူး။ အဆုံးမရှိတဲ့ ထာဝရ အချစ် ဆိုတာ ဒါပဲ။ လူမှားပြီး လာမရှုပ်နဲ့။ ]
[ အပေါ်က ကွန်းမန့် မန့်သူ ပြောတာ မှန်တယ်။ အဲ့တစ်ယောက်က ဥက္ကဌစုနဲ့ သူမရဲ့ ခင်ပွန်းကို မင်းနဲ့အတူ တစ်ပါတည်း ဆွဲချသွားစေချင်နေတာ။ ဥက္ကဌစုက သူတို့တွေကို ဒေဝါလီခံရအောင် မလုပ်ဘူး ဆိုရင် သူမရဲ့ မျိုးရိုးနာမည်က စု မဟုတ်တော့ဘူး။ သူမကို မင်းတို့ လုပ်ချင်တာ မှန်သမျှ လုပ်လို့ ရမယ်လို့ ထင်နေတာလား။ ]
[ ဟဟဟ။ ဘာမဟုတ်တဲ့ ရူးကြောင်ကြောင် ကွန်းမန့် တစ်ခုကို ငါ တကယ်ကြီး စိတ်ထဲ ထည့်နေမိတာပဲ။ ငါ မိုက်မဲရာကျသွားလား။ ]
[ ဒီနေ့က စပြီး အိုင်ဒေါပင်းက ဥက္ကဌစုနဲ့ ဥက္ကဌစုရဲ့ ခင်ပွန်း အတွက် စုံတွဲပရိသတ် ဖြစ်တော့မှာများလား။ အဲ့လူတွေ အကုန်လုံးကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်ပါ ဥက္ကဌစုရေ။ မကောင်းဆိုးဝါးလို လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ အဲ့ဒီ ရူးမိုက်တဲ့ လူတွေကို ရှင်းထုတ်ပစ်လိုက်။ ]
စုယန်ယန်သည် သူတို့ သုံးယောက် ပြောထားသလိုပင် သူမရဲ့ ခင်ပွန်း အတွက် Post တင်ထားခဲ့သည်။
သူမ တစ်ယောက်တည်းကိုပဲ စော်ကားခဲ့တယ် ဆိုရင်တော့ ဒီတိုင်း ကျော်သွားပေးလိုက်မှာပင်။ အဲ့လို အရူးတွေနှင့် သူမ အချိန်မဖြုန်းချင်ပါ။
ဒါပေမဲ့ ကိစ္စတွေက အခုအချိန်မှာ ကွာခြားသွားပြီ ဖြစ်ကာ သူမရဲ့ ခင်ပွန်းကိုပါ ပြဿနာထဲ ဆွဲထည့်ခဲ့သည်။ သူတို့သည် သူမရဲ့ ခင်ပွန်းကို လူတွေ အများကြီးထံမှ ကြိမ်းမောင်းခံရအောင် လုပ်ခဲ့လျက် အိုမင်းရင့်ရော်ပြီး အသက်ကြီးနေတယ်လို့ပင် ပြက်ရယ်ပြုခဲ့ကြသည်။ သူမ ဒီကိစ္စကို ဒီတိုင်း ကျော်သွားမပေးနိုင်ပါဘူး။
ခင်ပွန်းထိ ဓားကြည့် စုယန်ယန်သည် ထိုခွေးကုမ္ပဏီနှင့် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ အရင် နောက်ကြောင်းပြန်လှည့်တဲ့ လူက ခွေးပဲ။
စုယန်ယန်ရဲ့ ဝေဖန်ချက်တွေကို သည်းခံမနေနိုင်သော ဖြောင့်မတ်သူ တချို့လည်း ရှိပါသည်။ သူတို့က စုယန်ယန်ဟာ တခြား လူတွေကို အနိုင်ကျင့်နေသည်ဟု စတင် ထင်မြင်လာခဲ့ကြသည်။
[ ယို့ ယို့ ယို့ ယို့ ၊ နောက်ဆုံးတော့ တိုက်ပွဲ စတော့မယ်။ လွေ့ယွီကို ကုမ္ပဏီလေး တစ်ခုက စိန်ခေါ်ရဲတာပဲ။ ဘယ်သူက ဘယ်သူ့ကို နင်းချေပစ်မလဲ ဆိုတာ ပြောရခက်တယ်။ ရူးမိုက်တဲ့ ဒီအမျိုးသမီးရဲ့ မျက်နှာ ဖြတ်အရိုက်ခံလိုက်ရမှာကို စောင့်ကြရအောင်။ ]
[ သူမမှာ ချမ်းသာတဲ့ ခင်ပွန်း ရှိလို့ အရမ်း စိတ်ကြီးဝင်နေတာလား။ အဲ့ဒါ ဘာဂုဏ်ယူစရာ ရှိလို့လဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့တွေ အကုန်လုံးက ပုလင်းတူ ဘူးဆို့တွေပဲ။ လော့ဝေပင်းရဲ့ ပရိသတ်တွေက ဦးနှောက်မရှိကြဘူး။ သူမက မင်းတို့ အိုင်ဒေါနဲ့ အတူ အိပ်ချင်လို့ သူ့ကို ကူညီပေးနေတာ ဖြစ်နိုင်တယ်။ သူမကိုယ်သူမ တကယ်ပဲ စိတ်ထားပြည့်ဝတယ်လို့ ထင်နေတဲ့ ပုံပဲ။ ဦးနှောက်မရှိလိုက်တာ။ ]
[ အဟက် ၊ ဒီအမျိုးသမီးက အစကတည်းက လူကောင်း တစ်ယောက်နဲ့ မတူပါဘူး။ အပျော်လင်လေး တစ်ယောက်ကို လူမသိသူမသိ တိတ်တိတ်လေး ဖွက်ထားဖို့ သူမခင်ပွန်းရဲ့ ပိုက်ဆံတွေကို သုံးနေတာ ဖြစ်ရမယ်။ အဲ့အကြောင်း လူတွေ သိသွားရင်တောင်မှ သူမက ငွေနဲ့ ဖုံးလို့ ရတယ်လေ။ ငွေရဲ့ အင်အား ဆိုတာ တကယ်တော့ ငါတို့လို သာမန် လူတွေ စိတ်ကူးကြည့်လို့ မရတဲ့ အရာမျိုးပဲ။ ]
လူ တချို့က ထိုကဲ့သို့ ပြောနေခဲ့ကြပြီး သူတို့ ယုံချင်တာကိုသာ မျက်စိမှိတ် ယုံနေခဲ့ကြသည်။ အမှန်တရားက ဘယ်လိုပါလို့ တခြား လူတွေ ဘယ်လောက်ပဲ ရှင်းပြနေပါစေ ၊ သူတို့က အဲ့ဒါကို မကြားချင်ယောင်ဆောင်ပြီး လျစ်လျူရှုထားကြမှာ ဖြစ်သည်။