အခန်း ၄၆၁
Vol. 31 Ch. 461
အခန်း ( ၄၆၁ ) ကိုယ်ပိုင် အောင်မြင်မှု ၊ ဆုံးရှုံးမှုများ အတွက် စိုးရိမ်ပူပန်ခြင်း
" ကျွန်မကို အထင်မလွဲပါနဲ့ ၊ ကျွန်မက …. "
" ဟမ်။ "
စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ မျက်လုံးများနှင့် အကြည့်ချင်း ဆုံသွားချိန်မှာ ပြောဖို့ အားယူထားသော စကားတွေ အကုန်လုံး လည်ချောင်းထဲတွင် တစ်ဆို့သွားခဲ့သည်။ နောက်ဆုံးမှာ သူမ အရှုံးပေးကာ ပြောလိုက်တော့သည်။ " … ဟုတ်တယ် ၊ ကျောင်းသား တစ်ယောက်က ကျွန်မကို စင်ဂယ်လ်လားလို့ မေးခဲ့တယ်။ တကယ်တော့ အဲ့ဒါက ချစ်ရေးဆိုတာရယ်တော့လည်း မဟုတ်ပါဘူး။ လူငယ်တွေက နည်းနည်းလေး စိတ်ကစားကြတာပါပဲ။ ပြီးတော့ ကျွန်မက လက်ထပ်ပြီးသားလို့ သူတို့ကို ပြောခဲ့ပြီးပြီ။ "
သူမ ဘာမှလည်း မလုပ်ခဲ့ဘဲနဲ့ ဟောက်ချန်ဟွမ်း မေးတဲ့ အချိန်မှာ ဘာ့ကြောင့် အပြစ်မကင်းသလို မလုံမလဲ ခံစားနေရသေးတာပါလိမ့်။
စုယန်ယန်သည် သူမ မလုံမလဲ ဖြစ်ရတဲ့ အဓိက အကြောင်းပြချက်ကတော့ သူမက လုံလုံလောက်လောက် မျက်နှာပြောင်တိုက်တတ်သူမျိုး မဟုတ်လို့ပဲဟု ထင်မိသည်။
" ကိုယ် ဝမ်းနည်းသွားပြီ။ "
" အမ်။ " ဟောက်ချန်ဟွမ်း၏ ရုတ်တရက် စိတ်အားငယ်သလို ဖြစ်သွားသော ပုံစံကြောင့် စုယန်ယန် အံ့အားသင့်သွားခဲ့ရသည်။
" ဒီနေ့ ကိုယ်တို့ကို အွန်လိုင်းပေါ်မှာ ကြိမ်းမောင်းနေကြတဲ့ လူတွေ အများကြီးပဲ။ ကိုယ်တို့ အသက်အရွယ်ကြောင့် ကြိမ်းမောင်းနေတဲ့ ပုံပေါ်ပေမဲ့ တကယ်တမ်းကျ ရုပ်ပိုင်းဆိုင်ရာအရ မသန်စွမ်း တစ်ယောက် ဖြစ်နေတာက သူတို့ ကြိမ်းမောင်းရတဲ့ အဓိက အကြောင်းပြချက်တွေထဲက တစ်ခု ဖြစ်နေတယ်။ "
" ဒါပေမဲ့ ရှင်က လူကောင်း တစ်ယောက်လို သက်သာလုနီးပါး ဖြစ်နေပြီပဲ … "
" လူတွေကတော့ အဲ့ဒါကို မသိဘူးကြဘူးလေ။ " ဟောက်ချန်ဟွမ်းက စုယန်ယန်ကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ " မင်းကို သဘောကျနေတဲ့ လူတွေက ကိုယ့်ကို မင်းနဲ့ မတန်ဘူးလို့ ထင်ကြမှာလား။ သူတို့ မင်းကို ထပ်ပြီး ပိုးပန်းကြဦးမှာလားဟင်။ ကိုယ် သံသယမဝင်သင့်ဘူး ဆိုတာ သိပါတယ် ၊ ဒါပေမဲ့ ကိုယ် ဘယ်လိုမှ မတတ်နိုင်ဘူး … "
" ကျွန်မ နားလည်ပါတယ်။ " စုယန်ယန်သည် ဟောက်ချန်ဟွမ်း စကားမဆုံးသေးခင်မှာပဲ သူ့လက်ကို ဆုပ်ကိုင်လိုက်လေသည်။ " ရှင် ဘာကို စိုးရိမ်နေလဲ ဆိုတာ ကျွန်မ သိပါတယ် ၊ ရှင့်ရဲ့ ပူပန်မှုတွေကိုလည်း နားလည်ပါတယ်။ "
ဟောက်ချန်ဟွမ်းဟာ သူမနှင့် ပတ်သက်လာလျှင် ကိုယ့်ကိုယ်ကိုယ် သူမထက် နိမ့်ကျသူ တစ်ယောက်လို့ အမြဲတမ်း ခံစားရလေ့ရှိသည်။
သူ့အကြောင်းကို သေချာ သိသော ရင်းနှီးသူတွေရဲ့ မျက်လုံးထဲမှာ ထူးချွန်ထက်မြက်လွန်းသူ တစ်ယောက် ဖြစ်နေတဲ့ ဤအမျိုးသားက သူ့ကိုယ်သူ နိမ့်ကျတယ်လို့ အမြဲ ခံစားနေရတယ် ဆိုတာကို လူများစွာကတော့ ယုံကြည်ကြမှာ မဟုတ်ပေ။
ဟောက်ချန်ဟွမ်းသည် သူ့ခန္ဓာကိုယ် ချို့ယွင်းမှုနှင့် အဲ့ဒီလို ချို့ယွင်းနေ၍ ဖြစ်ပေါ်လာသော စိုးရိမ်စိတ်များကြောင့် သူ့ကိုယ်သူ အမြဲတမ်း သံယသ အနည်းငယ် ဝင်နေကာ သူ့ရဲ့ ကိုယ်ပိုင် အောင်မြင်မှု ၊ ဆုံးရှုံးမှုတွေ အကြောင်း တွေးရင်း ပူပန်သောကရောက်နေခဲ့ရသည်။
စုယန်ယန်က တစ်ချိန်တည်းမှာ စိတ်ပူခြင်းနှင့် နာကျင်ဝမ်းနည်းခြင်းကို ခံစားလိုက်ရ၏။ ဒီဘဝမှာပဲ ဖြစ်ဖြစ် ၊ အတိတ်ဘဝမှာပဲ ဖြစ်ဖြစ် … သူမရှေ့မှာ ရှိနေတဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်သူသည် သူမရဲ့ နှလုံးသားကို လှုပ်ခတ်သွားအောင် အလွယ်တကူ လုပ်နိုင်သည်။
" ရှင် ရပ်ကြည့်နေရလည်း အဆင်ပြေတယ် ဆိုရင် နောက်တစ်ပတ် ကျွန်မ စာသင်သွားတဲ့အခါ အပြန်ကျ ကျွန်မကို လာကြိုလို့ ရတယ်။ "
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ လက်ခနဲ တောက်သွားသည်။ စုယန်ယန် ပြောချင်တဲ့ အဓိပ္ပာယ်က သူ အဲ့ဒီ တက္ကသိုလ်ကို လိုက်သွားပြီး သူမက သူ့အပိုင် ဖြစ်ကြောင်း အချိန်မရွေး မဏ္ဍာပ်တိုင် တက်ပြလို့ ရတယ်လို့ ဆိုလိုတာလား။
" ကောင်းပြီ။ ကိုယ် မင်းကို လာကြိုပါ့မယ်။ " ဟောက်ချန်ဟွမ်း၏ စိုးရိမ်ပူပန်နေသော နှလုံးသားလေးဟာ အနည်းငယ် ငြိမ်းအေးသွားသော်လည်း ရုတ်တရက်ပဲ တခြား အတွေး တစ်ခုကို တွေးမိသွားပြန်သည်။ " ဒါပေမဲ့ ကိုယ် နစ်နာကြေးလည်း လိုချင်သေးတယ်။ "
" ဘာနစ်နာကြေးလဲ။ "
" ကိုယ်တို့ ဒီည ဂိမ်းဆော့ကြမလား။ "
' စိတ်ဝိညာဉ် စားသောက်ပွဲ ' ကို နောက်ထပ် လေးရက် အကြာမှသာ ဖြန့်ချီမှာ ဆိုပေမဲ့ ထိုဂိမ်းရဲ့ ဘော့စ် တစ်ယောက် ဖြစ်သော ကုရှောက်ယန်သည် ဂိမ်းဆော့သည့် အာကာသယာဉ်ပုံစံ အခန်းကို ပြင်ဆင်ထားပြီး သူတို့ဆီ ပေးပို့ထားခဲ့လေသည်။
အဲ့ဒါက ဝန်ထမ်းတွေသာ ရရှိနိုင်သော မဟာ့မဟာ အကျိုးအမြတ် တစ်ခုပါပဲ။ ဟောက်ချန်ဟွမ်းသာ အလိုရှိလျှင် မည်သည့် အရာကိုမဆို တခြား လူတွေထက် အရင် တွေ့ကြုံခံစားနိုင်သည်။
စုယန်ယန်က ချက်ချင်း သဘောတူလိုက်သည်။ " ကျွန်မလည်း အဲ့ဒီ ဟိုလိုဂရပ်ဖစ် ဂိမ်း အကြောင်း သိချင်နေတာ။ ညကျ အတူတူ ဆော့ကြတာပေါ့။ "
ဟောက်ချန်ဟွမ်းက ထပ်ပြုံးကာ စုယန်ယန်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
သူနှင့် သူမက နှစ်ကိုယ့်တစ်စိတ် ၊ နှစ်ယောက် ပေါင်းမှ ပြီးပြည့်စုံတယ် ဆိုတာ ကမ္ဘာကြီးကို သူ သိစေချင်မိသည်။ ထိုအကြောင်းကို အတူတကွ မျှဝေရန် အတွက် ကမ္ဘာကြီးရဲ့ နေရာတိုင်းဆီ သူမကို ခေါ်သွားချင်ပါသည်။
သူတို့ နှစ်ယောက်လုံး ညကျ ဂိမ်းဆော့ကာ အနားယူဖို့ ပျော်ရွှင်စွာ ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း ကိုယ် လုပ်ခဲ့တဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်ကို ခံစားနေကြရသော ကီးဘုတ်ဖိုက်တာများ ၊ အတုအယောင် သုံးသပ်သူများ အပါအဝင် လော့ဝေပင်းကို မဟုတ်မမှန် စွပ်စွဲခဲ့သည့် ဒါရိုက်တာ ၊ အမျိုးသမီး သရုပ်ဆောင် ၊ လွေ့ယွီ … သူတို့ အားလုံးကတော့ မပျော်ရွှင်နိုင်ခဲ့ကြပေ။
လွေ့ယွီကို လွှတ်ပေးမထားဘူး ဟူသည့် Post ကို စုယန်ယန် တင်ပြီး သိပ်မကြာခင်မှာပဲ တုန်ချမ်းသည် သူတို့ကို တိုက်ခိုက်စော်ကားခဲ့သည့် လူများကို အပြစ်ပေးရန် အတွက် နာမည်စာရင်းကို ထုတ်ပြန်ခဲ့သည်။ လူ ၅၀၀ ထက် မနည်းသော ပွဲကြည့်သူတွေကို ထင်ယောင်ထင်မှား ဖြစ်စေရန် Repost လုပ်ကာ ကွန်းမန့်တွေ မန့်ခဲ့သော လူတွေဟာ အင်အားကြီး ချမ်းသာသူတွေပဲဖြစ်ဖြစ် ၊ အင်အားနည်းသူတွေပဲဖြစ်ဖြစ် … သူတို့က ကောလဟာလထဲမှာ ပါဝင်ခဲ့သည့် စုယန်ယန် ၊ ဟောက်ချန်ဟွမ်းနှင့် လော့ဝေပင်းတို့ကို မဟုတ်မမှန် စွပ်စွဲပြောဆိုခဲ့ပါက ရှေ့နေ့ထံမှ သတိပေးစာကို ရရှိပါလိမ့်မည်။