← Chapters

အခန်း ၄၆၃

Vol. 31 Ch. 463

အခန်း ၄၆၃

Vol. 31 Ch. 463

အခန်း ( ၄၆၃ ) မင်းကိုယ်မင်း ဘာထင်နေတာလဲ

ဒါရိုက်တာ အတွက်လည်း အတူတူပါပဲ။ အကယ်၍ သူသာ နာမည်ကြီး ဒါရိုက်တာ တစ်ယောက် ဆိုလျှင် သူ့အတွက် အရည်အချင်းရှိတဲ့ အနုပညာရှင်တွေကို အမောတကော လိုက်ရှာနေစရာ မလိုပေ။ ဇာတ်လမ်းတွဲ အတွက် သရုပ်ဆောင် အကြို ရွေးချယ်မှု ကြေညာချက်ကို ‌ထုတ်ပြန်လိုက်တုန်းက မထူးဆန်းစွာပင် ရွေးချယ်မှုထဲမှာ ပါဝင်ခွင့် ရရန် အတွက် သရုပ်ဆောင်တွေ အများကြီး ပြေးလာခဲ့ကြသည်။

ဒီတစ်ခေါက်တော့ သူ့ဂုဏ်သတင်းလည်း ပျက်စီးသွားပြီမို့ ရင်းနှီးမြုပ်နှံသူ အများစုက သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ပြန်ရုတ်သိမ်းရင် ရုတ်သိမ်း ၊ မရုတ်သိမ်းရင် သူ့အား သူတို့ကို နစ်နာကြေး ပေးရန်ပင် တောင်းဆိုကြမှာ ဖြစ်သည်။

အစောပိုင်း ရင်းနှီးမြုပ်နှံမှု ငွေကြေးတွေကို သူ သုံးစွဲခဲ့ပြီးပြီ ဖြစ်သည့်အပြင် နစ်နာကြေးပါ ထပ်ပေးရဦးရမည် ဆိုသောအခါ ထိုဇာတ်လမ်းတွဲကနေ ပိုက်ဆံ ရဖို့ နေနေသာသာ ၊ စုထားတဲ့ ပိုက်ဆံတွေ အကုန်လုံး ကုန်ပြီး မွဲပြာကျမသွားတာကိုပဲ ထိုဒါရိုက်တာအား ကံကောင်းသည်ဟု သတ်မှတ်ရပါမည်။

လွေ့ယွီ အတွက် ဆိုရင်တော့ …

လူများစွာရဲ့ အမြင်မှာ လွေ့ယွီက တုန်းချမ်းထက် အဆပေါင်းများစွာ ပိုကြီးသော ကုမ္ပဏီ တစ်ခု ဖြစ်ကာ လွေ့ယွီကို သက်တမ်းရင့် ကုမ္ပဏီကြီး တစ်ခုဟု သတ်မှတ်လို့ ရသည်။

အစတုန်းကတော့ လူတိုင်းက ကုမ္ပဏီ နှစ်ခု အသေအကျေ တိုက်ခိုက်ကြမယ့် အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်‌နေကြဆဲ ဖြစ်သည်။

သို့သော်လည်း သူတို့ကိုယ်သူတို့ ညံ့ဖျင်းလွန်းကြောင်း နားလည်သွားဖို့ သိပ်မကြာလိုက်။ သူတို့ စောင့်ပြီးရင်း စောင့်ခဲ့ပေမဲ့ ကုမ္ပဏီ နှစ်ခုကြား ဘယ်လို လူသိရှင်ကြား တိုက်ပွဲမျိုးမှ ရှိမလာခဲ့ပေ။ ထိုအစား လွေ့ယွီမှ ရာထူးကြီးပုဂ္ဂိုလ်များက ' ကုမ္ပဏီတွင်း အခွန်ဘဏှာ ဝန်ဆောင်မှု ' ကို ခိုးယူပြီး လူထုဆီ ပေါက်ကြားစေခဲ့သည်။ သူတို့က ကုမ္ပဏီရဲ့ အနုပညာရှင် တစ်ယောက်ကို လူမသိသူမသိ တိတ်တိတ်ပုန်း စည်းမျဉ်းတွေအား လက်ခံရန် အတင်းအကျပ် ဖိအားပေးခဲ့ပြီး တစ်စုံတစ်ယောက် သေသွားခဲ့တယ် ဆိုတဲ့ ကောလဟာလတောင် ထွက်လာခဲ့သည်။

ညတွင်းချင်းပဲ လွေ့ယွီရဲ့ ရာထူးကြီးပုဂ္ဂိုလ်တွေ အားလုံးနီးပါး ဖမ်းဆီးခံလိုက်ရ၏။ ခေါင်းဆောင် တစ်ယောက်မှ မရှိသောအခါ သူတို့ရဲ့ နာမည် ဂုဏ်သတင်းတွေ အကုန်လုံး ဆုံးရှုံးသွားလျက် လွေ့ယွီကို အလွယ်တကူပင် ပိုင်ရှင်သစ် တစ်ယောက်က လက်လွှဲယူခဲ့သည်။

လွေ့ယွီရဲ့ ရုတ်တရက်ဆန်ကာ ပြင်းထန်သော ကျရှုံးခန်းက ပွဲကြည့်သူများကို အံ့ဩဆွံ့အသွားစေခဲ့သော်လည်း သူတို့ ‌စိတ်ကျေနပ်သွားကြပါသည်။

ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ပုန်းကွယ်‌နေသော လူတွေက လွေ့ယွီလောက် ဒုက္ခမရောက်ခဲ့ပေမဲ့ သူတို့လည်း သင်ခန်းစာ ရသွားကြပြီ ဖြစ်သည်။

" အား။ " မစ္စဟောက်က အရေးပေါ် အခန်းရှေ့မှာ စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။ အချိန်နှင့်အမျှ သူမရဲ့ ပါးစပ်ကနေ ခပ်တိုးတိုး အော်သံ‌တွေနှင့် တစ်ယောက်တည်း ပြောနေသော တီးတိုး စကားသံတွေ ထွက်ပေါ်နေသည်။ " ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ "

သတင်းတွေကို ကြား၍ အပြေးအလွှား ရောက်လာသော ဟောက်ချီဟန်သည် သူမရဲ့ အမူအရာကို မြင်လျှင် မျက်မှောင်ကြုတ်မိသွားသည်။ " ဘာတွေ ဖြစ်နေတာလဲ။ ငါ့ကုမ္ပဏီမှာ စာချုပ် ချုပ်စရာ ရှိသေးတယ်နော်။ "

အစကတည်းက စိုးရိမ်သောကရောက်နေတဲ့ မစ္စဟောက်က သူ့စကားတွေကို ကြားချိန်မှာ ချက်ချင်းပဲ ဒေါသထွက်သွားခဲ့သည်။ " စာချုပ် ၊ စာချုပ် ၊ စာချုပ်။ ရှင့်ခေါင်းထဲမှာ စာချုပ် အကြောင်းပဲ ရှိတယ်။ ရှောက်ဖုန်းက အခု အန္တာရာယ်ထဲ ကျရောက်နေတာတောင်မှ ရှင်က စာချုပ်ကို တွေးနေတုန်းပဲ။ "

အကယ်၍ ဟောက်ချီဟန်သာ သူ့တစ်ဦးတည်းသော သားလေးရဲ့ အတိတ်တုန်းက မတော်တဆ ဖြစ်ရပ်ကို ကြားထားခဲ့ပါက သူလည်း စိုးရိမ်နေနိုင်လောက်သည်။ ဒါပေမဲ့ အခုတော့ သူက အံ့ဩဖွယ် အေးစက်ကာ အနည်းငယ်ပင် သည်းမခံနိုင် ဖြစ်နေခဲ့၏။

" ငါ စာချုပ် မချုပ်ဘူး ၊ အလုပ် မလုပ်ဘူး ဆိုရင် မင်း ဘာနဲ့ သွားစားမှာလဲ။ မင်းက ငါ ကျွေးတဲ့ ထမင်းကို စားတယ် ၊ ငါ့အိမ်မှာ နေတယ် ၊ ပြီးကျ ငါ့ကို မကျေမနပ် ညည်းညူနေဖို့ပဲ သိတယ်။ မင်းကိုယ်မင်း ဘာထင်နေတာလဲ။ "

မစ္စဟောက်သည် သူမခင်ပွန်းရဲ့ ကြမ်းတမ်းသော ခွန်းတုံ့ပြန်စကားကြောင့် ဆွံ့အသွားခဲ့ရသည်။ ခဏ ကြာတော့မှ သူမ သတိပြန်ဝင်လာပြီး ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ရီနေတဲ့ အထိ အလွန် ဒေါသထွက်လာမိသည်။

" ရှင် အဲ့ဒါ ဘာစကား ပြောတာလဲ။ ရှင် ကျွန်မကို အထင်သေးတာလား။ အရင်တုန်းက ရှင်ပဲ ကျွန်မကို အလုပ် မလုပ်ခိုင်းတာနော်။ မိန်းမတွေ ဆိုမှာ အိမ်မှာ နေပြီး ခင်ပွန်းနဲ့ သားသမီးတွေကို ဂရုစိုက်ပေးသင့်တယ်လို့ ရှင်ပဲ ပြောခဲ့တာလေ။ ကျွန်မတို့ကို လိုလေသေးမရှိ ဂရုစိုက်ပေးမယ်လို့ ရှင်ပဲ ပြောခဲ့တာလေ။ နှစ် နည်းနည်းပဲ ကြာသေးတာကို ရှင် မေ့သွားပြီလား။ "

" တော်လောက်ပြီ။ " ဟောက်ချီဟန်က မစ္စဟောက်ကို စကားဖြတ်ပြောလိုက်သည်။ သူမကို လင်မယား ဖြစ်ခဲ့ချိန်တုန်းကလောက် သူ သိပ်ဂရုမစိုက်တော့ပါ။ သူမနှင့် ပတ်သက်လို့ သူ့စိတ်ထဲမှာ ဂရုစိုက်မှုတွေ အစား ဘာမဟုတ်တာလေးကို ရေးကြီးခွင်ကျယ် လုပ်လွန်းတယ်လို့ပဲ ခံစားရတော့သည်။

" ငါ မင်းနဲ့ ရန်မဖြစ်ချင်ဘူး။ ငါနဲ့ ရန်ဖြစ်ဖို့ အတွက်နဲ့ မင်း ငါ့ကို ဖုန်းဆက်ခေါ်လိုက်တာလား။ ရှောက်ဖုန်း ဘာဖြစ်လို့လဲ။ မင်း ဘာမှ ပြောစရာ မရှိဘူး ဆိုရင် ငါ ပြန်တော့မယ်။ "

မစ္စဟောက်သည် အသားတွေ တုန်ရီနေတဲ့ အထိ ဒေါသထွက်နေခဲ့သော်လည်း အရေးပေါ် အခန်းထဲမှာပဲ ရှိနေသေးသော သူမရဲ့ သားကို ပြန်တွေးမိသွားတော့ အသက်ပြင်းပြင်း ရှူကာ သူမရဲ့ ဒေါသတွေကို နှလုံးသားထဲမှာ ပြန်ဖိနှိပ်ထားလိုက်၏။ ထို့နောက် သူမ အေးစက်စွာ ပြောလိုက်သည်။ " ကျွန်မလည်း သေချာတော့ မသိဘူး။ အခုလေးတင် ကျွန်မကို ရှောက်ဖုန်း ဘားမှာ အထိုးခံရလို့ အရေးပေါ် အခန်းထဲ ရောက်နေတယ် ဆိုပြီး ဖုန်းဆက်ပြောတာ။ "

ဟောက်ချီဟန်က ကျွတ်ခနဲ စုပ်သတ်လိုက်ပြီး ခပ်တိုးတိုး ညည်းညူလိုက်သည်။ " သူ့အရွယ်ကြီးက ကလေး မဟုတ်တော့တာတောင်မှ လတ်လျားလတ်လျားနဲ့ လျှောက်အချိန်ဖြုန်းပြီး နေရာတကာမှာ ပြဿနာရှာနေတုန်းပဲ။ "

မစ္စဟောက်၏ မျက်လုံးများသည် အဲ့ဒီ စကားတွေကို ပြောလိုက်တာ သူမယောက်ျားမှ ဟုတ်ရဲ့လားဟု မယုံကြည်နိုင်သကဲ့သို့ အံ့ဩတုန်လှုပ်စွာ ပြူးကျယ်သွားခဲ့သည်။

အတိတ်တုန်းကဆို ပြဿနာရှာသူက ဟောက်ရှောက်ဖုန်း ဖြစ်နေလျှင်တောင် သူက အမြဲတမ်း သူ့သားလေးကို ကာကွယ်ပေးခဲ့တာပါ။ အခုတော့ တခြား လူ တစ်ယောက်ကြောင့် ရှောက်ဖုန်းကို အရေးပေါ် အခန်းထဲ အပို့ခံထားရတာတောင် သူကတော့ … ရှောက်ဖုန်းကိုပဲ ပြဿနာရှာတယ် ဆိုပြီး အပြစ်တင်နေတာလား။

All Chapters