အခန်း ၄၆၄
Vol. 31 Ch. 464
အခန်း ( ၄၆၄ ) မသန်စွမ်း
မစ္စဟောက်၏ မျက်နှာသည် ပြိုတော့မည့် မိုးနှယ် အလွန် မည်းမှောင်နေခဲ့သည်။ ထိုအချိန်မှာပဲ အရေးပေါ်အခန်း တံခါး ပွင့်လာပြီး ဟောက်ရှောက်ဖုန်းကို ဘီးပါသော လူနာခုတင်ဖြင့် တွန်းထုတ်လာခဲ့ကြသည်။
" ရှောက်ဖုန်း ၊ ရှောက်ဖုန်း … " မစ္စဟောက်က ကျန်တာ ဘာကိုမှ ဂရုမစိုက်တော့ဘဲ သူတို့နောက် ပြေးလိုက်သွားချင်နေခဲ့သည်။ သို့သော်လည်း ဟောက်ရှောက်ဖုန်းကို ခုနတုန်းက ကုသပေးခဲ့သော ဆရာဝန်လည်း အရေးပေါ်အခန်းထဲမှ ထွက်လာတာကို သူမ မြင်လိုက်ရသည်။ မစ္စဟောက်သည် ဆရာဝန်ရဲ့ လက်ကို ဖျတ်ခနဲ ဆွဲပြီး မေးလိုက်မိ၏။ " ဒေါက်တာ .. ကျွန်မတို့ ရှောက်ဖုန်းရဲ့ အခြေအနေ ဘယ်လိုလဲဟင် ဒေါက်တာ။ "
ဆရာဝန်က သူမကို ကြည့်ကာ အမှန်အတိုင်း ပြောလိုက်သည်။ " လူနာရဲ့ လက်က ကျိုးသွားတဲ့ အရိုးတွေကို ပြန်ဆက်ပြီးပြီ ဆိုပေမဲ့ ဆေးရုံကို ရောက်လာတာ တော်တော်လေး နောက်ကျသွားတယ်။ သူ့လက်က လေးလံတဲ့ ပစ္စည်းတွေကို အရင်တုန်းကလိုမျိုး သယ်နိုင်ပါ့မယ်လို့တော့ ကျွန်တော်တို့ အာမ,မခံနိုင်ဘူးဗျ။ "
တစ်နည်းအားဖြင့် ပြောရလျှင် ဟောက်ချန်ဟွမ်း၏ လက်ကို ကုသပြီးပြီ ဆိုသော်လည်း သူ့ထိခိုက်ဒဏ်ရာက အတော်လေး ပြင်းထန်သဖြင့် အနာဂတ်မှာ သက်သက်သာသာ အလုပ် တချို့ကိုသာ သူ လုပ်နိုင်ပါဝောာ့မည်။
ကိုယ့်ဇနီးနှင့် ကလေးကို မပွေ့ချီနိုင်သော ယောက်ျား တစ်ယောက်သည် ကျန်တဲ့ အလုပ်တွေကိုရော လုပ်နိုင်ပါ့မလား ဆိုတာကို ပြောနေစရာ မလိုတော့ပါ။ သူ့အခြေအနေက ဟောက်ချန်ဟွမ်း၏ အခြေအနေနှင့် ဆင်တူသည်။
မစ္စဟောက်ရဲ့ ခြေထောက်တွေက ချက်ချင်းပဲ ညွှတ်ခွေကျသွားခဲ့သည်။ ထိတ်လန့်စရာ သတင်းတွေကို ကြားရပြီးနောက် သူမ စိတ်နှင့်ကိုယ် ပြန်ကပ်သွားချိန်မှာတော့ ဆရာဝန် ထွက်သွားတာ ကြာခဲ့ပါပြီ။
ဆရာဝန်၏ စကားကို ကြားသော ဟောက်ချီဟန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း သူ့မျက်နှာပေါ်မှာ ခံစားချက်တွေ အများကြီးတော့ ရှိမနေခဲ့။
အဲ့ဒီလို ဖြစ်နေစဉ်မှာပဲ သူ့ဖုန်း မြည်လာသည်။ သူ ဖုန်းမျက်နှာပြင်ကို တစ်ချက် ကြည့်ပြီး ဖုန်းပြောရန် လှည့်ထွက်လာခဲ့လိုက်သည်။
မစ္စဟောက်သည် ထွက်သွားဖို့ လုပ်နေတဲ့ သူ့ကို မြင်လျှင် စိတ်ထဲမှာ အေးစက်သွားပြီး အသံကုန် ဟစ်အော်မိတော့မလို ဖြစ်သွားသည်။ " ကျွန်မတို့ သားက ဒီလို ဖြစ်နေတာတောင်မှ ရှင်က ဘယ်သွားဦးမလို့လဲ။ ရှင် အခုတလော အိမ်လည်း မကပ်ဘူး ၊ ရှင် ဘာတွေ လုပ်နေတာလဲ။ ရှင် တကယ် အဲ့လောက်တောင် အလုပ်ရှုပ်နေတာလား။ "
ဟောက်ချန်ဟွမ်းက ထိုစကားကို ကြားတော့ ချက်ချင်း ခြေလှမ်းရပ်ကာ သူ့ဇနီးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူ အံကြိတ်ပြီး ပြောလိုက်၏။ " ငါက ဆရာဝန်မှ မဟုတ်တာ။ ဒီမှာ ဘာလုပ်ဖို့ ဆက်နေရမှာလဲ။ "
မစ္စဟောက်ရဲ့ တုံ့ပြန်စကားကို မစောင့်ဘဲ သူ ချာခနဲ လှည့်ထွက်လာခဲ့လိုက်သည်။
မစ္စဟောက်၏ အသည်းနှလုံး အေးစက်သွားသည်။ သူမခင်ပွန်းရဲ့ နောက်ကျောကို ကြည့်ရင်း သူမ နာကျည်းစွာ ငိုကြွေးမိသည်။
မစ္စဟောက်သည် ငိုပြီးသွားတော့ သူမရဲ့ သားလေး အခန်းထဲ အမြန် ပြေးဝင်သွားလိုက်လျှင် သတိလည်နေပြီ ဖြစ်သည့် ဟောက်ရှောက်ဖုန်းကို မြင်လိုက်ရသည်။
" သား သတိလည်လာပြီလား ရှောက်ဖုန်း။ သား တစ်နေရာရာမှာ နာနေလား။ သားရဲ့ လက်ရော နာနေလား။ "
" လက် … " ဟောက်ရှောက်ဖုန်းက သူမရဲ့ စကားကြောင့် ဆတ်ခနဲ ထိတ်လန့် သတိရသွားခဲ့သည်။ သူ လက်မြှောက်ချင်သော်လည်း သူ့လက်ကို လှုပ်ရှားလို့ မရမှန်း နားလည်လိုက်သည်။
ဘားထဲမှာ ဖြစ်ခဲ့သော အဖြစ်အပျက်တွေ အကုန်လုံးကို သတိပြန်ရသွားသောအခါ ဟောက်ရှောက်ဖုန်း တစ်ယောက် မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်သွားပြီး သူ့မျက်နှာပေါ်မှာ ကြောက်ရွံ့မှုတွေ ပြည့်နှက်သွားခဲ့သည်။ " ကျွန်တော့်လက် … ကျွန်တော့်လက်ကို ဘာလို့ ကျွန်တော် ရွေ့မရတာလဲ။ "
မစ္စဟောက်က ထိတ်လန့်သွားကာ သူ့ကို တားဆီးဖို့ အလျင်အမြန် တိုးကပ်သွားပြီး ဝမ်းနည်းနာကျင်စွာ ပြောလိုက်သည်။ " သားရဲ့ လက် အဆင်ပြေပါတယ်ကွယ်။ မစိုးရိမ်နဲ့နော်။ အခုလေးတင် သားရဲ့ လက်ကို ခွဲစိတ်မှု ပြုလုပ်ထားလို့ လှုပ်မရတာ။ "
မစ္စဟောက်၏ စကားတွေက ဟောက်ရှောက်ဖုန်းကို အနည်းငယ် စိတ်အေးသွားစေခဲ့သည်။ သူ နီရဲနေသော မျက်လုံးများဖြင့် မေးလိုက်သည်။ " အမေ တကယ် ပြောနေတာလား။ "
မစ္စဟောက်သည် တစ်ချိန်တည်းမှာ ဝမ်းနည်းမှုကိုရော ၊ ဒေါသကိုရော ခံစားချက် နှစ်မျိုးလုံးကို ရောပြွမ်း ခံစားနေရလျက် နှုတ်ခမ်းများကို ခပ်တင်းတင်း စေ့ပိတ်လိုက်မိသည်။ သူမရဲ့ သားလေးက ဘာပူပင်စရာမှ မရှိဘဲ ငယ်ရွယ်လွတ်လပ်တဲ့ သခင်လေး တစ်ယောက် ဖြစ်ရမှာလေ။ ဘာ့ကြောင့် သူ့ဆီမှာမှ ဒီလို အဖြစ်မျိုး လာဖြစ်ရတာလဲ။
မစ္စဟောက်က ဘာမှ ပြန်မပြောတော့ ဟောက်ရှောက်ဖုန်းသည် ပိုလို့တောင် ထိတ်လန့်လာခဲ့သည်။ သူ စိုးရိမ်စွာ မေးလိုက်သည်။ " ကျွန်တော့်ကို အမှန်အတိုင်း ပြောပြပါ အမေ။ ကျွန်တော့် … ကျွန်တော့်လက် အခြေအနေ ဘယ်လိုလဲ။ "
" အရမ်း မစိုးရိမ်ပါနဲ့ ရှောက်ဖုန်းရယ်။ သားရဲ့ လက် အဆင်ပြေပါတယ် ၊ ဒါပေမဲ့ … " မစ္စဟောက်က သူမရဲ့ သားကို လေးလေးနက်နက် ကြည့်ပြီး အင့်ခနဲ ရှိုက်လိုက်သည်။ " ဆရာဝန်က ဆေးရုံရောက်လာတာ အရမ်း နောက်ကျသွားလို့ သားရဲ့ လက်က အကောင်းပကတိတော့ ဖြစ်မလာနိုင်တော့ဘူးတဲ့။ လေးလံတဲ့ ပစ္စည်းတွေကို သား ထပ်မသယ်နိုင်လောက်တော့ဘူး။ "
ဟောက်ရှောက်ဖုန်း၏ မျက်နှာ ဖြူရော်သွားကာ အိပ်ရာပေါ်ကို မိုးကြိုးပစ်ခံရသကဲ့သို့ အရုပ်ကြိုးပြတ် ပုံလဲကျသွားသည်။
မစ္စဟောက်ရဲ့ ငိုသံဟာ ပို၍ပင် ကျယ်လောင်လာခဲ့သည်။ " မစိုးရိမ်ပါနဲ့ သားရယ်။ အဲ့ဒါက ဟိုဆရာဝန် တစ်ယောက်တည်း ပြောသွားတာပါ။ ကမ္ဘာပေါ်မှာ အရည်အချင်းရှိတဲ့ တခြား ဆရာဝန်တွေ အများကြီး ရှိပါသေးတယ် ၊ အဲ့ဒါကြောင့် သားရဲ့ လက်ကို ကုသပေးနိုင်တဲ့ ဆရာဝန် ဆိုတာ ရှိကို ရှိလိမ့်မယ်။ တကယ်လို့ … တကယ်လို့ သား အရင်လို အကောင်း ပကတိ ပြန်မဖြစ်နိုင်ဘူး ဆိုရင်တောင် ဘာအရေးလဲ။ ဘယ်လိုပဲဖြစ်ဖြစ် သားက ပင်ပန်းတဲ့ အလုပ်တွေ လုပ်စရာမှ မလိုတာ။ သား အဆင်ပြေသွားမှာပါ။ "