အခန်း ၄၆၆
Vol. 32 Ch. 466
အခန်း ( ၄၆၆ ) အချိန်အခါတွေ ပြောင်းလဲသွားခဲ့ပါပြီ
ဟောက်ရှောက်ဖုန်းက သူ့အမေရဲ့ ကြိမ်းမောင်းမှုကြောင့် ရှက်ရွံ့သွားသော်လည်း သည်းခံကာ ဆက်မေးနေဆဲ ဖြစ်သည်။ " အမေ သူမကို တကယ် မတွေ့ခဲ့တာလား။ "
" မတွေ့ဘူး။ " မစ္စဟောက်က မကျေမနပ် ပြန်ပြောလိုက်သည်။ " အမေ့ကို ဆေးရုံက ဖုန်းလှမ်းဆက်တာနဲ့ ချက်ချင်းပဲ အမြန် ပြေးလာခဲ့တာ။ ဒါပေမဲ့ အမေ ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး။ အမေ တစ်ယောက်တည်းပဲ ရှိတယ်။ "
ဟောက်ချန်ဟွမ်း၏ မျက်နှာဟာ ဒေါသစိတ်ကြောင့် ပေါက်ကွဲထွက်တော့မတတ် နီရဲတက်လာခဲ့သည်။ နောက်ဆုံး၌ သူ့ခုတင်ဘေးရှိ လက်ရန်းကို သူ ဆောင့်ကန်လိုက်တော့သည်။
" သေစမ်း ၊ အဲ့ဒီ ခွေးမ။ "
သူငယ်ချင်းတွေက သူ့ကောင်မလေးကို သူတို့နှင့် မိတ်ဆက်ပေးရန် ခေါ်လာခဲ့ဖို့ ပြောနေသောကြောင့် သူ ဒီနေ့ ဘားကို သွားခဲ့တာ ဖြစ်သည်။
ဟောက်ရှောက်ဖုန်းက ကုမ္ပဏီ အရေးကိစ္စတွေကြောင့် အခုတလော စိတ်အဆင်ပြေမနေတာမို့ မသွားချင်ခဲ့ပေ။
စိတ်အဆင်မပြေလျှင် အပြင် ပိုသွားသင့်တယ်လို့ သူ့ကို အကြံပေးလာခဲ့တာက ဝမ်ကျင့်ဖျင်ပါ။ ပြီးတော့ သူမက သူနှင့် တွဲလာခဲ့တာ ကြာလှနေပြီ ဆိုပေမဲ့ သူ့သူငယ်ချင်းတွေနှင့် တစ်ခါမှ မဆုံဖူးသေး။ ဝမ်ကျင့်ဖျင်က သူ့အား သူမကို သူ့သူငယ်ချင်းတွေနှင့် နှုတ်ဆက်မပေးချင်လို့လားဟု ပြောလာခဲ့၏။
ဟောက်ရှောက်ဖုန်းက သူမရဲ့ စကားရေယဉ်ကြောထဲမှာ မျောပါသွားပြီး သူမကို သူ့သူငယ်ချင်းတွေနှင့် တွေ့ပေးရန် ခေါ်သွားခဲ့လေသည်။
သို့သော်လည်း သူ ဘားကို ရောက်သွားတော့ လောင်းကစားပွဲ လုပ်နေသော လူ တစ်ယောက်နှင့် အမှတ်မထင် တွေ့ဆုံခဲ့ပြီး ပွဲထဲမှာ ရှေ့ဆုံးကနေ ဦးဆောင်နေသူက သူ့မဟာရန်သူတော်ကြီး တစ်ယောက် ဖြစ်သည်။
ထိုလူက သူ့ကို လောင်းကြေးထပ်ရန် စိန်ခေါ်ခဲ့ပြီး ထိုအချိန်မှာ ဝမ်ကျင့်ဖျင်ကလည်း သူ့ဘေးမှာ ရှိနေသဖြင့် ဟောက်ရှောက်ဖုန်းသည် စိန်ခေါ်မှုကို လက်ခံခဲ့သည်။
အခု အဲ့ဒီ အကြောင်းကို သူ ပြန်တွေးကြည့်သောအခါ တစ်ဖက်လူက အစကတည်းက အကွက်ကျကျ စီစဉ်ထားတာ ဖြစ်ကြောင်း သဘောပေါက်လာခဲ့သည်။ သူတို့က သူ့အတွက် ခြေချော်ကျစရာ ထောင်ချောက် တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ထောင်ထားခဲ့တာပင်။ အဲ့ဒီ ထောင်ချက်ထဲမှာ အမိခံလိုက်ရတဲ့ သူက အရူး တစ်ယောက်ပါပဲ။
အဲ့ဒီတုန်းကတော့ ဟောက်ရှောက်ဖုန်းသည် ဘာကိုမှ မတွေးဘဲ ထိုလူနှင့် လောင်းကြေးထပ်ခဲ့သည်။ ထိုပွဲမှာ ဟောက်ရှောက်ဖုန်း ရှုံးသွားချိန်မှာ တစ်ဖက်လူကတော့ ပိုက်ဆံ မတောင်းခဲ့ပါ။ ပိုက်ဆံအစား သူ့လက်ရယ် ၊ လက်ရဲ့ ကြွက်သားတွေနှင့် အရိုးကို တွယ်ဆက်ပေးထားသည့် အရွတ်ကြောကို ရိုက်ချိုးပစ်ဖို့သာ လူ တစ်ယောက်ကို ခိုင်းစေခဲ့သည်။
သူ့ကို စိတ်အပျက်စေဆုံး အရာကတော့ အရာ အားလုံး ဖြစ်ပျက်နေချိန်မှာ ဝမ်ကျင့်ဖျင်သည် မင်္ဂလာဦးညတုန်းက ရေထဲကို ပြုတ်ကျသွားခဲ့သည့် စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းကို ကယ်တင်ပေးခဲ့သလိုမျိုး သူ့ကိုလည်း ကယ်တင်ပေးလိမ့်မည်ဟု ယုံကြည်ချက် အပြည့်ဖြင့် မျှော်လင့်ထားခဲ့တာပဲ ဖြစ်သည်။
ဒါပေမဲ့ ဝမ်ကျင့်ဖျင်ကတော့ သူ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ပေ။ သူမက သူ့အတွက် အကူအညီ ခေါ်မပေးခဲ့ရုံသာမကဘဲ သူ့လက်ကို ချိုးတော့မည့် လူအုပ်စုက သူ့ကို ဝိုင်းချုပ်ထားချိန်မှာ ဒီကိစ္စထဲ သူမပါ ကြားညှပ်သွားမှာကို ကြောက်၍ ဘေးတံခါးကနေ တစ်ဆင့် တိတ်တိတ်လေး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားခဲ့သည်။
ဆေးရုံကို မရောက်ခင်တုန်းကဝောာ့ ဟောက်ရှောင်ဖုန်း၏ နှလုံးသားထဲတွင် မျှော်လင့်ချက် လင်းရောင်ခြည်လေး ရှိနေခဲ့သည်။ ဤဖြစ်ရပ် အပြီးမှာ သူ့ကို ချက်ချင်း ဆေးရုံပို့ပေးနိုင်ရန် အတွက် သူမကိုယ်သူမ မထိခိုက်အောင် ကာကွယ်သည့် အနေဖြင့် ထွက်ပြေးသွားခဲ့တာပါလို့ သူ ထင်ထားခဲ့သည်။
ဒါပေမဲ့ အမှန်တရားကတော့ သူ့အထင်နှင့် တက်တက်စင်အောင် လွဲသွား၏။
ဒီကိစ္စထဲမှာ ကြားမညှပ်စေရန် အတွက် သူမက သူ့ကို စွန့်ပစ်သွားခဲ့သည်။
အဲ့ဒါ သူကိုယ်တိုင် ရွေးချယ်ထားတဲ့ အမျိုးသမီးတဲ့လေ။ သူမနဲ့အတူ ရှိနိုင်ဖို့ အတွက် စုမိသားစုနဲ့ သူ အတိုက်အခံ လုပ်ချင်ခဲ့တဲ့ အမျိုးသမီးပါတဲ့ဗျား။
ဟောက်ရှောက်ဖုန်းရဲ့ မျက်လုံးတွေဟာ သွေးလို ရဲရဲနီနေခဲ့သည်။ လက်ရှိအချိန်မှာ သူ ဝမ်ကျင့်ဖျင်ကို ပိုလို့တောင် မုန်းတီးနေမိသည်။
[ အမျိုးသမီး ဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အလမ်းကို လုယူနိုင်ခဲ့တဲ့ အတွက် Host ကို ဂုဏ်ပြုပါတယ်။ အောင်မြင်မှု +၁၅ ။ သင့်ရဲ့ လက်ရှိ အောင်မြင်မှုက ၄၅ % ဖြစ်ပါတယ်။ အမျိုးသား ဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အလမ်းကို လုယူဖို့ အတွက် ဆောင်ရွက်မှု စတင်ဖို့ ၅ % ပဲ လိုအပ်ပါတယ်။ ကျေးဇူးပြုပြီး ပိုကြိုးစားပေးပါ။ ]
စုယန်ယန်သည် စနစ်၏ သတိပေးချက်ကို ကြားသောအခါ အံ့အားသင့်သွားမိသည်။ " နင် ဘာလို့ ရုတ်တရက်ကြီး ၁၅ % ပေါင်းထည့်လိုက်တာလဲ။ ဝမ်ကျင့်ဖျင် တစ်ခုခု ထပ်ဖြစ်သွားပြန်ပြီလား။ "
" လေ့လာစစ်ဆေးချက်အရ အမျိုးသား ဇာတ်လိုက်နဲ့ အမျိုးသမီး ဇာတ်လိုက်ကြားက ဆက်ဆံရေးဟာ ပျက်စီးသွားပြီ ဖြစ်လို့ အမျိုးသမီး ဇာတ်လိုက်ရဲ့ အစစ အရာရာမှာ သူများတကာထက် သာလွန်တဲ့ အထူး အခွင့်အရေး အရှိန်အဝါကိုလည်း လျှော့ကျသွားစေခဲ့ပါတယ်။ "
စုယန်ယန် တစ်ယောက် ဆွံ့အသွားသည်။ အဲ့နှစ်ယောက်က အမြဲတမ်း သူတို့ရဲ့ အချစ်ကို အချစ်စစ်ပါလို့ အခိုင်အမာ ပြောနေခဲ့တာ မဟုတ်လား။ သူတို့ရဲ့ ဆက်ဆံရေးက ဘာလို့ အလွယ်တကူ ပျက်စီးသွားရတာလဲ။
" ဘယ်လို ဖြစ်တာလဲ။ သူတို့ နှစ်ယောက် ဘာလို့ ပြတ်သွားကြတာလဲ။ "
[ ဒီနေ့ နေ့လယ်တုန်းက အမျိုးသား ဇာတ်လိုက်က အမျိုးသမီး ဇာတ်လိုက်ကို ဘားကို ခေါ်သွားတုန်း လောင်းကြေးထပ်ဖို့ စိန်ခေါ်ခံခဲ့ရတယ်။ အဲ့ဒီ အလောင်းအစားမှာ သူ ရှုံးသွားပြီး ထိခိုက်ဒဏ်ရာ ရသွားတဲ့ သူ့လက်ကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ အမျိုးသမီး ဇာတ်လိုက်ကတော့ အန္တာရာယ်ကြားထဲမှာ သူ့ကို စွန့်ပစ်ပြီး ကိုယ်လွတ်ရုန်းသွားခဲ့လို့ သူတို့ နှစ်ယောက်ကြားက ဆက်ဆံရေးဟာ အဆုံးသတ်သွားခဲ့တာပါ။ ]
စုယန်ယန် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်မိသည်။ သူမ အရမ်း ပင်ပန်းနေလို့ ထင်ယောင်ထင်မှားတွေ လျှောက်ကြားနေတယ်လို့ ထင်လိုက်မိတော့မလို့ ဖြစ်သည်။
" အဓိပ္ပာယ်မရှိလိုက်တာ ၊ ဟုတ်တယ်မို့လား။ ဝမ်ကျင့်ဖျင်က ဟောက်ရှောက်ဖုန်းကို လေးလေးနက်နက် ချစ်နေတာ မဟုတ်ဘူးလား။ သူမကို ဒေါ်လေးက ရေထဲ တွန်းချလိုက်တုန်းက ဟောက်ရှောက်ဖုန်းကို သူမ အသည်းအသန် ကယ်ချင်နေတာပါလို့ ပြောခဲ့တယ် မဟုတ်လား ၊ ပြီးတော့ နောက်ဆုံးကျတော့ သူမ ရေနစ်တော့မလိုတောင် ဖြစ်သွားခဲ့တာလေ။ သူမက သူ့ကို အခက်အခဲတွေကြားထဲမှာ ဘယ်လိုလုပ်ပြီး ရုတ်တရက် စွန့်ပစ်နိုင်မှာလဲ။ "
[ အချိန်အခါတွေ ပြောင်းလဲကုန်ပြီလေ။ ကျေးဇူးပြုပြီး ဆုံးဖြတ်ချက် ချပါ Host ။ ]
စုယန်ယန် ဆွံအသွားရသည်။ ငါသာ သိရင် နင့်ကို မေးနေမှာ မဟုတ်ဘူး။