အခန်း ၄၇၀
Vol. 32 Ch. 470
အခန်း ( ၄၇၀ ) ကိုယ် မင်းနဲ့အတူ ရှိနေမှာပါ
ဟောက်ချန်ဟွမ်းက သူမကို သေသေချာချာ စိုက်ကြည့်ပြီး တစ်စုံတစ်ခုကို နားလည်သွားပုံ ပေါ်၏။ သူ နူးညံ့စွာ ပြန်ပြောလိုက်သည်။ " ဟုတ်ပါပြီ။ "
စုယန်ယန်ရဲ့ မျက်နှာကတော့ ကြက်ဥ ကြော်လို့ ရလောက်တဲ့ အထိ ပူထူနေခဲ့သည်။ သူမ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ " ရှင် ကျွန်မနဲ့ ဂိမ်းဆော့ဖို့ ဒီကို ရောက်လာတာလား။ ကျွန်မ အဆင်သင့်ပဲ။ သွားဆော့ကြမယ်လေ။ "
" အင်း။ "
စုယန်ယန်က ဟောက်ချန်ဟွမ်းကို စာကြည့်ခန်းထဲသို့ အတင်း တွန်းခေါ်လာခဲ့ပြီး ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေထဲမှာတော့ ရယ်ချင်သလို အပြုံး တစ်ခု ရှိနေခဲ့သည်။
စာကြည့်ခန်းထဲမှာ ကုရှောက်ယန် ပို့ပေးထားသော ဂိမ်းဆော့သည့် အာကာသယဉ်ပုံစံ အခန်းဝိုင်းလေး နှစ်ခန်း ရှိသည်။ ဂိမ်းကစားသည့် အခန်းဝိုင်းလေး နှစ်ခန်းကို ကျပ်နေအောင် ပိတ်ထားလျက် သူတို့ရဲ့ ပိုင်ရှင်ကို အတည်ပြုပြီးမှသာ ဖွင့်လို့ ရမှာပင်။
ထိုအရာက ကွန်တိန်နာ တစ်လုံး ၊ သို့မဟုတ် ဆူနာမီတို့ ဘာတို့လို သဘာဝဘေးအန္တာရာယ်တွေ ဖြစ်လာသည့်အခါ ရေထဲမှာ အသက်ရှင်နိုင်ရန် အတွက် သုံးသည့် စက်ဝိုင်း ပုံသဏ္ဍာန် ကယ်ဆယ်ရေးအခန်းလေး တစ်ခန်းနှင့် တူသော်လည်း စုယန်ယန်ကတော့ အနက်ရောင် သုံးထားတာကို သဘောမကျပေ။ သူမရဲ့ စိတ်ထဲမှာ အဲ့ဒါက ဂိမ်းဆော့သည့် အခန်းဝိုင်းလေးတွေ မဟုတ်ဘဲ ခေါင်းတလား သေးသေးလေး နှစ်လုံးလို့ ခံစားနေရသည်။
သူမနှင့် ဟောက်ချန်ဟွမ်းတို့ ထိုခေါင်းတလေား နှစ်လုံးထဲမှာ … မှားလို့ ၊ ဂိမ်းဆော့သည့် အခန်းဝိုင်းလေး နှစ်ခန်းထဲမှာ အိပ်နေကြသည် ဟူသော အတွေးက စုယန်ယန်ကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေခဲ့၏။
သူမ ခေါင်းတလားထဲမှာ အိပ်ချင်တယ် ဆိုလျှင်တောင် သူမ သေသွားပြီးတဲ့နောက် ဟောက်ချန်ဟွမ်းနှင့်အတူ ခေါင်းတလား တစ်လုံးထဲမှာပဲ အိပ်မှာ ဖြစ်သည်။ ခေါင်းတလား နှစ်လုံး ရှိနေတော့ရော ဘာသွားလုပ်ရမှာလဲ။
ဂိမ်းဆော့သည့် အာကာသယဉ်ပုံစံ အခန်းဝိုင်းလေး နှစ်ခန်းရဲ့ ပတ်ပတ်လည်ကို အချိန် အတော် ကြာတဲ့ အထိ လှည့်ပတ်ကြည့်နေတဲ့ စုယန်ယန်ရဲ့ အတွေးတွေကို ဟောက်ချန်ဟွမ်း တစ်ယောက်ကတော့ မသိပေ။
ဂိမ်းဆော့သည့် အခန်းလေး ဘေးမှာ ဘာစကားမှ မပြောဘဲ ရပ်နေသော သူမကို မြင်တော့ ဟောက်ချန်ဟွမ်းသည် ဒီပစ္စည်းက အန္တာရာယ်ရော ကင်းပါ့မလားလို့ သူမ စိုးရိမ်နေတာ ဖြစ်ရမည်ဟု ထင်သွားခဲ့သည်။
" ဒီ ဂိမ်းဆော့တဲ့ အခန်းကို ကိုယ်တို့ အိမ်ကို မပို့ခင် ထပ်ခါတလဲလဲ စစ်ဆေးထားပြီးပါပြီ။ တစ်ရာ ရာခိုင်နှုန်း အန္တာရာယ်ကင်းတယ်။ မစိုးရိမ်ပါနဲ့။ "
စုယန်ယန် ဆတ်ခနဲ သတိဝင်လာသည်။ သူ အထင်လွဲသွားပြီ ဆိုတာ သူမ သိလိုက်ပေမဲ့ ဘာမှ ရှင်းပြမနေတော့ပါ။ စုယန်ယန်က ပြုံးရုံသာ ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။
ဂိမ်းဆော့သည့် အာကာသယဥ်ပုံစံ အခန်းဝိုင်းလေးက သူ့ ID ကို အတည်ပြုပြီးနောက် အလိုအလျောက် ပွင့်သွားခဲ့သည်။ ထိုအခန်းလေးရဲ့ ညာဘက်မှာ နေရာ အများကြီး ယူမထားသည့် ဘေးဘက် လမ်းကြောင်းရှည်လေး တစ်ခု ရှိသည်။ ဂိမ်းကစားသူတွေကို ဂိမ်း အကြာကြီး ဆော့ခြင်းကနေ ကာကွယ်ဖို့ အဲ့ဒါကို အသုံးပြုတာ ဖြစ်သည်။ အခြေခံ သဘောတရားကတော့ အစာ စားတဲ့ နေရာမှာ မျိုမချနိုင်တဲ့ လူတွေကို အာဟာရဖြည့် အားဆေးတွေ ထိုးပေးတာနဲ့ အတူတူပါပဲ။
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းကတော့ အထဲမှာ တစ်နေ့လုံး နေဖို့ အစီအစဉ် မရှိတာကြောင့် အာဟာရဖြည့် ဖျော်ရည်တွေကို ဂိမ်းဆော့သည့် အခန်းဝိုင်းလေးထဲသို့ ထိုးသွင်းထားစရာ မလိုပေ။
စုယန်ယန်က အခန်းဝိုင်းလေးထဲမှာ မှီလျော့ထားရင်း စိတ်လှုပ်ရှားနေသလို ကြောက်လည်း ကြောက်နေမိသည်။
" မင်း ကြောက်နေတာလား။ " ဟောက်ချန်ဟွမ်းရဲ့ အသံက ဘေးဘက်ကနေ ထွက်ပေါ်လို့ လာသည်။
" နည်းနည်း။ "
" မကြောက်ပါနဲ့။ ကိုယ်လည်း မင်းနဲ့အတူ ရှိနေမှာပါ။ " ဟောက်ချန်ဟွမ်းက စုယန်ယန်အနားကို တိုးကပ်ရင်း ပြောလိုက်သည်။
သူတို့ရဲ့ ဂိမ်းဆော့သည့် အာကာသယဉ်ပုံစံ အခန်းဝိုင်းလေးတွေကို ဘေးချင်းယှဉ်ကာ ချထားသည်။ သူတို့တွေ တစ်ယောက်ကို တစ်ယောက် ထိတွေ့ဖို့ တိုးကပ်သွားနိုင်သရွေ့ အပြန်အလှန် ထိတွေ့နိုင်ပါသည်။
" အထဲမှာ တွေ့မယ်နော်။ "
" အထဲမှာ တွေ့မယ်။ "
တစ်ယောက်ကို တစ်ယောက် ပြုံးပြလိုက်ကြ၏။ သူတို့ လက်တွဲဖြုတ်လိုက်ကြချိန်မှာပဲ ဂိမ်းဆော့သည့် အခန်းဝိုင်းလေးလည်း ပိတ်သွားသည်။
စုယန်ယန်ရဲ့ မျက်လုံးရှေ့မှာ ခဏ ကြာအောင် အမှောင်ထု တစ်ခု ရှိနေခဲ့ကာ စက်ရုပ်သံလို အသံ တစ်မျိုး ထွက်ပေါ်လာသည်။ " စိတ်ဝိညာဉ် စားသောက်ပွဲကနေ ကြိုဆိုပါတယ်။ ကျေးဇူးပြုပြီး ဂိမ်းနာမည်ကို ရွေးပေးပါ။ "
စုယန်ယန်က ခဏလောက် စဉ်းစားကြည့်ပြီး ရှက်သွေးဖြာသွားမိသည်။ " ဟွမ်းဟွမ်း မိသားစုရဲ့ စုစုလေး။ "
" ကစားသူရဲ့ နာမည်ကို ဟွမ်းဟွမ်း မိသားစုရဲ့ စုစုလေးလို့ ခေါ်ပါတယ်။ သင် အတည်ပြုပါသလား။ "
" ဟုတ်ကဲ့။ "
တင်ခနဲ မြည်သံကို စုယန်ယန် ကြားလိုက်ရသည်။
" ကစားသူရဲ့ နာမည်ကို ကျွနိုပ် အတည်ပြုပြီးပါပြီ။ ပျော်ရွင်စရာ ကစားပွဲ ဖြစ်ပါစေ။ "
ထို့နောက် သူမရဲ့ ခန္ဓာကိုယ် တစ်ခုလုံး လေဟာနယ်ထဲ မြှောက်တက်လွင့်မျောသွားသလို ပေါ့ပါးသွားပြီး သူမရဲ့ နားထဲမှာ သာယာသော သီချင်းလေး ထွက်ပေါ်သည်။ စူးခနဲ လင်းဖြာလာသော အလင်းရောင်ကြောင့် သူမရဲ့ မျက်လုံးတွေ ရုတ်တရက် ပြာသွားခဲ့သည်။
စုယန်ယန်က သူမရဲ့ မျက်လုံးကို လက်နှင့် အလိုလို ကာလိုက်မိသည်။ အလင်းရောင် မှိန်ဖျော့သွားသောအခါ သူမရှေ့မှ မြင်ကွင်းဟာ အပြည့်အဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ပြာထဲမှာ မိုးမျှော်တိုက်တွေ ၊ မိုးမျှော်တိုက်တွေမှ ထိုးထွက်နေသော ထိုးထိုးထောင်ထောင် အပြင်အဆင် အဆင်တန်ဆာတွေ ရှိမနေတော့ဘဲ စိမ်းစိမ်းစိုစို တောင်းတန်းတွေနှင့် ကြည်ပြာသော ရေတွေ ၊ မြက်ခင်းစိမ်းတွေ ရှိနေကာ ကောင်းကင်မှာ ငှက်လေးတွေ ပျံဝဲနေကြသည်။
တသွင်သွင် ရေစီးသံက အဆက်မပြတ် ထွက်ပေါ်နေသော ငှက်လေးတွေရဲ့ ကျီကျီကျာကျာ အော်မြည်သံ ၊ ပုစဉ်းရင်ကွဲသံတွေနှင့် ပေါင်းစပ်ရောယှက်နေ၏။ ညင်သာသော လေပြည်ညင်းလေး တစ်ချက် ဖြတ်တိုက်သွားချိန်မှာ သစ်ကိုင်းပေါ်က သစ်ရွက်တွေကို လေတိုးကာ တရှဲရှဲ မြည်သွားစေပြီး သစ်တောထဲက မြက်ပင်ရှည်တွေကိုလည်း ယိမ်းနွဲ့သွားစေခဲ့သည်။
စုယန်ယန်သည် စမ်းချောင်းလေးနံဘေးမှာ ရပ်နေရင်း မြက်ခင်းပြင်ရဲ့ ခပ်စိမ်းစိမ်း ရနံ့နှင့် စမ်းချောင်းထဲမှ အငွေ့ပျံလာသော ခပ်ဖျော့ဖျော့ ရေငွေ့ရနံ့ကို အနည်းငယ် ရှုူရှိုက်နိုင်နေသည်။
သူမ အသက်ပြင်းပြင်း တစ်ချက် ရှူပြီး အံ့ဩမှု ၊ ဝမ်းနည်းမှုတို့ ရောထွေးနေသော အသံဖြင့် ပြောမိသည်။ " တကယ့်ကို လက်တွေ့ကမ္ဘာနဲ့ အတူတူပါပဲလား။ မဟုတ်ဘူး ၊ လက်တွေ့ကမ္ဘာထက်တောင် ပိုလှသေးတယ် … "