အခန်း ၄၇၂
Vol. 32 Ch. 472
အခန်း ( ၄၇၂ ) ရှင့်ကို မလွတ်တမ်း တွယ်ကပ်ထားမယ်
သူတို့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ခဏ ကြာအောင် ဆက်ဖက်ထားဖြစ်ကြသည်။ စုယန်ယန်က တဖြည်းဖြည်း စိတ်တည်ငြိမ်လာသော်လည်း မျက်ရည်တွေကတော့ အဆက်မပြတ် စီးကျနေဆဲ။
ဟောက်ချန်ဟွမ်းက သူမကြောင့် ရင်ထဲ နင့်သွားမိသည်။ သူမရဲ့ မျက်ရည်တွေကို သူ ကူသုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်ပါသည်။ “ ဟုတ်ပြီ ၊ ဟုတ်ပြီ ၊ မငိုနဲ့တော့နော်။ မင်း ဆက်တိုက် ငိုနေရင် လှမှာ မဟုတ်တော့ဘူး။ ”
စုယန်ယန်က အစ်ခနဲ ရှိုက်ပြီး မေးလိုက်၏။ “ ကျွန်မ ဒီမှာ ငိုနေရင် ပြင်ပကမ္ဘာက ကျွန်မဆီမှာရော သက်ရောက်မှု ရှိမှာလားဟင်။ ”
ဟောက်ချန်ဟွမ်းသည် မရယ်မိဘဲ မနေနိုင်ပေ။ ဂိမ်းထဲမှာ ငိုတာက ပြင်ပကမ္ဘာကို သက်ရောက်မှု ရှိမယ်တဲ့လား။
“ မရှိဘူး ၊ ဂိမ်းထဲမှု ဖြစ်ပျက်သမျှ အရာအားလုံးက ပြင်ပကမ္ဘာအပေါ် ဘာသက်ရောက်မှုမှ မရှိဘူး။ ထိခိုက်ဒဏ်ရာတွေ ဆိုရင်တောင်မှပေါ့။ ” ဟောက်ချန်ဟွမ်းက စုယန်ယန်ကို ပြောနေစဉ်မှာ တစ်ဆင့်ပြီး တစ်ဆင့် သင်ပေးနေခဲ့သည်။ “ ဂိမ်းထဲမှာ ထိခိုက်ဒဏ်ရာ ရတဲ့အခါ ခံစားရမယ့် နာကျင်မှုကိုလည်း မင်းရဲ့ခံနိုင်ရည်အပေါ် မူတည်ပြီး သုညကနေ တစ်ရာ ရာခိုင်နှုန်း အထိ ညှိလို့ ရတယ်။ ”
စုယန်ယန်က ချက်ချင်းပဲ သူမရဲ့ နာကျင်မှု လယ်ဗယ်ကို သုညသို့ ပြောင်းထားလိုက်သည်။ “ တခြားရော ဘာရှိသေးလဲဟင်။ ကျွန်မတို့ ဒီဂိမ်းကို ဘယ်လို ဆော့ရမှာလဲ။ ”
“ အိမ် တစ်လုံးကို အရင် ဆောက်ရမယ်။ အနာဂတ်မှာ မင်း ပြီးမြောက်အောင် ဆောင်ရွက်ဖို့ လိုတဲ့ မစ်ရှင်တွေကို ရွေးချယ်ဖို့ အဲ့ဒီ အိမ်ကို အသုံးပြုရမှာ။ ”
“ အိမ် … ”
“ ဟုတ်တယ်။ ” ဟောက်ချန်ဟွမ်းက စုယန်ယန်၏ လက်ကို ဆုပ်ကိုင်ကာ ညာဘက်ခြမ်းရှိ ထောင့်စွန်း နေရာကို ညွှန်ပြလိုက်သည်။ ခဏ အကြာမှာပဲ အိမ်ပုံသဏ္ဍာန် သင်္ကေတလေး တစ်ခု ပေါ်လာခဲ့သည်။
ဖွဖွလေး ထိလိုက်ရုံဖြင့် အိမ်မျိုးစုံရဲ့ ဟိုလိုဂရပ်ဖစ် ရုပ်ပုံတွေ ပေါ်လာခဲ့သည်။ ယာတောအိမ် သေးသေးလေး ရှိသည် ၊ ဥရောပစတိုင် ဗီလာလေးလည်း ရှိသည်။ ပြီးတော့ အလယ် မြေကွက်လပ်ကို အဆောင်တွေ ပတ်လည်ဝိုင်းထားသော ရှေးဆန်ဆန် အိမ် တစ်လုံး။
စုယန်ယန်သည် ချက်ချင်းပဲ ပါးစပ် အဟောင်းသား ဖြစ်သွားမိလေသည်။ “ ဒါ ပြင်ပကမ္ဘာနဲ့ အရမ်း တူနေတယ် မဟုတ်ဘူးလား။ ”
“ မင်း ကြိုက်တဲ့ အိမ် တစ်လုံးကို ရွေးလိုက်ပါ။ ” ဟောက်ချန်ဟွမ်းက ထိုစကားကို ပြောပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ အပြုံးလေးဖြင့် ထပ်ပြောလိုက်သည်။ “ မင်း အိမ်တွေ အကုန်လုံးကို ကြိုက်နေတယ် ဆိုရင် တခြား အိမ် တစ်လုံးကို ရွေးလို့ ရတယ်။ ”
“ ရှင် ဘာလို့ ရှင့်ရဲ့ ရွေးချယ်မှုတွေကို ပြောင်းနေတာလဲ။ ”
“ မင်း အိမ် တစ်လုံးကို ရွေးချယ်ပြီးသွားရင် မင်းရဲ့ အိမ်ထဲမှာ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဖြည့်တင်းဖို့ မစ်ရှင်တွေကို လုပ်ရမယ်။ တကယ်လို့ မင်း အိမ်မှာ နေရတာ ငြီးငွေ့လာရင် ၊ ဒါမှမဟုတ် မစ်ရှင်တွေ ဆောင်ရွက်ရတာကို ပင်ပန်းလာရင် ပိုက်ဆံ အကုန်ခံပြီး တခြား အိမ် တစ်လုံးကို ပြောင်းလို့ ရတယ်။ ”
“ ဒါဆို အိမ်ပြောင်းပြီးသွားရင် အရင် အိမ်အဟောင်းထဲမှာ ထည့်ထားတဲ့ ပစ္စည်းတွေကရော ရှိနေဦးမှာလား။ ”
“ တချို့ ပစ္စည်းတွေကတော့ မူလအခြေအနေအတိုင်း ဆက်ရှိနေလိမ့်မယ်။ တချို့ကတော့ မရဘူး။ ”
“ မရတာ ဘယ်ပစ္စည်းတွေလဲ။ ”
“ မစ်ရှင်ကို ပြီးမြောက်အောင်မြင်လို့ ဆု အဖြစ် ရတဲ့ ပစ္စည်းတွေကတော့ ပျောက်ကွယ်သွားလိမ့်မယ်။ ဝယ်ထားတဲ့ ပစ္စည်းတွေကတော့ ဒီအတိုင်းပဲ ဆက်ရှိနေလိမ့်မယ်။ ”
စုယန်ယန် ချက်ချင်း နားလည်သွားသည်။ သူမ အိမ်ပြောင်းနိုင်သော်လည်း ပိုက်ဆံ အကုန်အကျခံကာ ဝယ်ယူထားသည့် ပစ္စည်းတွေကိုသာ ယူသွားနိုင်ပါသည်။ သူမ မဝယ်ထားသော ပစ္စည်းတွေကတော့ ပျောက်ကွယ်သွားလိမ့်မည်။
အရှင်းဆုံး ပြောရလျှင်တော့ ရွေးချယ်မှုတွေ ပြုလုပ်ရာမှာ သူမ သတိထားရလိမ့်မည်။ မဟုတ်ရင် အိမ်ပြောင်းခြင်းက ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေလိမ့်မည်။
အကယ်၍ သူတို့သာ ဂိမ်းတွေ အတူ ဆော့ရင်း ၊ မစ်ရှင်တွေကို အတူ ဆောင်ရွက်ရင်း ဒီအိမ်ကို အမှန်တကယ် တည်ဆောက်နိုင်လျှင် ဒီအိမ်ထဲမှာ ရှိတဲ့ မြက်ခင်းစိမ်းတွေ ၊ သစ်ပင်တွေမှာ သူတို့ နှစ်ယောက်ရဲ့ အမှတ်တရတွေ ပြည့်နေလိမ့်မည်။
သူမကတော့ လက်ရှိအချိန်မှာ မဖြစ်မနေ အိမ်ပြောင်းရမည် ဆိုလျှင်တောင် ပြောင်းချင်စိတ် မရှိပေ။
“ ဒါဆို ခြံဝင်းလေး ပါတဲ့ ယာတောအိမ်လေးကိုပဲ ရွေးကြရအောင်။ ကျွန်မတို့တွေ ခြံထဲမှာ သစ်ပင် ၊ ပန်းပင်တွေ စိုက်လို့ ရတယ်။ ပြီးတော့ သွမ်းသွမ်းလို ချစ်စရာ တိရစ္ဆာန်လေး တစ်ကောင် ၊ နှစ်ကောင်လည်း မွေးလို့ ရတယ်။ ”
“ အင်း။ ”
စုယန်ယန်သည် ချက်ချင်းပဲ ခေါင်းညိတ်ကာ ယာတောအိမ်လေးကို ရွေးချယ်လိုက်လေသည်။
ရုတ်တရက်ဆိုသလိုပဲ သူတို့ရှေ့မှာ နှစ်ထပ် ယာတောအိမ်လေး တစ်လုံး ဘွားခနဲ ပေါ်လာခဲ့သည်။
စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ လက်ကို ဆွဲကာ အိမ်ထဲ ခေါ်သွားဖို့ ပြင်လိုက်စဉ်မှာပဲ သူက သူမကို တားလိုက်၏။ “ ဒါက မင်းရဲ့ အိမ်လေ။ ကိုယ် လိုက်ဝင်လို့ မရဘူး။ ”
စုယန်ယန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ “ ဒါဆို ကျွန်မ ဘာလုပ်ရမလဲ။ ”
“ ကိုယ့်ကို ဖိတ်ခေါ်။ ”
“ ဖိတ်ခေါ်ရမှာ ….. ”
“ ဟုတ်တယ်။ ကိုယ့်ကို မင်းရဲ့ အိမ်မှာ နေဖို့ ဖိတ်ခေါ်ပါ။ ” ဟောက်ချန်ဟွမ်းက ရယ်ချင်ဟန် စွက်နေသော အသံဖြင့် ပြောလိုက်သည်။
သူ ပြောချင်သော အဓိပ္ပာယ်ကို စုယန်ယန် နားလည်သွားကာ သူမရဲ့ ပါးလေးတွေ ရဲသွားမိသည်။
“ ကောင်းပြီ။ ကျွန်မအိမ်ကို လာခဲ့ဖို့ ရှင့်ကို ဖိတ်ခေါ်တယ်။ ”
သူမ ထိုစကားကို ပြောပြီးသည်နှင့် စနစ်က ဟောက်ချန်ဟွမ်းဟာ သူမရဲ့ အိမ်ထဲကို ဝင်ဖို့ သဘောတူလိုက်ပြီ ဖြစ်ကြောင်း သူမကို အလိုအလျောက် သတိပေးစာ ပို့လာခဲ့သည်။
“ သွားကြမယ်။ ”
“ အင်း။ ” စုယန်ယန်က သူ့နောက်သို့ လိုက်ပြီး ခြေ နှစ်လှမ်း ရှေ့တိုးလိုက်သော်လည်း တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ ချက်ချင်းပဲ ခြေလှမ်းရပ်သွားသည်။ “ နေဦး။ ”
“ ဘာဖြစ်လို့လဲ။ ” ဟောက်ချန်ဟွမ်းက သူမကို လှည့်ကြည့်သည်။ သူ နောက်ထပ် ဘာမေးခွန်းမှ မမေးနိုင်သေးခင်မှာပဲ စုယန်ယန်သည် သူ့ခန္ဓာကိုယ်ပေါ် ခုန်၍ ခွတက်ကာ ရေဘဝဲ တစ်ကောင်ကဲ့သို့ မလွတ်တမ်း တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပါတော့သည်။
ဟောက်ချန်ဟွမ်း : “ ??? ”