← Chapters

အခန်း ၄၇၃

Vol. 32 Ch. 473

အခန်း ၄၇၃

Vol. 32 Ch. 473

အခန်း ( ၄၇၃ ) ချိုမြိန်တဲ့ ဝန်ထုပ်ဝန်ပိုး

စုယန်ယန်က ဤအနေအထားကို အတော်လေး စိတ်ကျေနပ်နေမိသည်။ သူမ ခပ်တိုးတိုး ရယ်ရင်း ရှင်းပြလိုက်သည်။ “ ကျွန်မ ဒီလို လုပ်ဖို့ ဟိုးအရင်ကတည်းက တွေးထားခဲ့တာ။ ရှင် သက်သာသွားတဲ့အခါ ကျွန်မကို အလုပ်လာကြိုဖို့ ရုံးကို လာခဲ့ပါ။ ကျွန်မက ရှင့်ကို ရုံးထဲကနေ အပြေး ထွက်လာပြီး နှုတ်ဆက်မယ်။ ပြီးရင် ရှင့်ကို ဒီလိုပဲ မလွတ်တမ်း တွယ်ကပ်ထားမယ်။ ရှင် ကျွန်မကို ခွာချနိုင်မှာ မဟုတ်ဘူး။ ”

ဟောက်ချန်ဟွမ်း မတ်တပ်ရပ်နိုင်သွားတော့မှသာ ထိုစိတ်ကူးက ခေါင်းထဲ ပြန်ရောက်လာတာ ဖြစ်၏။ မဟုတ်ရင် သူက ဝှီးချဲပေါ်မှာပဲ ထိုင်နေရလေ့ရှိတာမို့ သူမ သူ့ကို ဒီလို ဖက်ထားချင်လျှင်တောင် သူ့ပေါင်ပေါ်မှာ ထိုင်နေရမှာပင်။

အဲ့လို အနေအထားက လူအမြင် မလှရုံသာမက သူ့အတွက်လည်း ဝန်ထုပ်ဝန်ပိုး တစ်ခု အဖြစ် လေးလံစေလိမ့်မည်။

အခုအနေအထားကလည်း လေးလံသော ဝန်ထုပ်ဝန်ပိုး တစ်ခု ဆိုပေမဲ့ ဒါကတော့ ချိုမြိန်တဲ့ ဝန်ထုပ်ဝန်ပိုး ဆိုတာ အသေအချာပါပဲ။

ဟောက်ချန်ဟွမ်းသည် သူမရဲ့ ဖြေရှင်းစကားကြောင့် ရယ်ရမှာလား ၊ ငိုရမှာလား မသိ ဖြစ်သွားမိသော်လည်း သူမရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သည့်အတွက် သူ ပျော်ပါသည်။ သူမ သူ့ကို ပိုလို့ အဆင်ပြေပြေ ‘ တွယ်ကပ် ’ ထားနိုင်ရန် အတွက် သူမရဲ့ ကျောပြင်နှင့် တင်ပါးကို သူ ခပ်ဖွဖွ ပြန်ဖက်ထားလိုက်သည်။

ဒီအိမ်ကို ယာတောအိမ် သေးသေးလေး တစ်လုံးလို့ ပြောလို့ ရသော်လည်း တကယ်တော့ ခြံဝင်းက အတော် ကျယ်သည်။ ဒါပေမဲ့ ဤခြံဝင်းက သီးနှံ မဖြစ်ထွန်းသော မြေနေရာ အလယ်မှာ ရှိနေတာ ဖြစ်သည်။ ပန်းခင်းလေး တစ်ခင်းက လွဲလို့ ခြံထဲမှာ ဘာမှ မရှိ။

အိမ်ထဲမှာလည်း ဘာမှ မထူးပေ။ နှစ်ထပ် အိမ်ထဲမှာ ပင်မ ဟောခန်းကျယ်ကြီး ၊ အိပ်ခန်း ၊ မီးဖိုချောင်တို့နှင့် အခန်းတွေ ပြည့်ပြည့်စုံစုံ ရှိသော်လည်း ပရိဘောဂတွေကတော့ မစ်ရှင်တွေကို ပြီးမြောက်အောင် ဆောင်ရွက်မှာ ရောက်လာမှာ ဖြစ်သည်။

သူတို့ နှစ်ယောက်သား အိမ်ထဲ လျှောက်ကြည့်တော့ ထိုင်ခုံ နှစ်လုံး ၊ စားပွဲ တစ်လုံးနှင့် ရိုးရိုးရှင်းရှင်း သစ်သားခုတင် တစ်ခုလုံးကို တွေ့ရသည်။

စုယန်ယန် ဆွံ့အသွားမိသည်။ ဒါ အရမ်း ဟောင်းနွမ်းနေပြီ မဟုတ်လား။

စုယန်ယန်ရဲ့ မျက်လုံးတွေက အိပ်ရာပေါ် အလိုလို အကြည့်ရောက်သွားသည်။

ဒီဂိမ်းဟာ ဘယ်ရှုထောင့်ကနေ ကြည့်ကြည့် လက်တွေ့နှင့် တူလွန်းသည်။ တကယ်လို့ သူတို့ နှစ်ယောက်သာ ဒီဂိမ်းထဲမှာ အတူတူ နေလိုက်ရင် …

ထိုအ‌တွေးကြောင့် စုယန်ယန်ရဲ့ ခန္ဓာကိုယ်လေး ဆတ်ခနဲ တုန်သွားသည်။

မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ မဟုတ်ဘူး။ ဒါက ကလေးလူကြီးမရွေး ဆော့လို့ ရတဲ့ ဂိမ်း တစ်ခု။ သူမတို့တွေ အဲ့လို အရာမျိုး ဘယ်လုပ်လို့ ရမှာလဲ။ သူမတို့ အဲ့လို လုပ်နေတာကိုသာ လူတွေ သိသွားရင် ဂိမ်း တစ်ခုလုံး အတုမြင် အတတ်သင် ဖြစ်ကုန်မှာ မဟုတ်လား။

ဒါတွေ အကုန်လုံး လင်းရှောင်ချီရဲ့ အမှားတွေပဲ။ အဲ့ကောင်မလေး ဘာလို့ ဟိုဗီဒီယိုတွေကို ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ပို့ခဲ့တာလဲ။ အခုတော့ သူမရဲ့ စိတ်ထဲမှာ အဲ့ဒါတွေနဲ့ ပြည့်နေပြီ။

လင်းရှောင်ချီက ငြိမ်ငြိမ်လေးပဲ အပြစ်တင်ခံခဲ့သည်။ “ ??? ” သူမ ဒါကို ဘယ်သူ့အတွက် လုပ်ခဲ့တာမို့လို့လဲ။

“ ယန်ယန် … ။ ”

အတွေး‌တွေကြောင့် တစ်ယောက်တည်း ရှက်သွေးဖြာနေသော စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ အသံကို ရုတ်တရက် ကြားလိုက်ရ၏။ “ ဘာဖြစ်လို့လဲ။ ”

“ ကိုယ်တို့ မစ်ရှင် လုပ်ကြတော့မလား။ ”

“ မစ်ရှင် .. ” စုယန်ယန်က အချိန် ခဏလေး အတွင်း တုံ့ပြန်ကာ ခေါင်းခါပြလိုက်သည်။ “ ကျွန်မ ဒီနေ့ ဘာမစ်ရှင်မှ မလုပ်ချင်ဘူး။ ကျွန်မ ရှင်နဲ့ ဒီနေရာမှာပဲ ခဏလောက် နေချင်တယ်။ ရတယ်မို့လားဟင်။ ”

သူတို့ နှစ်ယောက်တည်းသာ ရှိကာ ဘယ်သူမှ ကြားဝင် မနှောင့်ယှက်နိုင်သော နေရာကို ရောက်ဖို့ ဆိုတာ လွယ်တာ မဟုတ်။ ထို့ပြင် ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေကလည်း အကောင်းပကတိ အတိုင်း ရှိသေးကာ ဘယ်လို ပြင်ပအကူအညီမှ မပါဘဲ သူ လွတ်လွတ်လပ်လပ် လမ်းလျှောက်နိုင်နေသည်။

စုယန်ယန် ဘယ်ကိုမှ သွားချင်စိတ် မရှိပါ။ သူတို့ရဲ့ အိမ်လေးထဲမှာပဲ ဟောက်ချန်ဟွမ်းနှင့် နှစ်ယောက်တည်း တသီးတသန့် ရှိနေချင်မိသည်။

ဟောက်ချန်ဟွမ်းက သူမရဲ့ စိတ်ကို ရိပ်စားမိပုံပေါ်ရဲ့။ သူ့မျက်လုံးတွေ နက်ရှိုင်းသွားပြီး သူမရဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်သည်။ သူက ခုတင်လေးပေါ်မှာ ထိုင်ပြီး ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေခဲ့၏။

ခြံဝင်းဘက်ကို မျက်နှာမူထားသော ဤအိပ်ခန်းက ယာတောအိမ် ဒုတိယထပ်မှာ ရှိတာ ဖြစ်သည်။ ပြတင်းပေါက်ကနေ အောက်ကို ကြည့်လိုက်လျှင် ဟိုတစ်ကွက် ၊ ဒီတစ်ကွက် ပြန့်ကျဲနေသော ပန်းခင်းတွေကို မြင်နိုင်သည်။

“ ကျွန်မတို့ မစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားရင် မျိုးစေ့ နည်းနည်းပါးပါး ဝယ်ကြမယ်နော်။ ဥယျာဉ်ထဲမှာ ကျွန်မ အသီးအရွက်တွေ စိုက်ထားချင်တယ်။ ”

“ အသီးအရွက်တွေ စိုက်မယ် .. ဟုတ်လား။ ” ဟောက်ချန်ဟွမ်း အနည်းငယ် အံ့အားသင့်သွားသည်။ “ မင်း ပန်းတွေ မစိုက်ချင်ဘူးလား။ ”

“ ကျွန်မှာ ရှင် ပေးထားတဲ့ ပန်းဥယျာဉ် တစ်ခု ရှိပြီးသားလေ ၊ အဲ့ဒါကြောင့် ပန်းပင်တွေ ထပ်စိုက်စရာ မလိုတော့ဘူး။ ကျွန်မ ဒီမှာ ဆီထွက်တဲ့ အသီးအရွက်လေးတွေ နည်းနည်း စိုက်မယ် ၊ ဆလပ်ရွက်လေးတွေ နည်းနည်း စိုက်မယ် ၊ မုန်လာဥဖြူလေး နည်းနည်းလည်း စိုက်မယ်။ သူတို့ မှည့်လာတဲ့အခါ ကျွန်မတို့ ခူးပြီး ဟော့ပေါ့ ချက်စားလို့ ရတယ်။ ပြီးရင် ကျွန်မတို့ အိမ်ဘေးမှာ အဖီလေး ဆွဲပြီး ကြက်လေးတွေ ၊ ဘဲလေးတွေ ၊ သိုး‌ပေါက်စလေးတွေ နည်းနည်းပါးပါး မွေးထားမယ်။ ကျွန်မတို့ နေ့တိုင်း အသီးအရွက်တွေကို ခူးဆွတ်မယ် ၊ ကြက်လေးတွေကို အရွယ်ရောက်လာအောင် ဂရုစိုက် ပြုစုပေးမယ် …. ”

All Chapters