အခန်း ၄၈၃
Vol. 33 Ch. 483
အခန်း ( ၄၈၃ ) ပန်း ဘန်းကိတ်များ။
စုယန်ယန် တစ်ယောက် မအောင့်နိုင်ဘဲ ဟက်ဟက်ပက်ပက် ရယ်မိတော့သည်။
အမျိုးသမီး စားဖိုမှူးက စုယန်ယန်ရဲ့ လက် လှုပ်ရှားမှုတွေကို သေသေချာချာ လေ့လာနေခဲ့သည်။ နောက်ထပ် ( ၁၂ ) ကြိမ်ထက်မနည်း လေ့ကျင့်ပြီးချိန်မှာတော့ သူမ ဖက်ထုပ် လိပ်နည်းနှင့် တဖြည်းဖြည်း အသားကျလာလေသည်။
စုယန်ယန်လောက် မမြန်သော်လည်း ခုနတုန်းကလောက်ဝောာ့ မဆိုးဝါးတော့ပေ။
သူတို့ နှစ်ယောက်သား ဝမ်တန်ဖက်ထုပ်လေးတွေကို စတင် မပြုလုပ်မီ ဖက်ထုပ်တွေ အများကြီးကို အမြန်ဆုံးနှုန်းဖြင့် ပြုလုပ်ခဲ့ကြသည်။ ရိုးရိုး ဖက်ထုပ်တွေနှင့် ယှဉ်လျှင် ဝမ်တန်ဖက်ထုပ်တွေက အတော် ပိုလုပ်ရလွယ်သည်။ သူတို့ကို ကွဲထွက်မသွားစေဘဲ လက်ဖျားလေးတွေနှင့် အနားသတ် ပုံပေါ်လာအောင် ဆိတ်ပေးဖို့ပဲ လိုသည်။
“ ဒါက ဟင်းနုနွယ် ဂျုံမုန့်ညက် ၊ ဟောဒါကတော့ ဖရုံသီး ဂျုံမုန့်ညက် ၊ ဟိုတစ်ခုကတော့ ကန်စွန်းဥ ဂျုံမုန့်ညက်။ ” စုယန်ယန်က ဂျုံမုန့်ညက်တွေကို ထုတ်ရင်း ပြောလိုက်သည်။
ဂျုံမှုန့်ညက် အလွှာ နှစ်ခုကို ဖက်ထုပ်ရွက် တစ်ရွက် ဖြစ်လာစေရန် လိပ်ရသည်။ တခြား အလွှာ တစ်ခုကိုတော့ အဆာပလာ သွပ်ရန် အတွက် အလယ်မှာ ချိုင့်ခွက်လေး ဖြစ်အောင် ထိုးဖိထားပြီး ဂျုံမုန့်ညက် အလွှာ နှစ်လွှာနှင့် ရစ်ပတ်ထုတ်ပိုးလိုက်ရ၏။
သူမက ရစ်ပတ်ထုပ်ပိုးထားတဲ့ ဂျုံမုန့်ညက် အလွှာတွေကို ဘန်းကိတ် ပုံသဏ္ဍာန် ပေါ်လာစေရန် အတွက် ညှစ်လိုက်ပြီး ဓားကို သုံးကာ ဘန်းကိတ်ပေါ်မှာ ကြက်ခြေခတ်လေး ရေးဆွဲလိုက်သည်။
“ ဂျုံမုန့်ညက် အရသာ သုံးမျိုး ရှိပါတယ်။ ဘယ်တစ်ခုကို အပြင်မှာ သုံးမလဲ ၊ ဘယ်တစ်ခုကို အတွင်းထဲ ထည့်မလဲ ဆိုတာကို ရှင်တို့ ရွေးချယ်လို့ ရတယ်။ တကယ်တော့ တခြား ပါဝင်ပစ္စည်းတွေကိုလည်း ရွေးချယ်လို့ ရပေမဲ့ ကျွန်မကတော့ အရောင် ပိုလှ ၊ ပိုတောက်တဲ့ ပါဝင်ပစ္စည်းတွေကို ရွေးဖို့ပဲ အကြံပေးမယ်။ အဲ့လို ဆိုရင် ချက်ပြုတ်တဲ့အခါ အမြင် ပိုလှလိမ့်မယ်။ ”
ပန်း ဘန်းကိတ် လုပ်နည်းက အတော်လေး လွယ်ကူသည်။ အမျိုးသမီး စားဖိုမှူးသည် စိတ်သက်သာရာရသွားသော သက်ပြင်းလေး မှုတ်ထုတ်လိုက်မိသည်။ အနည်းဆုံးတော့ စားဖိုမှူး တစ်ယောက် အဖြစ် သူမရဲ့ ယုံကြည်မှု တချို့ကို သူမ ပြန်ရသွားပါပြီ။
ရိုးရိုး ဖက်ထုပ်တွေကို အိုးထဲမှာ တစ်ခုပြီး တစ်ခု ပေါင်းထားလိုက်ကာ ဝမ်တန်ဖက်ထုပ်တွေကိုလည်း ရေထဲမှာ ပြုတ်ထားလိုက်သည်။
အစပိုင်းမှာ အမျိုးသမီး စားဖိုမှူး သေချာ စောင့်ကြည့်နေခဲ့တဲ့ စွပ်ပြုတ် နှစ်မျိုးက ကျက်ခါနီးနေပြီ ဖြစ်သည်။ စုယန်ယန်က လူ တစ်ယောက်ကို ဘန်းကိတ်ပေါင်း တချို့ကိုလည်း ပေါင်းထားဖို့ ညွှန်ကြားလိုက်သည်။ တစ်ချိန်တည်းမှာပဲ စွပ်ပြုတ်ကို ကြည့်နေတဲ့ အမျိုးသမီး စားဖိုမှူးကိုလည်း ဆန်ပြုတ် နှစ်မျိုး ထပ်ပြုတ်ထားဖို့ ညွှန်ကြားလိုက်၏။
အရာ အားလုံး ချက်ပြုတ်ပြင်တင်ပြီးသည့် အခိုက်အတန့်ဝယ် မီးဖိုချောင် တစ်ခုလုံးထဲတွင် စွပ်ပြုတ် ၊ ဆန်ပြုတ်တွေရဲ့ အချိုရနံ့တွေ ၊ မွှေးရနံ့တွေ သင်းပျံ့လှိုက်တက်နေတော့သည်။
[ အကြာကြီး စောင့်ခဲ့ရပေမဲ့ စောင့်ရတာတွေ အားလုံး စောင့်ရကျိုးနပ်တယ်။ ကြက်စွပ်ပြုတ်က တကယ် အရသာရှိလိုက်တာ။ ဆီလည်း မများဘူး ၊ ညှီလည်း မညှီဘူး။ သောက်ရတာ ပေါ့ပေါ့ပါးပါးလေးနဲ့ ချိုနေတာပဲ ၊ ချိုတယ် ဆိုပေမဲ့ သာမန်ထက် တအားကြီး ချိုရဲနေတာမျိုးလည်း မဟုတ်ဘူး။ ငါ ဒါကို သောက်ပြီးသွားတော့ ခန္ဓာကိုယ် တစ်ခုလုံး နွေးထွေးသွားသလိုပဲ။ ]
[ ငါ အဲ့ဒီ ကြက်သားစွပ်ပြုတ်ကို ကြိုက်တယ်။ အရသာက ရိုးရိုးရှင်းရှင်းနဲ့ ကြက်သားကလည်း စားကောင်းတယ်။ ]
[ ငါကတော့ ဝမ်တန်ဖက်ထုပ် သေးသေးလေးကို ကြိုက်တယ်။ အလွှာပါးပါးလေးက အရမ်း ဝါးလို့ ကောင်းတယ်။ စွပ်ပြုတ် အရသာကလည်း ကြက်သားကို ကြော်ထားတာနဲ့ လုံးဝ မတူဘူး။ သေလောက်အောက် အရသာရှိလွန်းတယ်။ တင်ဆက်သူရဲ့ ဦးနှောက် အလုပ် လုပ်ပုံကို ငါ တကယ် မသိတော့ဘူး။ စားစရာတွေက အရသာရှိရုံတင် မကဘူး ၊ သူမက စားသောက်ပုံ နည်းလမ်းတွေ အများကြီးကိုလည်း တီထွင်နိုင်သေးတယ်။ ]
[ အပေါ်က ကွန်းမန့် မန့်သူရေ ၊ တစ်ယောက်ယောက်ကို ချီးမွမ်းတဲ့အခါ ကျေးဇူးပြုပြီး နင့်ရဲ့ စကားပြောပုံကို ဂရုစိုက်ပါ။ အစတုန်းက နင် တင်ဆက်သူကို ကြိမ်းမောင်းနေတာလို့ ငါ ထင်သွားတာ ( ဟာသ ပြောခြင်း ) ။ ဒါပေမဲ့လည်း ဘဲသားဖက်ထုပ်တွေရဲ့ အပေါ်ယံ အလွှာက အပါးဆုံး ဖြစ်သင့်တယ် မဟုတ်ဘူးလား။ ဒီလောက် ပါးလျနေတဲ့ ဖက်ထုပ် အရွက်ကို ငါ မြင်ဖူးတာ ဒါ ပထမဆုံး အကြိမ်ပဲ။ နင် အဲ့ဒါကို တင်ဆက်သူ ပြောတဲ့ စကားတွေအနေနဲ့ ဘယ်လိုလုပ် ဖော်ပြနိုင်ရတာလဲ။ သလင်းကျောက်လို ကြည်လင်နေတဲ့ ဝမ်တန်ဖက်ထုပ်တွေက ငါ့ရဲ့ အပျိုစင် နှလုံးသားကို တဒိန်းဒိန်း ခုန်လာစေတယ်။ ငါ ဒီဖက်ထုပ်တွေကို အိမ်ယူသွားပြီး ကိုးကွယ်ရှိခိုးချင်လိုက်တာ။ ]
[ ပန်း ဘန်းကိတ်တွေကို ဘယ်သူမှ မကြိုက်ကြဘူးလား။ လုပ်ရ လွယ်တဲ့ ပုံပေါ်တယ်နော် ၊ ထွက်လာတော့လည်း အလွှာ အလွှာလိုက်ကလေးနဲ့ အရမ်း လှတယ်။ အရောင်ကလည်း တောက်ပနေတာပဲ ၊ မင်းတို့ တစ်ကိုက် ကိုက်ကြည့်လိုက်ရင် အရသာကလည်း နူးအိနေမှာ။ ရူးလောက်အောင် စားကောင်းတယ်။ ]
ပေါင်းလိုက်ပါက ပန်း ဘန်းကိတ်ပေါ်မှာ ပိုမို ပြန့်ကားကျယ်ပြန့်လာမည့် ကြက်ခြေခတ် ပုံသဏ္ဍာန်လေး ရှိသည်။ အိုးထဲ ထည့်ပေါင်းလိုက်လို့ ပြန့်ကားကျယ်ပြန့်သွားချိန်မှာ ဖြစ်ပေါ်လာမည့် ပန်း ပုံစံလေးက အတွင်းထဲရှိ ရောင်စုံ ဂျုံမုန့်ညက် အလွှာလွှာကို ပေါ်လွင်လာစေသည်။
ပန်း ဘန်းကိတ်က မြုပ်ဝင်မနေသော်လည်း များစွာ အရသာရှိပြီး အတွင်းထဲမှာ အလွှာ အထပ်ထပ် ပါဝင်သည်။ တစ်ကိုက် ကိုက်လိုက်ချိန်မှာ အမျိုးစုံသော အရသာတွေဟာ ပါးစပ်ထဲ လျှံတက်လာမှာ ဖြစ်သည့်တိုင် ဘန်းကိတ်သားတွေရဲ့ အရသာကိုလည်း ထိထိမိမိ ခံစားရမှာပင်။
ကွန်းမန်းထဲမှာ သဘောထားကွဲလွဲမှု တချို့ ရှိနေပေမဲ့ အပြုသဘောဆောင်တဲ့ သဘောထားကွဲလွဲမှုတွေ ဆိုတာကို စုယန်ယန် သတိထားမိပါသည်။ အကျိုးသင့် အကြောင်းသင့် ဆွေးနွေးနေကြတာပါပဲ။
စုယန်ယန်သည် နောက်ဆုံး ကျန်တဲ့ ကံစမ်းမဲနှိုက်ခြင်းတွေကို အပြုံးလေးဖြင့် လက်စသတ်ပြီးနောက် သူမရဲ့ ခင်ပွန်းကို မနက်စာ လာစားဖို့ ခေါ်ရန် အတွက် ပျော်ရွှင်စွာ ပြေးထွက်လာခဲ့လိုက်၏။