← Chapters

အခန်း ၄၈၄

Vol. 33 Ch. 484

အခန်း ၄၈၄

Vol. 33 Ch. 484

အခန်း ( ၄၈၄ ) ချစ်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အက်ဒမင် ကောင်မလေး။

စုယန်ယန်က အေပရွန်ကို ချွတ်ပြီး မီးဖိုချောင်ထဲကနေ ထွက်လာချိန်မှာ စားစရာတွေ အကုန်လုံး အရာမယွင်းသေးကြောင်း တွေ့သွားသည်။ သူမ စောစောတုန်းက ယူလာခဲ့တဲ့ ကြက်ဥမွှေကြော်က လွဲလို့ ဘာမှ ပုံစံမပျက်။

“ ရှင် ဘာဖြစ်လို့ ဘာမှ မစားတာလဲ။ နောက်တောင် နောက်ကျနေပြီလေ။ ရှင် ဗိုက်မဆာလို့လား။ ”

“ ကိုယ် မင်းကို စောင့်နေတာ။ ” ဟောက်ချန်းဟွမ်းက စုယန်ယန်အား သူ့‌နံဘေး လာထိုင်ရန် လက်ယပ်ခေါ်လိုက်သည်။

“ ကျွန်မကို ပြောစရာ တစ်ခုခု ရှိလို့လား။ ” စုယန်ယန်က နားမလည်နိုင်စွာ သူ့အနား အနည်းငယ် တိုးကပ်သွားလိုက်သည်။ သူမ စကားဆုံးချိန်မှာပဲ သူမရဲ့ လက်ကို ဆုပ်ကိုင်ခံလိုက်ရ၏။

သူက ရှည်သွယ်သွယ် လက်များကို သူမရဲ့ ခါးပေါ် တင်ကာ နူးညံ့စွာ ဖက်ထားကာ အလုပ်တွေ အများကြီး လုပ်ခဲ့ရလို့ ပင်ပန်းနေသော မောပန်းနွမ်းနယ်မှုကို ပြေပျောက်စေခဲ့သည်။

“ မင်း ဒီနေ့ ပျော်နေတာလား။ ”

စုယန်ယန်က သူမရဲ့ ပျော်ရွှင်မှုကို ဖုံးကွယ်မထားခဲ့။ “ ကျွန်မ ဒီနေ့ အရသာရှိတဲ့ စားစရာတွေ အများကြီး လုပ်ထားတယ်။ ကျွန်မတို့ နှစ်ယောက်တည်းပဲ ဆိုရင်တော့ စားလို့ မကုန်လောက်ဘူး။ ကျွန်မရဲ့ အမေနဲ့ ရှောက်ယန်ရဲ့ ကုမ္ပဏီဆီ တစ်ယောက်ယောက်ကို နည်းနည်းပါးပါး ပို့ပေးခိုင်းလိုက်နော်။ ”

စုယန်ယန်ကို ဖက်ထားတဲ့ ဟောက်ချန်ဟွမ်းရဲ့ လက်တွေ ပြေလျော့သွား၏။ “ အဲ့ဒါတွေက ရှောက်ယန် အတွက်လား။ ”

စုယန်ယန် ခေါင်းညိတ်ပြလိုက်သည်။ “ သူ့ကုမ္ပဏီက ဝန်ထမ်းတွေက ဒီနေ့အထိ ကြိုးကြိုးစားစား အလုပ် လုပ်နေကြသေးတယ် မဟုတ်လား။ ”

‘ စိတ်ဝိညာဉ် စားသောက်ပွဲ ’ ကို နှစ်ရက် အတွင်း ထုတ်လွှင့်‌တော့မှာမို့ အလုပ်ပိတ်ရက် ဆိုလျှင်တောင် ကုရှောက်ယန်ရဲ့ ကုမ္ပဏီမှ ဝန်ထမ်းတွေကတော့ နောက်ဆုံး အချိန်မှာ အစစ အရာရာ အဆင်ပြေ ချောမွေ့စေဖို့ အိုဗာတိုင် လုပ်နေကြရသည်။

“ သူတို့က ကျွန်မတို့အတွက် ပိုက်ဆံရှာပေးဖို့ အလုပ် အရမ်း ကြိုးစားနေကြတာလေ။ သူတို့ရဲ့ အလုပ်ရှင် ဘော့စ် တစ်ယောက်အနေနဲ့ သူတို့ အမောပြေအောင်လို့ အကျိုးအမြတ် တချို့တော့ ပေးသင့်တယ် မဟုတ်လား။ ”

“ အဲ့ဒီ အကြောင်းပြချက် တစ်ခုတည်းကြောင့်ပဲလား။ ”

အဲ့ဒါက တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်တာ အသေအချာပင်။

စုယန်ယန် တစ်ယောက် သူတို့အတွက် လက်ဆောင်တွေ အများကြီး လုပ်ပေးရန် မနက် အစောကြီး ထလာရတဲ့ အဓိက အကြောင်းပြချက်ကတော့ သူတို့ တည်ဆောက်ထားတဲ့ ဂိမ်းကမ္ဘာထဲမှာ ဟောက်ချန်ဟွမ်းဟာ အချိန် ခဏကြာ မတ်တပ်နိုင်ခြင်းကို ထိတွေ့ပျော်ရွှင်ခွင့် ရခဲ့လို့ပဲ ဖြစ်သည်။

ဟောက်ချန်းဟွမ်းက အဲ့ဒါကို အကြံပေးခဲ့တဲ့ လူ ဆိုပေမဲ့ သူတို့ကတော့ ကမ္ဘာကြီးကို မူလအတိုင်း ပြန်လည်ဖန်တီးခိုင်းတဲ့ သူတို့အကြီးအကဲရဲ့ အမိန့်ကို လိုက်နာခဲ့ကြတာသာ ရှိပါသည်။

သို့သော်လည်း စုယန်ယန်ကတော့ သူတို့ကို ကျေးဇူးတင်ချင်နေဆဲပါပဲ။

“ မင်းကို ကူညီပေးဖို့ စားဖိုမှူး နှစ်ယောက် ၊ သုံးယောက်ရော ခေါ်ထားရဲ့လား။ ”

“ အင်း။ ကျွန်မ တစ်ယောက်တည်း လုပ်ရင် အရမ်း အချိန်ကုန် ၊ လူပင်ပန်းမှာလေ။ ဘယ်သူ့အကူအညီ မပါရင် နေ့ခင်းလောက်မှ ချက်လို့ ပြီးလောက်တယ်။ ”

ဟောက်ချန်ဟွမ်းက ခဏလောက် စဉ်းစားပြီးမှ ခပ်တိုးတိုး အသံဖြင့် မေးလိုက်သည်။ “ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲက ပရိသတ်တွေက ဘာမှ မ‌ပြောကြဘူးမို့လား။ ”

သူ ဒီနေ့ တော်တော် နောက်ကျမှ အိပ်ရာနိုးလာခဲ့တာကြောင့် စုယန်ယန်ရဲ့ ထုတ်လွှင့်တင်ဆက်မှုထဲမှ ခဏတာ အပိုင်းအခြားလေးကို လွတ်သွားခဲ့ရသည်။ စားဖိုမှူးတွေထဲက တစ်ယောက်ယောက်က တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အခန်းထဲကို စဝင်ကတည်းက ရည်ရွယ်ချက်ရှိရှိ ဇာတ်လမ်းဆင်ထားတာလား ဆိုတာ သူ သိချင်ရဲ့။

ယုကျစ်ယန်က စုယန်ယန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို စောင့်ကြည့်ဖို့ လူ တစ်ယောက်ကို လွှတ်ထားသော်လည်း တစ်ယောက်တည်းနှင့်ပင် ပြဿနာတွေ အကုန်လုံးကို ဖြေရှင်းဖို့ လုံလောက်၏။ ဟောက်ချန်ဟွမ်းကတော့ တကယ်လို့ သူသာ သူမ တိုက်ရိုက်ထုတ်လွှင့်နေတာကို မကြည့်ရင် သူမ ဝမ်းနည်းသွားမှာကို စိုးရိမ်နေဆဲ ဖြစ်သည်။

“ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက ပရိသတ်တွေလား။ ဟင့်အင်း ၊ သူတို့ ဘာပြောနိုင်မှာမို့လို့လဲ။ ” စုယန်ယန်က မျက်လုံး လှိမ့်လိုက်ပြီးမှ တစ်စုံတစ်ခုကို တွေးမိသွားကာ တိုးတိုးဖွဖွ ရယ်မောလိုက်သည်။ “ ကျွန်မရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲမှာ အရမ်း ချစ်စရာ‌ကောင်းတဲ့ အက်ဒမင် ကောင်မလေး တစ်ယောက် ရှိတယ်။ ”

ဟောက်ချန်းဟွမ်းရဲ့ မျက်နှာ အမူအရာက အေးခဲသွား၏။ “ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အက်ဒမင် ကောင်မလေး … ဟုတ်လား။ ”

စုယန်ယန်က သူ့မျက်နှာ အမူအရာ ပြောင်းလဲသွားတာကို သတိပြုမိကာ ရယ်ချင်သွားသည်။ “ ဟုတ်တယ်။ သူမက ချမ်းလည်း ချမ်းသာ ၊ ချစ်စရာလည်း‌ကောင်းတဲ့ ကောင်မလေး တစ်ယောက်။ ”

ဘယ်လို … ချစ်စရာကောင်းတယ် … ။ စိတ်ကို တည်ငြိမ်‌အောင် ထိန်းချုပ်ခြင်းနှင့် ကျင့်သားရနေတာ မကြာသေးသော ဥက္ကဌဟောက်သည် ထိုစကားတွေကြောင့် မျက်လုံးထဲမှာ ကြယ်တွေ ၊ လတွေ မြင်သွားခဲ့သည်။ ခဏ ကြာတော့မှ သူ အောင့်သက်သက်နှင့် မေးလိုက်၏။ “ အဲ့ဒါ မိန်းကလေးမှန်း မင်း ဘယ်လိုလုပ် သိလဲ။ ”

စုယန်ယန်က အပြစ်ကင်းစင်စွာ မျက်တောင်လေး ပေကလပ် ပေကလပ် လုပ်လိုက်သည်။ “ သူမကိုယ်တိုင် အဲ့လို ပြောတာပဲလေ။ ”

ဟောက်ချန်ဟွမ်း : “ … ”

တခဏ တိတ်ဆိတ်သွားပြီးမှ နောက်ဆုံးမှာ ဟောက်ချန်ဟွမ်းဆီက အသံထွက်လာခဲ့သည်။ သူ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “ အွန်လိုင်းပေါ်မှာ လူပေါင်းစုံ ရှိတာပဲ။ သူတို့ ပြောသမျှ စကားတွေက အမှန် ဟုတ်ချင်မှ ဟုတ်မှာ။ ”

ထိုအချိန်မှာ စုယန်ယန်က ဟောက်ချန်ဟွမ်းနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေခဲ့ပြီ ဖြစ်သည်။ သူမက လက် တစ်ဖက်ပေါ် မေးတင်ထားကာ နှုတ်ခမ်း ထောင့်စွန်း တစ်ဖက်တည်း ပြုံးသော အပြုံးဖြင့် သူ့ကို ကြည့်လိုက်သည်။ “ သူမက ကျွန်မကို လိမ်နေတာလို့ ရှင် ထင်တယ်လို့ ကျွန်မကို ပြောချင်တာလား။ ”

All Chapters