အခန်း ၄၈၅
Vol. 33 Ch. 485
အခန်း ( ၄၈၅ ) အတုအယောင် ညီအစ်ကို ဆက်ဆံရေး။
လူလိမ် ဟောက်ချန်ဟွမ်း : “ … ”
“ အဟမ်း … ” ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ မျက်လုံးတွေကို မကြည့်ရဲဘဲ မလုံမလဲ အကြည့်လွှဲလိုက်သည်။ “ မင်း တခြား လူတွေကို သတိထားရမယ်လေ။ ငါ ပြောတာ မမှားလောက်ပါဘူး ၊ မင်း သတိထားဖို့ လိုတယ်။ ”
သူ့စကားမှာ မျောသွားပုံရသော စုယန်ယန်က ခေါင်းညိတ်ပြီးမှ တစ်စုံတစ်ရာကို တွေးမိသွားကာ ခပ်တိုးတိုး ရယ်လိုက်သည်။ “ ဒါပေမဲ့ ဝက်ဘ်ဆိုဒ်ကို အဆင့်မြှင့်ထားသားပဲ။ အွန်လိုင်း အသုံးပြုသူတွေက ယောက်ျားလေး ဖြစ်ရက်သားနဲ့ မိန်းကလေးပါလို့ လိမ်တာမျိုး ၊ မိန်းကလေး ဖြစ်ရက်သားနဲ့ ယောက်ျားလေးပါလို့ လိမ်တာမျိုး လုပ်လို့ မရတော့ဘူးလေ။ ကျွန်မ သူရဲ့ လိင် သတ်မှတ်ချက် ဘားတန်းလေးကို ကြည့်ပြီးသွားပြီ ၊ တကယ် မိန်းကလေးအစစ်ပါ။ ”
ဟောက်ချန်ဟွမ်းရဲ့ ခန္ဓာကိုယ်ဟာ နောက်တစ်ကြိမ် တောင့်တင်းသွားပြန်သည်။ သူ့သရုပ်မှန်ကို ဖုံးကွယ်ထားရန် အတွက် သူ အဲ့ဒါကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲထားခဲ့တာ ဖြစ်သည်။
ကိုယ့်အတတ်နှင့် ကိုယ် ပြန်စူးလိမ့်မယ်လို့ သူ တစ်ခါမှ မျှော်လင့်မထားဖူး။
“ ကိုယ် အတွေးလွန်နေတာ ဖြစ်ပါလိမ့်မယ်။ ” ဟောက်ချန်ဟွမ်း လက်မြှောက် အရှုံးပေးလိုက်တော့သည်။
စုယန်ယန်က သူ့ဘေးတစောင်း မျက်နှာလေးကို ကြည့်ကာ ပြုံးမိသည်။ သူ့ကို ကြောက်အောင် ခြောက်ရတာ အတော်လေး ပျော်စရာကောင်းတယ်လို့ သူမ ရုတ်တရက်ပဲ ခံစားလာရသည်။
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ မနက်စာ စားပြီးချိန်မှာ အမျိုးသား စားဖိုမှုူး လုပ်ထားသော ပန်း ဘန်းကိတ်ပေါင်းတွေ ၊ ဝမ်တန်ဖက်ထုပ်တွေ ၊ ရိုးရိုး ဖက်ထုပ်တွေနှင့် ပန်ကိတ်တွေကို ကုရှောက်ယန်ရဲ့ ဝန်ထမ်းတွေဆီ ပို့ပေးပြီးသွားပြီ ဖြစ်သည်။
စွပ်ပြုတ်နှင့် ဆန်ပြုတ်ထဲသို့ တရုတ် တိုင်းရင်းဆေး ပါဝင်ပစ္စည်း အနည်းငယ်ကို သူမ ထပ်ထည့်လိုက်သေးသည်။ လူ တချို့ မစားနိုင်မှာကို ကြိုတင် ကာကွယ်သည့်အနေဖြင့် သူမ အများကြီး ပြင်မထားဘဲ သူမမိသားစု အတွက် နည်းနည်းလောက်သာ လုပ်ထားခဲ့သည်။
အဲ့လို ဆိုရင်တောင်မှ ကုရှောက်ယန်ကတော့ ဦးလေးကျန်း ကိုယ်တိုင် လာပို့သော ဤ ‘ လက်ဆောင်ကြီး ’ ကို ရရှိချိန်မှာ အလွန် အံ့ဩဆွံ့အသွားခဲ့၏။
‘ စိတ်ဝိညာဉ် စားသောက်ပွဲ ’ ရဲ့ တာဝန်ရှိသူ တစ်ယောက် ဖြစ်သဖြင့် သူ ဒီနေ့ အိုဗာတိုင် လုပ်နေရဆဲပင်။ အကျိုးဆက်အနေဖြင့် စုယန်ယန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို သူ လွမ်းလာကာ ဒီစားစရာတွေကို ပိတ်ရက်မှာ အိုဗာတိုင် လုပ်နေတဲ့ ဝန်ထမ်းတွေ အတွက် ရည်ရွယ်ထားမှန်း မသိခဲ့။
သူတို့ နှစ်ယောက်လုံး ယုကျစ်ယန်ကို သိပေမဲ့ စုယန်ယန် ပြောတဲ့ ဝန်ထမ်းတွေ ဆိုတာ သူမရဲ့ စားသောက်ဆိုင်က ဝန်ထမ်းတွေကို ပြောတာလို့ပဲ ထင်ထားခဲ့ကြတာပါ။
“ မင်းတို့တွေ ပိတ်ရက်မှာ အလုပ် လုပ်နေကြတယ်လို့ သခင်မလေးက ပြောတယ်။ မင်းတို့ ပင်ပန်းနေကြမှာပဲ။ မင်းတို့ အစားရော သေချာ စားရဲ့လားလို့ ဦးလေး အံ့ဩမိတယ်။ ဦးလေးကို သခင်မလေးက ဦးလေးကို စားစရာ တချို့ ပို့ခိုင်းလိုက်လို့ လာပို့ပေးတာ။ မင်းတို့ ကြိုက်ကြရဲ့လားတော့ မသိဘူး။ ကြိုက်,ကြိုက် ၊ မကြိုက်ကြိုက် နည်းနည်းတော့ စားလိုက်ကြ။ ဟုတ်ပြီလား။ ”
ကုရှောက်ယန်သည် ဝမ်တန်ဖက်ထုပ် စွပ်ပြုတ် ဘူးတွေ နောက်မှာ အစီအတန်းလိုက် ရှိနေသော စားချင်စရာ ကိတ်မုန့်ပွတွေကို ကြည့်ကာ တစ်ယောက်တည်း တွေးလိုက်မိသည်။ “ ဒီစားစရာတွေကို မဆိုးပါဘူးလို့ပဲ သတ်မှတ်မယ် ဆိုရင် သူတို့ ခုနတုန်းက စားထားတာတွေက သေချာပေါက် ဝက်စာတွေပဲ။ ”
“ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့။ ကုမ္ပဏီက လူတိုင်း သခင်မလေး ဘယ်လောက် စိတ်ထား ပြည့်ဝမှန်း သိကြပါတယ်။ သူမက အကောင်းဆုံးပဲ။ အိုဗာတိုင် လုပ်တာက ကျွန်တော်တို့ကို အခုလို အစားကောင်း စားရစေတဲ့ ကံကောင်းမှုတွေ ယူဆောင်လာပေးမယ်မှန်းသာ သိရင် ကုမ္ပဏီကို အဲ့ဒီ သကောင့်သားလေးတွေကိုပဲ တာဝန်ယူခိုင်းထားမှာပေါ့ဗျာ။ ကျေးဇူးပြုပြီး ပြန်ရောက်ရင် သခင်မလေးကို စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဦး။ ကျွန်တော် ဝန်ထမ်းတွေကိုလည်း ဒီစားစရာတွေကို အမြန်ဆုံး ခွဲဝေပေးလိုက်ပါ့မယ်။ ”
“ ကျေးဇူးပါကွယ်။ ”
“ ကိစ္စမရှိပါဘူးဗျာ။ ”
ကုရှောက်ယန်သည် ဦးလေးကျန်းကို လိုက်ပို့ပေးပြီးနောက် ချက်ချင်းပဲ သူ့ဖုန်းကိူ ထုတ်ကာ အစားအသောက်တွေကို ၃၆၀ ဒီဂရီ ဆယ်လ်ဖီ တစ်ပုံ ရိုက်လိုက်သည်။
ရိုက်ပြီးသွားတော့ ကော်ပီ ပြန်ချကာ ကုမ္ပဏီ Group Chat ထဲကို ပို့လိုက်ပြီး စားစရာတွေကို ကူသယ်ခိုင်းရန် လူ တစ်ယောက်ကို ခေါ်လိုက်၏။
ဓာတ်ပုံ ကော်ပီ တစ်ခုကိုတော့ လူ သုံးယောက် Group ထဲ ကြွားဝါရန် ပို့လိုက်လေသည်။
“ သခင်မလေး ပြင်ပေးထားတဲ့ အိုဗာတိုင် အစားအစာတွေလေ။ ဒီနေ့ မမျှော်လင့်ဘဲ စပရိုက် အတိုက်ခံလိုက်ရတယ်။ ဟဲဟဲဟဲ … ”
ကျိုးယန်ပိုင် : “ … ”
ယုကျစ်ယန် : “ … ”
Group ထဲက လူ နှစ်ယောက်ဟာ ထိတ်လန့်သော အီမိုဂျီတွေ အများကြီး ပို့ခဲ့ကြသည်။ နောက်ဆုံးမှာတော့ ယုကျစ်ယန်က အရေးကြီးတဲ့ မေးခွန်းကို အရင်ဆုံး မေးလိုက်သည်။ “ ဘာလို့လဲ။ ဘာလို့ မင်းက သခင်မလေးကိုယ်တိုင် လုပ်ပေးထားတဲ့ အစားကောင်း အသောက်ကောင်းတွေကို စားနိုင်ရတာလဲ။ ငါပဲ အဲ့ဒါမျိုး မစားရတာ ၊ ငါပဲ မစားရတာ။ ”
ကုရှောက်ယန်က ရုတ်တရက် ပြောလိုက်သည်။ “ ငါ မင်း အတွက် နည်းနည်း ချန်ထားပေးမယ်လေ။ ”
ယုကျစ်ယန်ထံမှ တုံ့ဆိုင်းမှုမရှိ စာပြန်လာသည်။ “ တော်လိုက်တဲ့ ငါ့အစ်ကို။ ငါ အခုချက်ချင်း ထွက်လာပြီ။ ”
ကျိုးယန်ပိုင်သည်လည်း ဓာတ်ပုံထဲက သွားရည်ယိုချင်စရာ စားစရာတွေကို ကြည့်ကာ အကဲစမ်းကြည့်လိုက်သည်။ “ ဒါဆို ငါရော … ”
“ မင်းအတွက် တစ်ခုမှ မရှိဘူး။ အငတ်နေ။ ”
ကျိုးယန်ပိုင် : “ … ” ဒီ အတုအယောင် ညီအစ်ကို ဆက်ဆံရေးက ပျက်စီးလွယ်လိုက်တာ … ။