အခန်း ၄၈၆
Vol. 33 Ch. 486
အခန်း ( ၄၈၆ ) သတင်းထောက်တွေ ဝိုင်းထားတာ ခံရခြင်း
ဂိမ်းထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် ကြည်လင်နေသော စုယန်ယန်၏ စိတ်လေးသည် ရက် အနည်းငယ်သာ ကြာရှည်ခံခဲ့သည်။
သူမ တုန်ချမ်းကို အလုပ် လုပ်ဖို့ ပြန်သွားသည့် မနက်မှာပဲ ဟောက်ချန်ဟွမ်းကို သူ့ခြေထောက်တွေအကြောင်း စကားစလိုက်လေသည်။
စုယန်ယန်က သူ့အလစ်မှာ သူ့ကို ဖျတ်ခနဲ နမ်းလိုက်၏။ “ အားပြန်ပြည့်အောင်လို့ အိမ်မှာပဲ နေနော်။ ရှင် ကျွန်မရှေ့မှာ မတ်တပ်ရပ်နိုင်မယ့် နေ့ကို ကျွန်မ စောင့်နေမယ်။ ”
ဟောက်ချမ်ဟွန်းက သူမရဲ့ လျှပ်တစ်ပြက် တိုက်ခိုက်မှုတွေနှင့် ကျင့်သားရနေပြီ ဖြစ်သည်။ သူ တည်ငြိမ်စွာ ပြောလိုက်သည်။ “ မင်း အရမ်း စိတ်အားထက်သန်နေတာလား။ ”
“ အင်း။ ” ဂိမ်းထဲမှာ ဟောက်ချန်ဟွမ်း မတ်တပ်ရပ်တာကို သူမ မြင်ခဲ့ရသော်လည်း ပုံရိပ်ယောင် ကမ္ဘာ ဆိုတာက လက်တွေ့ကမ္ဘာနှင့် မတူကွဲပြားနေပါသေးသည်။
ပြောရရင် ဟောက်ချန်ဟွမ်း လက်တွေ့ကမ္ဘာမှာ အပြည့်အဝ သက်သာသွားတာကို သူမ ပိုမြင်ချင်သည်။
“ မင်း ကိုယ် မတ်တပ်ရပ်တာကို မြင်ရဖို့ မစောင့်နိုင်တာလား ၊ ဒါမှမဟုတ် ကိုယ်နဲ့အတူ ဝဝဖြိုးဖြိုး သားယောက်ျားလေး တစ်ယောက် မွေးဖို့ မစောင့်နိုင်တာလား။ ”
စုယန်ယန် ဆွံ့အသွား၏။ သူမ တီးတိုး ပြောလိုက်သည်။ “ မိန်းကလေး မမွေးဘဲ ဝဝဖြိုးဖြိုး ယောက်ျားလေး တစ်ယောက် မွေးမယ်လို့ ရှင် ဘယ်လို သိတာလဲ။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ အရောင် တောက်သွားသည်။ “ မိန်းကလေး ဆိုလည်း ကောင်းတာပဲ။ ကိုယ်က သမီးတွေကို သဘောကျတယ်။ အဲ့တော့ မင်းက သမီး ပိုလိုချင်တာပေါ့။ ”
စုယန်ယန်က ဟွန့်ခနဲ နှာခေါင်းလေး ရှုံ့လိုက်သည်။ “ ကျွန်မတို့ သားရော ၊ သမီးရော မွေးလို့ မရဘူးလား။ ”
ထို့နောက် ဟောက်ချန်ဟွမ်းရဲ့ တုံ့ပြန်မှုကို မစောင့်ဘဲ ချက်ချင်း လှည့်ထွက်လာကာ ကားထဲ ဝင်လိုက်သည်။
ဟောက်ချန်ဟွမ်းသည် သူမ ထွက်သွားတာကို ကြည့်နေစဉ်မှာ သူ့နှုတ်ခမ်းထောင့်စွန်းတွေက အပေါ်ကို အနည်းငယ် ကွေးတက်နေခဲ့သော်လည်း မျက်လုံးတွေကတော့ ရှင်းပြလို့ မရနိုင်လောက်အောင် အန္တာရာယ်များနေခဲ့သည်။
စုယန်ယန်က ကုမ္ပဏီဆီသို့ စိတ်လှုပ်ရှား ရင်ခုန်စွာ ပြေးသွားခဲ့သည်။ သို့သော် သူမ ကားထဲကနေ ထွက်လိုက်သည့် အခိုက်အတန့်မှာပဲ အနီးအနားမှာ ဘယ်တုန်းကတည်းက ရောက်နေကြမှန်း မသိသော သတင်းထောက် အနည်းငယ်ကို မြင်လိုက်ရသည်။
အစတုန်းကတော့ သူမ သူတို့ကို သိပ်ဂရုစိုက်မိ။ ထိုမီဒီယာ အဖွဲ့အစည်းတွေကို ကုမ္ပဏီမှ အနုပညာရှင် တစ်ယောက်ယောက်က ကြော်ငြာ ကမ့်ပိန်း အတွက် ငှားရမ်းထားတာလို့ ထင်နေခဲ့တာ ဖြစ်သည်။
သူမ ကားပေါ်က ဆင်းလိုက်ရုံ ရှိသေး ၊ အံ့ဩစရာကောင်းစွာဖြင့် သတင်းထောက် လူစုကြီးက ချက်ချင်းပဲ လှုပ်လှုပ်ရှားရှား ဖြစ်လာကာ သူမကို ပတ်လည်ဝိုင်းထားခဲ့ကြသည်။
စုယန်ယန်သည် မကောင်းတာ တစ်ခုခု ဖြစ်တော့မည် ဟူသော ခံစားချက်ဖြင့် ထိတ်ခနဲ လန့်သွားမိသည်။
မျှော်လင့်ထားသလိုပင် ဒီလူစုရဲ့ ဦးတည်ချက်က အလွန် သိသာပါသည်။ သူတို့က သူမကို ချက်ချင်း ဝိုင်းထားခဲ့ကြသည်။
“ တုန်ချမ်းက ရှင့်အစ်ကိုရဲ့ ကုမ္ပဏီ ဖြစ်ခဲ့ဖူးတယ်နော် မစ္စစု။ ရှင် တုန်ချမ်းကို လွှဲပြောင်းယူလိုက်တုန်းက ရှင့်အစ်ကိုရဲ့ သဘောထားကရော ဘယ်လိုပါလဲ။ ”
“ အွန်လိုင်းပေါ်မှာ မင်းရဲ့ ခင်ပွန်းက မင်းနဲ့ စေ့စပ်ထားတဲ့ သတို့သားလောင်း အဟောင်းရဲ့ ဦးလေး ဆိုတဲ့ ကောလဟာလတွေ ပြန့်နေပါတယ် မစ္စစု။ မင်းတို့ နှစ်ယောက် မင်းတို့ရဲ့ ဆက်ဆံရေးကို ဘယ်အချိန်မှာ အတည်ပြုခဲ့တာလဲ ဆိုတာ ကျွန်တော် သိပါရစေ။ ”
“ မင်းနဲ့ မင်းကုမ္ပဏီက အနုပညာရှင်တွေ ဖြစ်တဲ့ လော့ဝေပင်း ၊ လော့ဟန်တို့ရဲ့ မရှုပ်မရှင်း ဆက်ဆံရေးကို ထည့်တွက်ရမယ် ဆိုရင် အင်တာနက်ပေါ်မှာ ပြောနေကြတာတွေက အမှန်တွေလား ၊ ဒါမှမဟုတ် အခြေအမြစ်မရှိတဲ့ ကောလဟာလတွေလား ဆိုတာ ကျွန်တော် မေးချင်ပါတယ်။ ”
“ မစ္စစု … ”
“ မစ္စစု … ”
စုယန်ယန်အရှေ့ကို မိုက်တွေ တစ်ခုပြီး တစ်ခု ရောက်လာသည်။ သူတို့က စုယန်ယန်ဟာ ထိုမိုက်တွေကို သူမပါးစပ်နား ကပ်ပြီး သူမရဲ့ စိတ်ရင်းအမှန်ကို လူထုဆီ ပြောပြပါစေလို့ ဆုတောင်းနေခဲ့ကြသည်။
စုယန်ယန် မျက်မှောင်ကြုတ်လိုက်ပြီး သူမရဲ့ မျက်နှာကလည်း မည်းမှောင်သွားခဲ့သည်။ “ ရှင်တို့ လူမှားပြီး လာရှာနေကြတာပဲ။ ကျွန်မက နာမည်ကြီး အနုပညာရှင် မဟုတ်ဘူး ၊ အဲ့ဒါကြောင့် ကျွန်မက ရှင်တို့ မေးတဲ့ မေးခွန်းတွေကို ဖြေစရာလည်း မလိုဘူး။ ကျွန်မ ကုမ္ပဏီထဲ ဝင်တော့မယ်။ တဆိတ်လောက် ဖယ်ပေးကြပါ။ ”
စုယန်ယန်ကို ဝိုင်းထားသော လူများက သူမ အဲ့ဒီလို ပြောလာလိမ့်မည်ဟု လုံးဝ ထင်မထားကြ။ သူတို့ အားလုံး ခဏလောက် ပြောစရာစကားမရှိ ဆွံ့အသွားရသော်လည်း ထွက်မသွားချင်ကြသေးပေ။ သူတို့သည် ခြေ တစ်လှမ်းတောင် နောက်မဆုတ်ဘဲ သူမကို ဆက်လက် ပတ်လည်ဝိုင်းထားခဲ့ကြသည်။
ထိုအချိန်မှာ ရှားကျွင်းရှန့်ကလည်း တိုက်တိုက်ဆိုင်ဆိုင်ပင် ပထမထပ် ဧည့်သည်စောင့်ခန်းထဲကို ဝင်လာခဲ့သည်။ သူ အပေါ်ထပ် တက်ဖို့ လုပ်နေစဉ်မှာပဲ “ ကျွန်တော်တို့ … ကျွန်တော်တို့ ကုမ္ပဏီ ဝင်ပေါက်မှာ ဥက္ကဌစု ရောက်နေပြီ။ သူမကို ယုတ်မာကောက်ကျစ်တဲ့ သတင်းထောက်တွေ အများကြီးက ဝိုင်းထားလို့ သူမ ကုမ္ပဏီထဲ ဝင်လို့ မရ ဖြစ်နေပါလား။ ” ဟု လူ တစ်ယောက် အံ့ဩတကြီး ပြောလိုက်သံကို ကြားလိုက်ရလေသည်။
ရှားကျွင်းရှန့် ထိတ်လန့်သွား၏။ မှန်တံခါးမှ တစ်ဆင့် လှမ်းကြည့်လိုက်တော့ အပြင်ဘက်က အပြင်ဘက်က အုတ်အော်သောင်းတင်း အခြေအနေကို မြင်သွားသည်။ စုယန်ယန်ကို အမြန် ထွက်ကူညီဖို့ လုံခြုံရေးတွေကို သူ ချက်ချင်း ခေါ်လိုက်သည်။
“ လမ်းဖယ်ပေးပါ။ ကျေးဇူးပြုပြီး လမ်းဖယ်ပေးကြပါ။ ” ရှားကျွင်းရှန့်နှင့် လုံခြုံရေးအစောင့် အနည်းငယ်သည် သတင်းထောက်တွေကို တွန်းထုတ်ပြီး စုယန်ယန်ဆီသို့ လျှောက်သွားလိုက်ကြသည်။ သူတို့ သူမကို လူအုပ်ထဲကနေ ထွက်သွားစေနိုင်ရန် အတွက် ဘေးကနေ ကိုယ်ရံတော် အဖြစ် လိုက်ပို့ပေးမှာပါ။
ထွက်သွားတော့မည့် စုယန်ယန်ကို မြင်ချိန်မှာ အကုန်လုံး ကြောင်အငြိမ်သက်နေရာမှ သတိဝင်လာကြသည်။ သူတို့ သူမကို ဘယ်လိုလုပ် လွယ်လွယ်လေးနဲ့ လက်လွှတ်ပေးနိုင်မှာလဲ။ သူတို့ အားလုံးဟာ မရမက ကျားကုတ်ကျားခဲ ကြိုးစားသည့်အနေဖြင့် စုယန်ယန်ကို ကျယ်လောင်စွာ အော်မေးလိုက်ကြသည်။