အခန်း ၄၈၉
Vol. 33 Ch. 489
အခန်း ( ၄၈၉ ) သူ့ဇနီးလေးကို သူ ထာဝရ သစ္စာရှိရှိ မြတ်နိုးသွားမယ်။
သတင်းထောက် လူအုပ်ကြီးသည် ‘ လူထုကြား အချစ်ဇာတ်လမ်း ထုတ်ဖော်ပြသပွဲ ’ ကို ထိုင်ကြည့်နေရသည့် ပရိသတ်များ အဖြစ်သို့ ရုတ်တရက်ပဲ ပြောင်းလဲသွားသည်။
တစ်ကိုယ်တည်းသမား သတင်းထောက် : “ … ” သောက်ကျိုးနည်း ၊ သူမ ဂုဏ်ဆာနေတာပဲ။ ဒါ သေချာပေါက် ငါတို့ကို လာကြွားနေတာပဲ။
“ သူနဲ့ ပတ်သက်ပြီး ခံစားရတဲ့ ခံစားချက်က အချစ် တစ်ခုတည်းတင် မဟုတ်ဘူး ၊ သူက ကျွန်မရဲ့ ကိုးကွယ်ရာပါ။ ကျွန်မဘဝရဲ့ နတ်ဘုရား တစ်ပါးပါ။ ” စုယန်ယန်ရဲ့ လက်တွဲဖော် အပေါ် ထားသော ခံစားချက်တွေက သူတို့လို သာမန် လူတွေ ယှဉ်လို့ ရသော ခံစားချက်တွေ မဟုတ်ပေ။
စုယန်ယန်က သူမကို ဝိုင်းထားသော သတင်းထောက်တွေကို ကြည့်ကာ သရော်ပြုံး ပြုံးမိသည်။ ထို့နောက် သူမ ရှားကျွင်းရှန့်နောက် လိုက်ကာ ရုံးထဲ လျှောက်ဝင်သွားလိုက်၏။
ဖြစ်သွားတဲ့ အဖြစ်အပျက်ကို သတင်းထောက်တွေ သဘောပေါက်သွားချိန်မှာတော့ စုယန်ယန် တစ်ယောက် မရှိတော့ပါဘူး။ မရေမတွက်နိုင်လောက်အောင် တိုက်ခိုက်ခံခဲ့ရသလို ခံစားရသော အမျိုးသား ၊ အမျိုးသမီးတွေသာ ကျန်ရစ်ခဲ့သည်။
ရှားကျွင်းရှန့်က အုတ်အော်သောင်းတင်း အခြေအနေကို ဘေးကနေ ကြည့်ကာ သူ့နဖူးပေါ်က ချွေးစီးတွေကို တိတ်တဆိတ် သုတ်လိုက်သည်။ “ အခု အရမ်းကို အန္တာရာယ်များနေတာနော်။ ညီမ ပြောတဲ့ စကားကို ကြားတော့ အစ်ကို တော်တော်လေး လန့်သွားတာ။ ”
ဖြတ်တောက်ထားတဲ့ ဘယ်လို ကျပန်း အင်တာဗျူး ဗီဒီယိုမဆို ကီးဘုတ်ဖိုက်တာတွေ အတွက် စုယန်ယန်ကို တိုက်ခိုက်ဖို့ အကွက်ရစရာ ဖြစ်သွားနိုင်သည်လေ။ သူ စိုးရိမ်လွန်းလို့ နှလုံးခုန်သံတွေတောင် မူမမှန်တော့မလိုပဲ။
စုယန်ယန်က သူ့ကို ကြည့်ကာ ခပ်တိုးတိုး ရယ်လိုက်သည်။ “ အစ်ကို ဘာကို ကြောက်နေတာလဲ။ ညီမက အနုပညာရှင် မဟုတ်တဲ့ ဘော့စ် တစ်ယောက် ဆိုတာ အစ်ကို မေ့မထားနဲ့။ ”
ဘော့စ်က ကုမ္ပဏီရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေလျှင်တောင်မှ အနုပညာရှင်တွေမှာ သူတို့အပေါ် တခြား လူတွေ မြင်တဲ့ ပုဂ္ဂိုလ်ရေးအမြင် ဆိုတာ ရှိသလို ဘော့စ်မှာလည်း သူမအပေါ် တခြား လူတွေ မြင်ကြတဲ့ ပုဂ္ဂိုလ်ရေးအမြင် ဆိုတာ ရှိပါသည်။
အနုပညာရှင်တွေ သူတို့စီနီယာတွေကို ပြောတဲ့ စကားတွေထဲမှာ လေးစားမှု မရှိဘဲ မယဉ်ကျေး ၊ အထက်စီးဆန်ဆန် ပုံစံ ပေါက်သည့် စကား တချို့ ရှိသော်လည်း ထိုစကားတွေကို ဘော့စ်က ပြောလျှင်ဝောာ့ ရဲဝံ့ဖြောင့်မတ်သော အုပ်ချုပ်သူ တစ်ယောက်က ပြောတဲ့ စကားတွေ ဖြစ်သွားသည်။
ရှားကျွင်းရှန့်က သူမရဲ့ စကားတွေကြောင့် ရယ်ချင်သွားလေသည်။ “ ညီမက ကိုယ့်ကိုယ်ကိုယ်တော့ ဘော့စ်လို့ သိနေသေးသားပဲ … ။ ဟိုသတင်းထောက်တွေ ညီမခင်ပွန်း အကြောင်း ပြောတာကို ကြားပြီးတော့ ညီမကိုယ်ညီမ ဘယ်သူလဲ ဆိုတာ မေ့သွားပြီလို့ အစ်ကိုက ထင်နေတာ။ ”
စုယန်ယန်က ၂ စက္ကန့် ၊ ၃ စက္ကန့်လောက် မျက်နှာလေး ရဲသွားပြီးမှ သူမ လုပ်ခဲ့သော အရာ အတွက် ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှုကို ဖုံးကွယ်လိုက်သည်။ “ အွန်းလိုင်း စကားဝိုင်းတွေကို စောင့်ကြည့်ဖို့ လူ တစ်ယောက်ကို တာဝန်ပေးထားလိုက်ပါ အစ်ကို။ တစ်ယောက်ယောက်က ဒီအခွင့်အရေးကို ပြဿနာရှာဖို့ အသုံးချနေတယ် ဆိုရင် သူတို့နဲ့ ဘာမှ အချိန်ဖြုန်းနေစရာ မလိုဘူး။ ညီမတို့ သူတို့ကို အချိန်မရွေး တရားစွဲလို့ ရတယ်။ ”
ရှားကျွင်းရှန့် : “ … ” အချစ်နွံ နစ်နေတဲ့ မိန်းကလေးတွေက သူတို့ ချစ်တဲ့ လူကို ကာကွယ်ပေးချင်ပြီဆို ကြောက်စရာကောင်းလိုက်တာ။
စုယန်ယန်က ကုမ္ပဏီထဲ ဝင်ရုံပဲ ရှိသေးချိန်မှာ ဟောက်ချန်ဟွမ်းကလည်း ကုမ္ပဏီဝင်ပေါက်မှာ သူမ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ကြားခဲ့ရသည်။
“ ဒီမနက် သခင်မလေး အလုပ်သွားတာ ပြဿနာ တချို့နဲ့ ကြုံခဲ့ရတယ် သခင်လေး။ ”
“ သူမ ဒုက္ခရောက်နေတာလား။ ” ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ အေးစက်သွားသည်။ “ သူမ အဆင်ပြေရဲ့လား။ ”
“ အဲ့လို မဟုတ်ဘူးဗျ။ အထိနာသွားတဲ့ လူတွေက သတင်းထောက်တွေပါ။ သခင်မလေးက သခင်လေးနဲ့ သခင်မလေးတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို တကယ့်ကို ပြတ်ပြတ်သားသား ကာကွယ်ပေးခဲ့ဝာာ။ ”
“ သူမက ငါတို့ အိမ်ထောင်ရေးကို ကာကွယ်ပေးခဲ့တယ်။ ” ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေဟာ လက်ခနဲ တောက်ပသွားသည်။ “ တိုက်ရိုက် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ၊ ဘာတွေ ရှိလား။ ”
“ ဟုတ်ကဲ့။ ” ထိုအဖြစ်အပျက် ဖြစ်နေစဉ်တုန်းက စုယန်ယန်နောက်ကို လိုက်နေခဲ့သော သက်တော်စောင့်သည် သူ ခိုးကြောင်ခိုးဝှက် ရိုက်ယူထားသော ဗီဒီယိုကို ဟောက်ချန်ဟွမ်းအား ပေးလိုက်၏။
သခင်မလေးနောက်ကို လိုက်ပြီး တိတ်တဆိတ် ကာကွယ်ပေးဖို့ သူ့ကို တာဝန်ပေးထားတာ ဆိုပေမဲ့ သက်တော်စောင့်သည် သူ့ကိုယ်သူ နောက်ယောင်ခံလိုက်သူ တစ်ယောက်နှင့် တဖြည်းဖြည်း ပိုတူလာတယ်လို့ ခံစားလာရသည်။
ဟောက်ချန်ဟွမ်းကတော့ သက်တော်စောင့် ဘာတွေ တွေးနေလဲ ဆိုတာ မသိ။ ဇာတ်လမ်း တစ်ခုလုံးကို ဖတ်ပြီးနောက် လူ အများကြီးရှေ့မှာ သူ့ကို သူမရဲ့ နတ်ဘုရားပါလို့ ပြောနေသော စုယန်ယန်ကို မြင်ချိန်မှာ သူ့မျက်လုံးတွေ နူးညံ့သွားခဲ့သည်။
သူ့ကို ဘေးကနေ ကြည့်နေသော သတင်းထောက်ရဲ့ စိတ်ထဲမှာ ခပ်ချဉ်ချဉ် ဖြစ်သွားသည်။ ဒီလို ချစ်စရာကောင်းပြီး ကာကွယ်ပေးတတ်တဲ့ ဇနီးလေးကို ရထားတဲ့ သူ့ဘော့စ်ကို သူ အရမ်း အားကျ မနာလိုမိပါရဲ့။
“ သခင်မလေး လုပ်ခဲ့တာ ဘာမှ မမှားပါဘူး သခင်လေး။ တချို့ လူတွေက သခင်မလေး ပြောတဲ့ စကားတွေက သူတို့ လိုချင်တာလောက်ကိုပဲ ဖြတ်ထုတ်ပြီး လူအများ ထင်ယောင်ထင်မှား ဖြစ်အောင် သတင်းရေးမှာ ၊ သခင်လေးနဲ့ သခင်မလေးကို သွားပုပ်လေလွင့် ပြောကြမှာကိုပဲ ကျွန်တော်က စိုးရိမ်တာပါ။ ”
ဟောက်ချန်ဟွမ်း၏ နူးညံ့သော အကြည့်က ဓား တစ်လက်လို စူးရှသွားသည်။
“ ယန်ယန့်ကုမ္ပဏီက သရုပ်ဆောင် မင်းသမီး နည်းနည်းပါးပါးကို ဒီဗီဒီယို တင်ခိုင်းထားလိုက်ပါ။ ပြီးတော့ ယန်ယန့်ကို မေးခွန်းတွေ မေးခဲ့တဲ့ သတင်းထောက်တွေက ဘယ်သတင်းအေဂျင်စီကလဲ ဆိုတာကိုရော စုံစမ်းထားပေး။ ”