← Chapters

အခန်း ၄၉၄

Vol. 33 Ch. 494

အခန်း ၄၉၄

Vol. 33 Ch. 494

အခန်း ( ၄၉၄ ) နေ့စဉ် မနာလိုမှု။

အလုပ်ကနေ ပြန်ရောက်လာသော စုယန်ယန်သည် သတင်းထောက်တွေကို စော်ကားထားသော သူမရဲ့ ဗီဒီယိုကို အွန်လိုင်းပေါ် တင်ထားကြပြီ ဖြစ်ကြောင်း မြင်သွားခဲ့သည်။

သို့သော်လည်း လူတိုင်းကို အံ့ဩသွားစေတာကတော့ ဗီဒီယို ဖြန့်ခဲ့သူဟာ အရှက်ကွဲသွားတဲ့ သတင်းထောက်တွေထဲမှ တစ်ယောက် မဟုတ်ဘဲ ရွှယ်ချိုင်ဝေရဲ့ ပရိသတ်တွေထဲက တစ်ယောက် ဖြစ်နေတာပါ။

စုယန်ယန် ခဏလောက် စဉ်းစားကြည့်လိုက်တော့ ဘယ်သူ့လက်ချက်မှန်း သိသွားသည်။

ဒီဗီဒီယိုကို ဟောက်ချန်ဟွမ်းလည်း မြင်သွားရင် မြင်သွားလောက်တယ်ဟု သူမ ထင်နေပေမဲ့ သူ တကယ် မြင်သွားသောအခါ စုယန်ယန် တစ်ယောက် အနည်းငယ် ရှက်သွားမိ၏။

သူမက လူတွေ အများကြီးရှေ့မှာ သူမရဲ့ စိတ်ကို ဖွင့်ဟဝန်ခံလျက် သူ့အပေါ် ထားသော သူမအချစ်အား တစ်ကမ္ဘာလုံးကို လေးလေးနက်နက် ကြေညာခဲ့လေသည်။

သူမ အိမ်ပြန်ရောက်ရင် ဟောက်ချန်ဟွမ်းကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲလို့ တွေးမိတော့ စုယန်ယန် မျက်နှာလေး ရဲသွားသည်။ ဒါပေမဲ့ ပြဿနာက သူမဆီကို အရင်ဆုံး ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့။

“ အစ်ကိုလား။ အစ်ကို ဘာလို့ ညီမကို ဒီအချိန်ကြီး ဖုန်းဆက်တာလဲ။ ဘာပြောစရာရှိလို့လဲဟင်။ ”

“ ဘာအကြောင်းပြချက်မှ မရှိရင် ငါ နင့်ကို ဖုန်းဆက်လို့ မရဘူးလား။ ” စုယွီရွှမ်းက ဖုန်း တစ်ဖက်ခြမ်းကနေ မကျေမနပ် ပြောနေခဲ့သည်။ “ ထင်ထားတဲ့ အတိုင်းပဲ။ နင် လက်ထပ်ပြီးတာနဲ့ ငါ့နေရာက နိမ့်ကျသွားတယ်၊ နင့်နှလုံးသားထဲမှာ ငါက အကောင်းဆုံး လူ မဟုတ်တော့ဘူး။ နင် အခုလို အချိန်မျိုးမှာတောင် ဘယ်လိုလုပ် ငါ့အပေါ် အဲ့လို တွေးနေနိုင်သေးတာလဲ။ ”

စုယွီရွှမ်းရဲ့ အသံက နူးညံ့နေသော်လည်း ဘာဖြစ်နေလဲ ဆိုတာကို စုယန်ယန် အပေါ်ယံ ခန့်မှန်းနိုင်ပါသည်။ သူမကို သူမရဲ့ အစ်ကို ဖုန်းလှမ်းဆက်လာခြင်းရဲ့ အကြောင်းပြချက်ကို ရုတ်တရက် ခန့်မှန်းကြည့်မိတော့ သူမ အိုးတိုးအမ်းတမ်း ၊ အနေရခက်ကာ မလုံမလဲ ဖြစ်သွားမိသည်။

“ အဟမ်း … အစ်ကို အထင်လွဲနေပြီ။ ညီမက အဲ့သဘောနဲ့ ပြောတာ မဟုတ်ပါဘူး။ ”

“ ဒါဆို ဘာသဘောနဲ့ ပြောတာလဲ။ ”

“ ညီမ အစ်ကိုနဲ့ စကားမပြောဖြစ်တာ ကြာပြီ ဆိုတော့ အစ်ကို ဖုန်းဆက်လာတော့ အံ့ဩသွားတာပါ။ ပြဿနာ တစ်ခုခု ရှိနေပြီလို့ ညီမ ထင်လိုက်မိလို့ အံ့ဩသွားတာပါ။ ”

စုယန်ယန် ထိုအကြောင်း မပြောခဲ့လျှင် ပိုကောင်းမည်။ စုယွီရွှမ်းက မလှောင်ရယ်မိဘဲ မနေနိုင်ပေ။

“ အဲ့ဝောာ့ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်တာ ကြာပြီ ၊ စကားမပြောဖြစ်တာ ကြာပြီ ဆိုတာကို နင်လည်း သိနေတာပေါ့။ တကယ်တော့ နင်က ယောက်ျားရသွားတာနဲ့ မိသားစုကို ဆက်မလိုချင်တော့တာပါ။ ငါ ဟိုဗီဒီယိုကို ခုနတုန်းက ကြည့်ပြီးသွားပြီ ၊ နင် … ”

စုယွီရွှမ်းသည် ပြောရင်း ပြောရင်း ပို,ပိုဒေါသထွက်လာမိသည်။ သူ့ငတုံးမလေးကို တောဝက်ရိုင်း တစ်ကောင် စားတာ ခံလိုက်ရရုံသာမက ထိုတောဝက်ရိုင်းက သူမကို ဦးနှောက်လည်း ဆေးခဲ့သည်။ သူမဟာ ကိုယ့်ကိုယ်ကိုယ် ငတုံးမလေး တစ်ယောက် ဖြစ်ကြောင်း မေ့လျော့သွားလုနီးပါးပါပဲ။ ဒေါသကြောင့် သူ့ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲထွက်သွားတော့မည့်အလားပင်။

စုယွီရွှမ်းက သူမရဲ့ စကားတွေကို ကြားလျှင် မျက်နှာ တင်းမာနေရာမှ ပြေလျော့သွားပြီး အသံလည်း နူးညံ့သွားသည်။ “ အဲ့သတင်းထောက်တွေကလည်း တကယ့်ကို နည်းနည်းလေးတော့ လွန်လွန်းတာပါ။ ဒါပေမဲ့ နင်ကလည်း မပြောသင့် … ”

“ အဲ့ဒါ ညီမရဲ့ အမှားပါ။ ” စုယန်ယန်က နူးညံ့ပျော့ပြောင်းသော အသံဖြင့် သူမရဲ့ အမှားကို ဝန်ခံလိုက်သည်။ “ ညီမ တကယ် စိတ်ဆိုးသွားလို့ အဲ့လို ပြောလိုက်တာပါ။ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ခင်ပွန်းလို့ ညီမ ပြောချင်တာပါ။ အစ်ကိုက အဖေနဲ့ အတူတူပဲ။ အစ်ကိုနဲ့ အဖေက ကမ္ဘာပေါ်မှာ အကောင်းဆုံး အစ်ကိုနဲ့ အကောင်းဆုံး အဖေပဲ။ အစ်ကိုတို့ နှစ်ယောက်လုံးက ဘယ်သူနဲ့မှ မတူဘူးလေ။ ကိုယ့်ကိုယ်ကိုယ် လျှောက်ပြီး လက်လွတ်စပယ် မနှိုင်းယှဉ်ပါနဲ့ အစ်ကို။ တူလည်း တူတာမှ မဟုတ်တာ။ ”

မလှမ်းမကမ်းမှာ ဇနီးဖြစ်သူနှင့်အတူ ပန်းအိုးထိုးနေသော အဖေစုသည် သူ့သားသမီး နှစ်ယောက် အချေအတင် စကားပြောနေကြတာကို နားစွင့် နားထောင်နေခဲ့သည်။ စုယန်ယန် ပြောတဲ့ စကားကို ကြားချိန်မှာ သူ့မျက်နှာ နူးညံ့သွားပေမဲ့ ပါးစပ်က‌ဝောာ့ ဟွန်းခနဲ နှာခေါင်းက လေထွက်ရုံ လှောင်ရယ် ရယ်လိုက်မိသေးသည်။

သူ့နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသော ချိန်ရှို့ချင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ “ ဘာလို့ ဒီအသံနဲ့ ကျွန်မ အရမ်း ရင်းနှီးနေတာလဲ။ ”

စုယွီရွှမ်းက‌တော့ သူမ ပြောတာကို မကြားလိုက်ဘဲ တစ်ဖက်မဲ့ တစ်ဖက်ပြုံး နှုတ်ခမ်းဖြင့် စိတ်မပါ လက်မပါ ပြောလိုက်သည်။ “ အဲ့ဒါကမှ ပိုမှန်တာ။ ”

စုယန်ယန်သည် စိတ်သက်သာရာရသွားသော သက်ပြင်းလေး ချကာ လျင်မြန်စွာ စကားလမ်းကြောင်းလွှဲလိုက်လေသည်။ “ ဒါနဲ့ ညီမ ပို့လိုက်တဲ့ စားစရာတွေကို ကြိုက်ရဲ့လား။ ”

All Chapters