← Chapters

အခန်း ၄၉၉

Vol. 34 Ch. 499

အခန်း ၄၉၉

Vol. 34 Ch. 499

အခန်း ( ၄၉၉ ) မင်း ဒီကို ဘာလို့ ရောက်လာတာလဲ။

ဟောက်ကော်ပိုရေးရှင်းရဲ့ နှစ် ၄၀ ပြည့် နှစ်ပတ်လည်နေ့တွင် စုယန်ယန်သည် စားသောက်ဆိုင် ဝန်ထမ်းတွေကို အားလပ်ရက် တစ်ရက် ထူးထူးခြားခြား ပေးခဲ့သည်။ သူမ တုန်ချမ်းကို မနက်စောစော အလုပ်သွားပြီး နေ့လယ်ကျ အိမ်ပြန်ဖို့ ပြင်ဆင်နေလိုက်သည်။

နှစ်ပတ်လည် အခမ်းအနားက နေ့လယ် ၂ နာရီ ခွဲမှာ စတင်ခဲ့သည်။ ‌တုန်ချမ်းကနေ ဟောက်ကော်ပိုရေးရှင်းကို ရောက်ဖို့ အချိန် တချို့ ကြာမှာ ဖြစ်သောကြောင့် နေ့လယ်စာ စားပြီးသည်နှင့် တန်းသွားမှ တော်ကာကျလိမ့်မည်။

သို့သော်လည်း စုယန်ယန်ကို အံ့ဩသွားစေတာကတော့ သူမကို လာကြိုသူက ဟောက်ချန်ဟွမ်း မဟုတ်ဘဲ ကုရှောက်ယန် ဖြစ်နေတာပါ။

“ ချန်ဟွမ်းက ဘယ်မှာလဲ။ ”

ကုရှောက်ယန်က အပြုံးတွေ ပြည့်နေသော မျက်နှာဖြင့် သူမကို လှည့်ကြည့်သည်။ “ သခင်လေးက ဒီကို ထွက်လာဖို့ လုပ်နေတုန်း ဧည့်သည် တစ်ယောက် တိုက်တိုက်ဆိုင်ဆိုင် ရောက်လာလို့ဗျ။ သူ နည်းနည်း နောက်ကျရင် နောက်ကျနိုင်လို့ သခင်မလေးကို အရင် လာကြိုဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ။ ကျွန်တော်တို့ ခဏနေရင် ပွဲမှာ ဆုံကြမှာပါ။ ”

“ ဧည့်သည် … ဘယ်ဧည့်သည်လဲ။ ” ဒီနေ့က အရေးကြီးတဲ့ နေ့ တစ်နေ့ ဖြစ်သဖြင့် ဧည့်သည် ရောက်နေတယ် ဆိုသော စကားကို ကြားချိန်မှာ စုယန်ယန်ရဲ့ နှလုံးသားဟာ စည်းချက် တစ်ချက် လွတ်သွားသည်။

သူ သူမတို့အိမ်ကို ဘာလို့ ဒီနေ့မှ လာရတာလဲ။ သူ အချိန်ဆွဲဖို့ ကြိုးစားနေတာလား။

“ သခင်ကြီးရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပါ။ သခင်လေးက သူ့မျက်စိရှေ့မှာတင် ကြီးပြင်းလာခဲ့တာလေ။ သူလည်း ခဏနေရင် သခင်လေးနဲ့အတူ အခမ်းအနားကို တက်ရောက်ရင် တက်ရောက်လာလိမ့်မယ်။ ကျေးဇူးပြုပြီး သခင်မလေးကို သခင်လေး လာရှာတာကို စိတ်ရှည်လက်ရှည် စောင့်ပါ ခင်ဗျာ။ ”

“ အိုး။ ” စုယန်ယန် မျက်မှောင်ကြုတ်လိုက်၏။ ထူးဆန်းသည်ဟု သူမ ခံစားရသော်လည်း ဘာမှ ရှည်ရှည်ဝေးဝေး ဆက်မတွေးတော့ဘဲ သူ့ဖြေရှင်းစကားကို ခေါင်းညိတ်လက်ခံလိုက်သည်။

စုယန်ယန်က စောစော ထွက်လာခဲ့တာမို့ သူမ ရောက်သွားဝောာ့ ပွဲစဖို့ ၁၀ မိနစ် လိုနေသေးသည်။ သို့သော်လည်း ဟောက်ကော်ပိုရေးရှင်းရဲ့ ဝန်ထမ်း အများစုက အဲ့ဒီမှာ ရောက်နေကြပြီ ဖြစ်ကာ ရာထူး အကြီးပိုင်း ပုဂ္ဂိုလ်များနှင့် စီးပွားရေး ပါတနာများကို စောင့်လို့ နေကြသည်။

စုယန်ယန် ကားထဲကနေ ထွက်ရုံ ရှိသေး ၊ အဘက်ဘက်ကနေ သူမဆီ ကျရောက်လာသော အကြည့်တွေကို အာရုံလိုက်မိသည်။

တကယ်တော့ သူမက ဟောက်ကော်ပိုရေးရှင်းထဲမှာ ရာထူး အမြင့်ပိုင်း အမှုဆောင် တစ်ယောက် မဟုတ်သော်လည်း ကုမ္ပဏီမှာ ရှိတဲ့ အနုပညာရှင် လူနည်းစုကြောင့် အကြိမ်ရေ အနည်းငယ် နာမည်ကြီးဖူး၍ သူမရဲ့ နာမည်ကျော်ကြားမှုကလည်း သာမန် B အဆင့် ၊ သို့မဟုတ် C အဆင့် အနုပညာရှင် တစ်ယောက် ပိုမြင့်သည်။

သူမ ရောက်လာခြင်းက ဟောက်ကော်ပိုရေးရှင်းရှိ လူများစွာကို အံ့ဩသွားစေခဲ့သည်။

“ အဲ့ဒါ တုန်ချမ်းရဲ့ ဥက္ကဌစု မဟုတ်လား။ သူမလည်း ဘာလို့ ဒီမှာ ရှိနေရတာလဲ။ ဒီနေ့ အခမ်းအနား အတွက် အရေးကြီးတဲ့ ဖောက်သည် တချို့ကိုပဲ ငါတို့ကုမ္ပဏီဘက်ကနေ ဖိတ်ကြားထား‌တာလေ။ ငါတို့ကုမ္ပဏီက အရင်တုန်းက တုန်ချမ်းနဲ့ အလုပ် တွဲလုပ်ဖူးလို့လား။ ”

“ ဘာကို အလုပ် တွဲလုပ်တာလဲ။ သူမ ဘယ်သူလဲ ဆိုတာ နင် မေ့နေပြီလား။ အခု သူမက ဥက္ကဌဟောက် ( ဟောက်ချီဟန် ) ရဲ့ ခယ်မ ၊ ဟောက်ရှောက်ဖုန်းရဲ့ အဒေါ် ဖြစ်နေပြီ။ ဟောက်ကော်ပိုရေးရှင်းရဲ့ နှစ်ပတ်လည် အခမ်းအနားကို သူမ တက်ရောက်တယ် ဆိုတာ ပုံမှန်ပဲ မဟုတ်ဘူးလား။ ”

“ ဥက္ကဌဟောက် ( ဟောက်ချန်ဟွမ်း ) က ကုမ္ပဏီရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ထဲက တစ်ယောက် ဆိုပေမဲ့ ကုမ္ပဏီ နှစ်ပတ်လည် အခမ်းအနားတွေ ၊ ရှယ်ယာရှင် အစည်းအဝေးတွေကို တစ်ခါမှ မ‌တက်ရောက်ဖူးဘူးလို့ ငါ ကြားထားတယ်။ သူ ဒီနေ့ ပေါ်လာမှာလား ဆိုတာ ငါ သိချင်တယ် ၊ ဒါမှမဟုတ် ငါ ဥက္ကဌစုကိုပဲ သူ့နေရာကို ယူခိုင်းလိုက်မလား။ ”

“ သူ တစ်ခါမှကို မရောက်တာလား။ ဥက္ကဌဟောက်ရဲ့ ခြေထောက်တွေက မသန်စွမ်း ဖြစ်နေတယ်လို့ ငါ ကြားထားတယ်။ အဲ့ဒါ တကယ်ပဲလား။ နင်တို့ထဲက တစ်ယောက်ယောက်များ သူ့ကို အရင်တုန်းက မြင်ဖူးလား။ ”

“ မမြင်ဖူးဘူး။ ငါ ဒီကုမ္ပဏီမှာ ပြီးခဲ့တဲ့ ၅ နှစ်လုံး အလုပ် လုပ်လာပေမဲ့ ဥက္ကဌစုကို တစ်ခါလေးတောင် မမြင်ဖူးဘူး။ ကြည့်ရတာ သူ့ခြေထောက်တွေ မသန်စွမ်း ဖြစ်သွားပြီးကတည်းက သူ အပြင်ထွက်တာ ရှားတယ် ထင်တယ် ၊ ပြီးတော့ ငါတို့ ကုမ္ပဏီကိုလည်း တစ်ခါမှ လာမလည်ဘူး။ ”

“ အဲ့တော့ သူ့ခြေထောက်တွေ ဟိုဟာ ဖြစ်နေတယ် ဆိုတာက … အမှန်ပဲပေါ့။ ”

လူတစ်စုသည် အုပ်စုဖွဲ့ကာ အချင်းချင်း တိုးတိုးကျိတ်ကျိတ် ပြောနေခဲ့ကြသည်။ သူတို့က စုယန်ယန် ဘာလို့ ဒီကို ရောက်လာတာလဲ ဆိုတာနှင့် ခဏနေရင် ဟောက်ချန်ဟွမ်းရော ရောက်လာမှာလား ဆိုတာကို ဆွေးနွေးနေကြတာ ဖြစ်သည်။

စုယန်ယန်က သူတို့ ဘာအကြောင်း ပြောနေကြလဲ ဆိငတာ မကြားနိုင်သော်လည်း သူတို့ ဘာအကြောင်း သိချင်နေကြလဲ ဆိုတာကိုတော့ နားလည်ကာ သိပ်အာရုံစိုက်မထားမိ။

ဟောက်ချန်ဟွမ်းက ဒီနေ့ ‌ဒီနေရာကို သူမကို ခေါ်ထားတဲ့ အကြောင်းပြချက်ကို မသိသော်လည်း ဟောက်ကော်ပိုရေးရှင်းထဲကို ခြေမချတာ နှစ်ပေါင်းများစွာ ကြာနေပြီး ကုမ္ပဏီရဲ့ ဘယ်ဆုံးဖြတ်ချက်ကိုမှ ဝင်မစွက်ဖက်ခဲ့တဲ့ ဟောက်ချန်ဟွမ်းသာ ဒီနေ့ ဒီနေရာမှာ ပေါ်လာရင် ဘယ်လို ရုတ်ရုတ်သဲသဲ အခြေအနေမျိုး ဖြစ်လာမလဲ ဆိုတာ မှန်းဆနိုင်သည်။

အချိန်ကို စုယန်ယန် တစ်ချက်က ကြည့်လိုက်၏။ ၅ မိနစ်တောင် မလိုတော့တဲ့ အချိန် အတွင်းမှာ ဟောက်ကော်ပိုရေးရှင်းရဲ့ ရာထူးအကြီးပိုင်း ပုဂ္ဂိုလ်တွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြလိမ့်မည်။ ဟောက်ချန်ဟွမ်း အချိန်မီ ရောက်လာနိုင်ပါ့မလားဟု သူမ အံ့ဩမိသည်။

“ မင်း ဒီကို ဘာလို့ ရောက်လာတာလဲ။ ”

All Chapters