အခန်း ၅၀၀
Vol. 34 Ch. 500
အခန်း ( ၅၀၀ ) သားအဖ ဆက်ဆံရေး ဖြတ်တောက်ခန်းလား။
သူမ ဝင်ပေါက်မှာပဲ စောင့်နေရင် ကောင်းမလား ၊ အရင်ဆုံး အထဲဝင်သွားရင် ကောင်းမလား ဝေခွဲမရ ဖြစ်နေစဉ်မှာပဲ ရင်းနှီးနေသော စိတ်ဆိုးမာန်ဆိုး အသံကို ကြားလိုက်ရသည်။
သူမ လှည့်ကြည့်လိုက်တော့ ကားထဲကနေ ထွက်လာသော ဟောက်ရှောက်ဖုန်းတို့ မိသားစုကို မြင်လိုက်ရ၏။ ဟောက်ချီဟန်က အရှေ့မှ လျှောက်လာကာ မစ်စ်ဟောက်ကဝော့ ဟောက်ရှောက်ဖုန်းကို တွဲကူရင်း အနောက်မှ လျှောက်လာခဲ့ကြသည်။ ဟောက်ရှောက်ဖုန်းရဲ့ လက်ကို အခုထိ ကျောက်ပတ်တီး မဖြည်ရသေး။
“ ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားတဲ့ ရှယ်ယာရှင် တစ်ယောက်က ကုမ္ပဏီရဲ့ နှစ်ပတ်လည် အခမ်းအနားကို ဘာလို့ တက်ရောက်လို့ မရ,ရတာလဲ။ ” စုယန်ယန်က ဟောက်ရှောက်ဖုန်းရဲ့ လက်ပေါ်က ကျောက်ပတ်တီးကို ကြည့်ကာ ခပ်တိုးတိုး ရယ်လိုက်သည်။ “ တချို့ လူတွေကျတော့လည်း ဒါရိုက်တာ ဘုတ်အဖွဲ့ နှင်ထုတ်တာကို ခံထားရတာတောင် ဒီမှာ ပေါ်လာနိုင်ကြသေးတယ်နော်။ လူအရယ်ခံရမှာကို သူတို့ တကယ် မစိုးရိမ်ကြဘူးပဲ။ ”
ထိုအကြောင်းကို စုယန်ယန် ထည့်မပြောခဲ့လျှင် တော်သေးရဲ့။ ဟောက်ရှောက်ဖုန်းက သူမစကားကြောင့် ရှူးရှူးရှားရှား ဖြစ်သွားသည်။ “ မင်း ဘယ်လိုလုပ် အဲ့အကြောင်း သိနေတာလဲ။ မင်း ဟောက်ချန်ဟွမ်းနဲ့ ပေါင်းကြံထားတာလား။ မင်းနဲ့ ဟောက်ချန်ဟွမ်းတို့ ငါ့ကို ရည်ရွယ်ချက်ရှိရှိ ပေါင်းပြီး ထောင်ချောက်ဆင်ထားခဲ့တာမို့လား။ ”
ဟောက်ရှောက်ဖုန်း ပြောသော စကားတွေကို ကြားချိန်မှာ ဟောက်ချီဟန်နှင့် မစ်စ်ဟောက်တို့၏ မျက်နှာ အမူအရာတွေကလည်း ပြောင်းလဲသွားပြီး စုယန်ယန်ကို သိချင်ဇောနှင့် ကြည့်နေခဲ့ကြသည်။
“ အဟက်ဟက်။ ရှင် ကိုယ့်ကိုယ်ကိုယ် အရမ်း မျှော်လင့်ချက်ကြီးနေတာ မဟုတ်ဘူးလား။ လူတွေက ကောင်းသတင်းကိုသာ မပြောရင် နေမယ် ၊ မကောင်းသတင်း ဆိုရင်တော့ အချိန် ခဏလေး အတွင်း လူကြားထဲ ပြန့်လွယ်တယ် ဆိုတဲ့ စကားကို ရှင် မကြားဖူးဘူးလား။ ကုမ္ပဏီကြီး တစ်ခုရဲ့ ဆက်ခံသူက သူ့ကုမ္ပဏီရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ကနေ ထုတ်ပယ်တာကို ခံလိုက်ရတာလေ။ အဲ့လို ရှားပါး သတင်းကို ဖုံးကွယ်ထားနိုင်မယ်လို့ ရှင် ထင်နေတာလား။ ရှင့်နာမည်က နေရာတိုင်းမှာ ရစရာ မရှိတော့တာ ကြာပြီ။ ”
“ မင်း … ”
စုယန်ယန်က ဟောက်ရှောက်ဖုန်းရဲ့ လက်ကို ကြည့်ကာ သူမရဲ့ မျက်နှာ သုန်မှုန်သွားသည်။ “ ပြီးတော့ ရှင် ချန်ဟွမ်းကို သူ့နာမည်နဲ့ ခေါ်လိုက်တာလား။ ရှင် သူ့ကို သူ့နာမည်ရင်း အတိုင်း လေသံမာမာနဲ့ ခေါ်လိုက်တာနော်။ ရှင့်မိသားစုက သူတို့ကလေးကို ဒီလို ပုံစံမျိုး ပျိုးထောင်ထားတာပါလား။ ကျွန်မ နောက်ထပ် အသစ် တစ်ခုကို ထပ်လေ့လာမိသွားပြန်ပြီပဲ။ ”
ဟောက်ရှောက်ဖုန်းရဲ့ မျက်နှာက ဒေါသကြောင့် နီရဲတက်လာခဲ့သည်။ သူ ဒေါသပေါက်ကွဲတော့မည့် အချိန်မှာပဲ ဟောက်ချီဟန်က သူ့ကို စိတ်မရှည်စွာ ဝင်တားခဲ့သည်။ “ တော်လိုက်တော့။ မင်း လုံလုံလောက်လောက် ရှက်စရာကောင်းနေပြီလို့ မထင်ဘူးလား။ ”
“ အဖေ။ ” ဟောက်ရှောက်ဖုန်းသည် ဟောက်ချီဟန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ သူ့ဘက်မှာပဲ အမြဲ ရပ်တည်ပေးခဲ့တဲ့ သူ့အဖေဟာ ဒီလိုမျိုး ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့။
အဖေက သူ့ကို မကူညီတဲ့အပြင် ရှက်စရာကောင်းတယ်လို့ပါ ထင်နေတာလား။
မစ်စ်ဟောက်ရဲ့ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်သွားကာ သူမကိုယ်သူမ သတိမထားမိခင်မှာပဲ သူမရဲ့ သားကို ဆုပ်ကိုင်ထားသော လက်ကို ပိုလို့ အားထည့်တင်းကျပ်လိုက်မိသည်။
သူတို့ သားအမိ နှစ်ယောက်အပေါ် ဟောက်ချီဟန် ထားနေတဲ့ လတ်တလော သဘောထားကို သူမ မြင်ထားသည်။
ထို့ကြောင့်သာ ဖော်ပြလို့ မရသော ကြောက်ရွံ့မှုကို သူမရဲ့ နှလုံးသားထဲမှာ ခံစားနေရတာ ဖြစ်သည်။ သားကို ချစ်တဲ့ ဖခင်နှင့် သားသမီး ဝတ္တရား ကျေပွန်တဲ့ သား တစ်ယောက် အဖြစ် တည်ရှိခဲ့ဖူးသော မိသားစုလေးဟာ အခုတော့ တဖြည်းဖြည်းချင်း ပြိုကျပျက်စီးလာနေသည်။
သူမ ဝမ်းနည်းမိ၏။
အဲ့ဒါတွေ အကုန်လုံးက သူတို့ရှေ့မှာ ရပ်နေတဲ့ ဒီမိန်းမကြောင့်။ တကယ်လို့ သူမသာ သူတို့ မိသားစုအပေါ် ဒီလို အရှုပ်ထုပ်မျိုး မဖန်တီးခဲ့ရင် ၊ သူမသာ ဟောက်ချန်ဟွမ်းနဲ့ လက်မထပ်ခဲ့ရင် …
စုယန်ယန်ကတော့ တစ်စုံတစ်ယောက်ရဲ့ တစ်ကိုယ်ကောင်းဆန်သော အတွေးထဲမှာ သူမ အပြစ်တင်ခံနေရတယ် ဆိုတာ မသိဘဲ ဟောက်ရှောက်ဖုန်းကို ဟောက်ချီဟန် ဆူတာကို ကြားချိန်မှာ အံ့ဩသွားမိသည်။
ဟောက်ချန်ဟန်က သူ့ရဲ့ တစ်ဦးတည်းသော သားလေးကို အတော် အလိုလိုက်မှန်း လူတိုင်း သိကြသည်။ မဟုတ်ရင် ဟောက်ရှောက်ဖုန်းရဲ့ အထက်စီးဆန်ပြီး စက်ဆုပ်ရွံရှာစရာ စိတ်နေစိတ်ထားကို သူ မွေးမြူပေးခဲ့မှာ မဟုတ်ပေ။
ဒါက သူတို့ရဲ့ သားအဖ ဆက်ဆံရေး ပြတ်တောက်သွားပြီ ဆိုတဲ့ အဓိပ္ပာယ်လား။
ဟောက်ချီဟန်သည် သူ့နှလုံးသားထဲမှာ ဒေါသတွေ ပြည့်နှက်နေလျက် ဟောက်ရှောက်ဖုန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
သူက အစကတည်းက ဟောက်ရှောက်ဖုန်းကို သူနှင့်အတူ ခေါ်လာချင်ခဲ့တာ မဟုတ်ပေ။ ဟောက်ရှောက်ဖုန်း နှင်ထုတ်ခံခဲ့ရသော ဖြစ်ရပ်က သူ့နှလုံးသားထဲမှာ ဆူး တစ်ချောင်းလို စိုက်ဝင်နေဆဲ ရှိသေးသည်။ ဟောက်ရှောက်ဖုန်း သူ့နောက်ကို လိုက်မလာရင် ကိစ္စမရှိသော်လည်း သူ လိုက်လာရင် လူတွေ လှောင်ပြောင်တာ ၊ ဟာသလုပ်တာ ခံရလိမ့်မည်။
သို့သော်လည်း ဒီသားအမိ နှစ်ယောက်ကတော့ အခြေအနေ အကြောင်း ဘာတစ်ခုမှ မသိ။ အကယ်၍ သူ သူတို့ကို ဒီနေရာကို ခေါ်မလာလျှင် သူတို့က ငိုယိုပြီး ဒရာမာတွေ ခင်းလိမ့်မည်။ သူတို့ နှစ်ယောက်လုံး ပါးရိုက်ခံရဖို့ သိပ်ကို နီးစပ်နေပြီ ဖြစ်သည်။
အုတ်အော်သောင်းတင်း အခြေအနေက ဆေးရုံထဲမှ ဆရာဝန်တွေ ၊ သူနာပြုတွေ အကုန်လုံးကို သူတို့အား လာကြည့်ဖို့ အပြေးအလွှား ရောက်လာစေပြီး သူတို့ကိုယ်သူတို့ အနေအထိုင် ထိန်းသိမ်းဖို့ သတိပေးသွားခဲ့ကြသည်။
ဒီပုံအတိုင်းသာ ဆက်ဖြစ်နေပါက လူ တချို့က သူတို့ကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်မယ် ဆိုတာ ဟောက်ချီဟန် မြင်နေသည်။ ထိုအခါ သူက လူရယ်စရာကြီး ဖြစ်သွားမှာ ဖြစ်၍ သူတို့ နှစ်ယောက်ကို ခေါ်သွားဖို့က လွဲလို့ သူ့မှာ တခြား ရွေးချယ်စရာ မရှိတော့ပေ။