အခန်း ၅၀၁
Vol. 34 Ch. 501
အခန်း ( ၅၀၁ ) လူပုံအလယ်မှာ ခင်ပွန်းကို ထုတ်ကြွားခြင်း။
ဟောက်ကော်ပိုရေးရှင်းသို့ လာရာလမ်းတွင် ဟောက်ချီဟန်သည် သူတို့ နှစ်ယောက်အား အနေအထိုင်ကို ထိန်းထိန်းသိမ်းသိမ်း ပြုမူရန်နှင့် သူ့အတွက် ပြဿနာတွေ ထပ်မဖန်တီးဖို့ သတိပေးထားခဲ့သည်။ သူ သတိပေးထားတာကို မလိုက်နာရင် သူတို့ နှစ်ယောက်ကို သူ လုံးဝ သက်ညှာတော့မှာ မဟုတ်ပေ။
ဟောက်ရှောက်ဖုန်းက အစပိုင်းမှာ တက်ကြွလက်ကြွ သဘောတူခဲ့သော်လည်း ကားထဲကနေ ထွက်လာသည်နှင့် မျက်နှာဖုံး ကွာကျကာ သရုပ်မှန် ပေါ်လာပါတော့သည်။ စုယန်ယန်က သူ့ကို စော်ကားခဲ့တာမို့ ဟောက်ရှောက်ဖုန်းဟာ သူမနှင့် ရန်ဖြစ်ချင်နေ၏။
ဟောက်ချီဟန်သည် နှလုံးသားထဲမှာ ခါးသီးသွားတဲ့ အထိ ဒေါသထွက်ကာ သူ့သားကို ပိုလို့တောင် အထင်သေးသွားမိသည်။
သို့သော်လည်း လောလောဆယ် ဟောက်ရှောက်ဖုန်းနှင့် စာရင်းရှင်းဖို့ သူ စိတ်မအားသေးပါ။ သူ ပိုမိုစိတ်ဝင်စားနေတဲ့ အကြောင်းအရာက …
“ အဟမ်း။ ဒါက ခယ်မလေး မဟုတ်လား။ မင်း ဒီကို ဘာလို့ ရောက်လာတာလဲ။ ဟောက်ချန်ဟွမ်းက သူ့ကိုယ်စား ပွဲတက်ပေးဖို့ မင်းကို တောင်းဆိုထားလို့လား။ ”
ဟောက် ကော်ပိုရှေးရှင်းထဲကနေ ဟောက်ရှောက်ဖုန်း ထုတ်ပယ်ခံလိုက်ရပြီးတဲ့နောက်ပိုင်း ဟောက်ချန်ဟွမ်းမှာ ကုမ္ပဏီနဲ့ ပတ်သက်လို့ အကြံအစည်တွေ စပြီး ရှိလာတာလား။
စုယန်ယန်သည် ဟောက်ချီဟန်ရဲ့ မျက်လုံးထဲမှ ကြောက်ရွံ့မှု အငွေ့အသက်တွေကို သတိပြုမိသွားတော့ အနည်းငယ် မျက်ခုံးပင့်ကာ ခပ်တိုးတိုး ရယ်လိုက်၏။ “ ချန်ဟွမ်းနဲ့ ကျွန်မတို့ လက်မထပ်ခင်တုန်းက ချန်ဟွမ်းက ကျွန်မကို စေ့စပ်လက်ဆောင် အဖြစ် ဟောက်ကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၁၀ % ကို လက်ဆောင်ပေးထားခဲ့တယ်။ အခု ကျွန်မက ကုမ္ပဏီရဲ့ အသေးစား ရှယ်ယာရှင်တွေထဲက တစ်ယောက်ပဲ။ နှစ် ( ၄၀ ) ပြည့် နှစ်ပတ်လည် အခမ်းအနားလို အခမ်းအနားကြီး တစ်ခုကို ကျွန်မ တက်ရောက်တယ် ဆိုတာ သဘာဝကျတယ် မဟုတ်ဘူးလား။ ”
စုယန်ယန်ရဲ့ စကားတွေက လူတိုင်းကို ပါးစပ် အဟောင်းသား ဖြစ်သွားစေခဲ့သည်။
ခုနတုန်းက ဟောက်ရှောက်ဖုန်းကို စုယန်ယန် ပျက်ရယ်ပြုနေချိန်မှာ သူမ ပြောသော စကားရဲ့ ဒုတိယ တစ်ဝက်ကိုပဲ သူတို့ အာရုံစိုက်ထားခဲ့ကြသည်။ သူမမှာ ကုမ္ပဏီရဲ့ ရှယ်ယာတွေ ရှိတယ်လို့ ပြောခဲ့တာကို အခုမှ သူတို့ ပြန်သတိရသွားကြလေသည်။
“ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … သူက ဘယ်လိုလုပ် … ” စုယန်ယန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသော မစ်စ်ဟောက်၏ မျက်နှာသည် ဖြူရော်နေခဲ့သည်။
“ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကျွန်မခင်ပွန်းက ကျွန်မကို ချစ်တယ် ၊ ပြီးတော့ သူက ကျွန်မကိုယ်ကျွန်မ စိတ်လုံခြုံတယ်လို့ ခံစားရအောင် သူ ပိုင်ဆိုင်သမျှ အရာ အားလုံးကို ကျွန်မနဲ့ အတူ မျှဝေချင်တယ်။ ” စုယန်ယန်က ဟောက်ချီဟန်ကို တစ်ချက် ကြည့်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ “ တချို့ လူတွေ မလုပ်နိုင်တာနဲ့ပဲ ကျန်တဲ့ လူတွေလည်း မလုပ်နိုင်တော့တာမှ မဟုတ်တာ။ ”
သူတို့မျက်နှာတွေ ကွက်ခနဲ ပျက်သွားခဲ့ကြသည်။ အထူးသဖြင့် ဟောက်ရှောက်ဖုန်း … ။
သူက ဟောက်ကော်ပိုရေးရှင်းကို ပိုင်ဆိုင်ခွင့်ရှိသော ဆက်ဆံသူ တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သူ့မျက်လုံးထဲမှာတော့ ဟောက်ချီဟန် ပိုင်ဆိုင်သမျှ အရာ အားလုံးဟာ နောက်ဆုံးမှာ သူ့အပိုင် ဖြစ်လာမှာပင်။
ဒါပေမဲ့ အခုတော့ သူက ဟောက်ကော်ပိုရေးရှင်းကနေ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ကာ ကုမ္ပဏီ ရှယ်ယာ ဆိုလို့လည်း ၀.၀၁ % လေးပင် မရှိ။ တကယ်တမ်းမှာ သူက သူ စွန့်ပစ်ခဲ့တဲ့ ဒီမိန်းမထက်တောင် အခြေအနေ ပိုဆိုးရွားနိမ့်ကျနေပါသည်။
ဟောက်ချီဟန်သည် ထိုအကြောင်းကို သေချာ စဉ်းစားကြည့်နေမိသည်။ စုယန်ယန်ကို ဟောက်ချန်ဟွမ်း ရှယ်ယာတွေ လွှဲပေးထားတဲ့ အကြောင်းပြချက်က သူမကို သဘောကျလို့ ဆိုတာလောက် မရိုးရှင်းဘူးဟု သူ ခံစားရသည်။
ဟောက်ကော်ပိုရေးရှင်းထဲမှ ဟောက်ရှောက်ဖုန်း ထုတ်ပယ်ခံလိုက်ရချိန်မှာ ဟောက်ချန်ဟွမ်းကတော့ မသန်စွမ်း တစ်ယောက်မို့ သူ ကုမ္ပဏီထဲကို ဝင်လာလည်း သူ့ကို ဘယ်သူမှ ကူညီမှာ မဟုတ်မှန်း သိသွားတာကြောင့် သူ့ရဲ့ နောက်ထပ် ခြေလှမ်းကို အစီအစဉ်ချနိုင်ဖို့ အတွက် ကုမ္ပဏီထဲမှာ ဖြစ်ပျက်နေတဲ့ လှုပ်ရှားမှုတိုင်းကို ကူညီစောင့်ကြည့်ခိုင်းထားဖို့ သူမကို ကုမ္ပဏီထဲ ဝင်လာနိုင်အောင် စီစဉ်ပေးလိုက်တာလား။
ဒါမှမဟုတ် သူ့ဒေါသကို ဆွပြီး သူ့ကို ပြဿနာရှာဖို့ အတွက် စုယန်ယန်ကို ကုမ္ပဏီထဲ တမင် လွှတ်လိုက်တာလား။
ထိုသို့ တွေးမိတော့ ဟောက်ချီဟန်ရဲ့ မျက်လုံးထဲမှာ အထင်တသေး ရွံရှာစက်ဆုပ်မှုတွေ ဖုံးလွှမ်းသွားသည်။ သူ့ကို ပြဿနာရှာဖို့ အမျိုးသမီး တစ်ယောက်ကို လွှတ်လိုက်တယ် ဆိုကတည်းက ဟောက်ချန်ဟွမ်းက တကယ့်ကို မသန်စွမ်း တစ်ယောက် ဖြစ်နေတာပဲ။ သူ့အတွေးအခေါ် စွမ်းရည်က တစ်နှစ် တခြား ပို,ပိုနိမ့်ကျလာသည်။
“ ဟောက်ချန်ဟွမ်းက မင်းကို ငုံထားမတတ် ချစ်တယ် ဆိုတာ လူတိုင်း သိကြတာပဲ ၊ အဲ့တော့ သူ မင်းကို ကုမ္ပဏီ ရှယ်ယာတွေ ပေးထားတယ် ဆိုတာ အံ့ဩစရာတော့လည်း မဟုတ်ပါဘူး။ ဘာပဲပြောပြော အဲ့ရှယ်ယာတွေက သူ့လက်ထဲမှာဆိုလည်း ဘာမှ အသုံးမဝင်ဘူးလေ။ သူ့လက်ရှိ ကျန်းမာရေး အခြေအနေနဲ့ ဆိုရင် … ပြန်သက်သာလာအောင် အနားယူနေတာက သူ့အတွက် ပိုကောင်းတယ်။ ”
‘ မသန်စွမ်း ’ ဆိုတဲ့ စကားလုံးကို ထည့်ပြောမသွားသော်လည်း သူ ပြောသွားသမျှ စကားလုံးတိုင်းက တကယ်လို့ ဟောက်ချန်ဟွမ်းမှာ ရှယ်ယာ ပမာဏ တစ်ခု ရှိနေရင်တောင် သူက ဘာလုပ်ပိုင်ခွင့်မှ မရှိတဲ့ အလကား လူ တစ်ယောက်ထက် မပိုဘူးလို့ စုယန်ယန်ကို သတိပေးသွားခဲ့တာ ဖြစ်သည်။
ဟောက်ချီဟန်ရဲ့ စကားတွေကြောင့် စုယန်ယန်ရဲ့ မျက်နှာပေါ်မှ အပြုံးလေး ပျောက်ကွယ်သွားသည်။ သူမ မျက်လုံးတွေကို ကျဉ်းမြောင်းကာ တစ်ခုခု ပြန်ပြောဖို့ ပါးစပ်ပြင်လိုက်ချိန်မှာပဲ အပြင်ဘက်မှ ဆူဆူညံညံ အသံတွေကို ကြားလိုက်ရလေသည်။
ဟောက်ချီဟန်လည်း အံ့ဩသွား၏။ သူ မျက်မှောင်ကြုတ်ကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ “ ဘာလို့ ဒီလောက် ဆူညံနေတာလဲ။ ဘာတွေ ဖြစ်နေတာလဲ။ ”
သူ့စကား ဆုံးသွားသည့် အခိုက်အတန့်မှာပဲ နောက်ထပ် အော်ဟစ်သံတွေကို ကြားလိုက်ရပြန်သည်။ အေးစက်သော မျက်နှာဖြင့် ဟောက်ချီဟန် လှည့်ကြည့်လိုက်ပေမဲ့ အေးဆေးပေါ့ပါးစွာ လျှောက်လှမ်းလာသော ခန္ဓာကိုယ်ဟန် တစ်ခုကို မြင်လျှင် ထိတ်လန့်မှုကြောင့် သူ့မျက်လုံးတွေ ပြူးကျယ်သွားသည်။ သူ့မျက်နှာပေါ်မှာ မယုံကြည်နိုင်မှုတွေ ပြည့်နှက်သွားခဲ့သည်။