အခန်း ၅၀၂
Vol. 34 Ch. 502
အခန်း ( ၅၀၂ ) ကိုယ် ဒီနေ့ကို စောင့်နေခဲ့တာ။
တစ်ယောက်တည်း မတ်တပ်နိုင်သော ဟောက်ချန်ဟွမ်းကို မြင်ရတာ ဘယ်လိုမျိုး ဖြစ်မလဲလို့ စုယန်ယန် အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ကြည့်ဖူးသည်။
သို့သော် ဒီလို အချိန် ၊ ဒီလို နေရာမျိုးမှာ ဖြစ်လိမ့်မည်ဟုတော့ သူမ ထင်မထားခဲ့ပေ။
သူမထံ ဖြည်းဖြည်းချင်း လျှောက်လာသော အမျိုးသားသည် မြင်နေကျ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ အရပ်ရှည်ပြီး ချောမောတဲ့ အသွင်အပြင် ၊ ပြီးဝောာ့ သူ့ရဲ့ ခြေထောက်ရှည်ရှည်တွေကလည်း လူ တစ်ယောက်ရဲ့ မျက်လုံးတွေကို ဝောာက်ပသွားစေခဲ့သည်။
အကြည့်မလွှဲချင်စရာအကောင်းဆုံးကတော့ သူ ပွေ့ပိုက်ထားတဲ့ အပြာရောင် နှင်းဆီပန်းစည်းကြီး ဖြစ်သည်။
သူမ အံ့ဩဆွံ့အသွားရတဲ့ အကြောင်းအရင်းက သူ ပန်းစည်းကြီး တစ်စည်းကို ကိုင်ထားလျက် ခြေလှမ်းကျဲများဖြင့် လျှောက်ဝင်လာလိမ့်မည်ဟု ထင်မထားတာကြောင့် ဖြစ်နိုင်သလို ရုတ်တရက် လျှောက်ဝင်လာသူက အလွန် ချောမောတာကြောင့်လည်း ဖြစ်နိုင်သည်။
ခဏကြာအောင် တိတ်ဆိတ်နေပြီးမှ တစ်စုံတစ်ယောက်ရဲ့ အသံက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ “ ဥက္ကဌဟောက် ( ဟောက်ချန်ဟွမ်း ) … အဲ့ဒါက သခင်လေး ဥက္ကဌဟောက်ပဲ ( ဟောက်ချန်ဟွမ်း ) ။ ”
သခင်လေး ဥက္ကဌဟောက်တဲ့လား။ ကုမ္ပဏီထဲကို နောက်ကျမှ ရောက်လာကြသော ဝန်ထမ်းသစ် တချို့သည် စုယန်ယန်ကို သိပ်အာရုံစိုက်မနေကြပါ။ စုယန်ယန်က သူတို့ ပြောနေကြတာ ဟောက်ရှောက်ဖုန်းရဲ့ အကြောင်းလို့ ထင်သွားပြီး ဟောက်ရှောက်ဖုန်းကို ကြည့်လိုက်မိသည်။
တခြား လူတွေက အဲ့ဒါကို မြင်သွားတော့ သူတို့ အချင်းချင်း အသံတိုးတိုးဖြင့် ရှင်းပြခဲ့ကြသည်။ “ ဥက္ကဌဟောက် ဆိုတာ ဒီသခင်လေး ဥက္ကဌဟောက် ( ဟောက်ရှောက်ဖုန်း ) ကို ပြောတာ မဟုတ်ဘူး ၊ ငါတို့ရဲ့ ဥက္ကဌ ဖြစ်တဲ့ သခင်ကြီး ဥက္ကဌဟောက် ( ဟောက်ချီဟန် ) ရဲ့ ညီ ၊ ဥက္ကဌကြီးဟောက်ရဲ့ အငယ်ဆုံး သား ၊ ဥက္ကဌစုရဲ့ ခင်ပွန်းကို ပြောတာ။ ”
လူတိုင်း နားလည် သဘောပေါက်သွားကြသည်။ “ ဒီအမျိုးသားက တစ်မိုးအောက် တစ်ယောက် ဥက္ကဌဟောက်လို့ နင် ပြောချင်တာလား။ ဒီဥက္ကဌဟောက်ရဲ့ ခြေထောက်တွေက မသန်စွမ်း ဖြစ်နေတာလို့ နင်ပဲ ပြောခဲ့တာ မဟုတ်ဘူး။ ဘာလို့ … ”
“ သူ့ခြေထောက်တွေ ပြန်သက်သာသွားတာက လွဲလို့ တခြား ရှိပါ့ဦးမလား။ ”
“ အရင်တုန်းက ဥက္ကဌစုက မီဒီယာတွေအရှေ့မှာ ဥက္ကဌဟောက်ရဲ့ ခြေထောက်တွေက မကြာခင် ပြန်သက်သာလာတော့မှာလို့ ပြောခဲ့ပေမဲ့ လူ အများစုကတော့ သူမကို မယုံသင်္ကာဖြစ်နေခဲ့ကြတာ။ အဲ့ဒါက အစစ်အမှန် ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားဘူး။ အခု သူတို့ကို တိုက်ခိုက်ဖို့ အတွက် ဥက္ကဌဟောက်ရဲ့ မသန်စွမ်း ဖြစ်နေတဲ့ အားနည်းချက်ကို ဘယ်သူ သုံးရဲသေးလဲ ဆိုဝာာ ကြည့်ကြသေးတာပေါ့။ အမေရေ ၊ သမီးရဲ့ အိုင်ဒေါတွေက ပြီးပြည့်စုံတဲ့ စုံတွဲလေး ဖြစ်သွားပြီ။ ”
စုယန်ယန်ကတော့ အတင်းအဖျင်း ပြောနေတဲ့ လူစုကြီးဟာ အရမ်း စိတ်လှုပ်ရှားနေမှန်း မသိရှာ။ သူမအရှေ့မှာ ရှိနေသူရဲ့ ရုပ်ပုံလွှာကို သူမရဲ့ နှလုံးသားထဲမှာ ထွင်းထုထားချင်သကဲ့သို့ စူးစိုက်ကြည့်နေမိသည်။
“ ရှင် ဘယ်လိုလုပ်ပြီး … ”
သူမ စကား ဆုံးအောင် မပြောနိုင်သေးခင်မှာပဲ ဟောက်ချန်ဟွမ်းသည် နှင်းဆီပန်းစည်းကို စုယန်ယန်ရဲ့ ရင်ခွင်ထဲ ထည့်ပေးလိုက်သည်။ “ ဒါ မင်းအတွက်ပါ။ ”
စုယန်ယန်က သူမကိုယ်သူမ သတိမထားမိခင်မှာပဲ ထိုပန်းစည်းကို အလိုလို ထွေးပွေ့ထားပြီး အူကြောင်ကြောင်လေး မေးလိုက်မိသည်။ “ ဒီပန်းတွေကို ကျွန်မတို့ရဲ့ ဥယျာဉ်ထဲကနေ ခူးလာတာလား။ ”
ဟောက်ချန်ဟွမ်းက ရယ်မောလိုက်သည်။ “ ဟုတ်တယ်။ မင်း ဒီမနက် အလုပ်သွားတော့ ကိုယ် ဒီပန်းတွေကို ကိုယ်တိုင် ခူးထားတာလေ။ ”
စုယန်ယန်က ထိုစကားကို ကြားတော့ စတော်ဘယ်ရီသီးလေးလို မျက်နှာရဲသွားမိသည်။ ဟောက်ချန်ဟွမ်း တစ်ယောက် မနက်တုန်းက ပန်းခူးဖို့ အိပ်ရာစောစောထခဲ့ရကြောင်းနှင့် ပန်းပေါ်က ဆူးတွေကို သေသေချာချာ ဖယ်ရှားခဲ့ရကြောင်း တွေးမိသောအခါ သူမရဲ့ နှလုံးသားထဲမှာ ပျားရည်လို ချိုမြိန်သွားသည်။
“ မင်း ကြိုက်ရဲ့လား။ ”
“ အင်း။ ” စုယန်ယန် ခေါင်းညိတ်လိုက်လျှင် ဟောက်ချန်ဟွမ်းက သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။
“ ကိုယ် ဒီနေ့ကို စောင့်နေတာ ကြာပြီ ယန်ယန်။ ” လေးတွဲ့မှုနှင့် စိတ်ကျေနပ်မှုတို့ ခပ်ပါးပါးလေး ယှက်သန်းနေသော အမျိုးသားရဲ့ အသံက ဩရှတိုးလျကာ သံလိုက်ကဲ့သို့ ဆွဲငင်နိုင်သည်။
စုယန်ယန်က နှာခေါင်း တစ်ချက် ရှုံ့ကာ ပြောလိုက်မိသည်။ “ ကျွန်မလည်း ဒီနေ့ကို စောင့်နေတာ ကြာပြီ။ ”
ထို့နောက် သူမ တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်ကာ နှာခေါင်းက လေထွက်ရုံ ဟွန့်ခနဲ မကျေမနပ် အသံပြုလိုက်မိသည်။
“ ဘာဖြစ်လို့လဲ။ ဘယ်သူက မင်းကို စိတ်ညစ်အောင် လုပ်လို့လဲ။ ” ဟောက်ချန်ဟွမ်းက ပါးစပ်ကနေ မေးလိုက်သော်လည်း သူ့အကြည့်ကတော့ မလှမ်းမကမ်းမှာ ရှိနေသော ဟောက်ချီဟန်တို့ မိသားစုဆီ ရောက်သွားကာ ရှင်းပြလို့ မရလောက်အောင် အေးစက်သွားလေသည်။
စုယန်ယန်က စိတ်ညစ်နေတာ မဟုတ်ပေ။ သူမ နည်းနည်းလေး အံ့ဩပြီး စိတ်ပျက်နေရုံပါပဲ။
“ ရှင် မတ်တပ်ရပ်တာကို ပထမဆုံး မြင်နိုင်မယ့် လူက ကျွန်မ ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ ကျွန်မ မဟုတ်ဘူးပဲ။ ”
သူတို့ ဒီကို ရောက်လာချိန်တုန်းက ကုရှောက်ယန် ပျော်နေသည်ဟု စုယန်ယန် ခံစားခဲ့ရသည်။ ဟောက်ချန်ဟွမ်းက နှစ် ( ၄၀ ) ပြည့် နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ဖို့ ဆုံးဖြတ်လိုက်သောကြောင့် သူ ပျော်နေတာ ဖြစ်မည်ဟု စုယန်ယန် ထင်ထားခဲ့တာပင်။
ယခု ထိုအကြောင်းကို သူမ စဉ်းစားကြည့်တော့မှ ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ သက်သာသွားတာကို သူ သိထားပြီးသား ဖြစ်ဖို့ များသည် ဟူ၍ အတွေးဝင်လာသည်။ အဲ့ဒါကြောင့်သာ သူ အရမ်း ပျော်နေတာပါ။
သူမက သူ့ကို ကုသပေးခဲ့ပေမဲ့ သူ သက်သာသွားတဲ့ အကြောင်းကိုကျ လူတိုင်း သိအပြီး နောက်ဆုံးမှ သိရသည်။
“ ဟူး ၊ ကျွန်မ အရမ်း ဒေါသထွက်နေတယ်။ ကျွန်မကို နမ်းပေး ၊ ဖက်ပေးမယ့် ကျွန်မရဲ့ ခင်ပွန်းကို ကျွန်မ လိုအပ်နေပြီ။ ”