← Chapters

အခန်း ၅၀၃

Vol. 34 Ch. 503

အခန်း ၅၀၃

Vol. 34 Ch. 503

အခန်း ( ၅၀၃ ) ရှင် သူ့အတွက် ဝမ်းမသာဘူးလား။

ဟောက်ချန်ဟွမ်းက စုယန်ယန် ဘာတွေးနေလဲ ဆိုတာ ပြောနိုင်သည်။ သူ ခန္ဓာကိုယ်ကို ကိုင်းညွှတ်ပြီး သူမရဲ့ ပါးလေးကို နမ်းလိုက်၏။ “ ကိုယ် မှားသွားတယ်။ ကိုယ်က မင်းကို စပရိုက်တိုက်ချင်တာပါ ၊ မင်းကို စိတ်ပျက်စေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ”

စုယန်ယန်သည် လူတွေ အများကြီးရှေ့မှာ အနမ်းခံလိုက်ရ၍ မျက်နှာရဲသွားမိသည်။ သူမ ရှက်လည်း ရှက် ၊ နည်းနည်းလေးလည်း ‌ကျေနပ်သွားမိသည်။ “ ရှင် ဒီလို လုပ်တာ ဒါ ပထမဆုံး အကြိမ်နဲ့ နောက်ဆုံး အကြိမ်ပဲ ဖြစ်ပါစေနော်။ ”

“ ဟုတ်ပြီ။ ”

“ မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ သူ ဘယ်လိုလုပ် … ” ဟောက်ရှောက်ဖုန်းရဲ့ မျက်နှာက ဖြူရော်နေကာ မျက်လုံးတွေကလည်း မျက်လုံးအခေါင်းပေါက်ထဲမှ ကျွတ်ကျပြုတ်ထွက်သွားတော့မည့်အလား ပြူးကျယ်နေခဲ့သည်။ သူ ပြောသော စကားတွေကလည်း တစ္ဆေသရဲ တစ်ကောင်ကို ကြည့်ရင်း ပြောနေရသကဲ့သို့ တုန်ရီနေခဲ့သည်။

“ ဘာလို့လဲ တူလေး။ ရှင့်ဦးလေးရဲ့ ခြေထောက်တွေက သက်သာသွားပြီလေ။ ရှင် သူ့အတွက် ဝမ်းမသာဘူးလား။ ” သူမ ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲမှ ရုန်းထွက်ကာ သူ့ကို တစ်ဖက်မဲ့ တစ်ဖက်ပြုံး နှုတ်ခမ်းဖြင့် ပြုံးပြလိုက်သည်။

ထို့နောက် စုယန်ယန်က ဟောက်ချီဟန်နှင့် သူ့ဇနီးကို ခနဲတဲ့တဲ့ ကြည့်ကာ ပြုံး၍ မေးလိုက်သည်။ “ ချန်ဟွမ်းရဲ့ ခြေထောက်တွေ သက်သာသွားပြီနော် အစ်ကိုကြီးနဲ့ ယောင်းမ။ အစ်ကိုကြီးတို့တွေ သူ့အတွက် ဝမ်းမသာဘူးလား။ ”

ဟောက်ချီဟန်ရဲ့ အမူအရာက အေးခဲသွားသည်။ သူ တစ်ခုခု ပြန်ပြောဖို့ ပါးစပ် ဟလိုက်ချိန်မှာပဲ သူ့နောက်ကျောဘက်ကနေ ထွက်ပေါ်လာသော လှိုက်လှိုက်လှဲလှဲ ရယ်သံကို ကြားလိုက်ရသည်။ “ ငါတော့ ဝမ်းသာတယ်ဟေ့။ တကယ်လို့ သခင်ကြီးဟောက်သာ သူ့သားလေးက နှစ်တွေ အများကြီး ကြာပြီးတဲ့နောက် နောက်ဆုံးတော့ ပြန်သက်သာပြီး ပျော်ရွှင်စရာ မိသားစုလေးကို ပိုင်ဆိုင်သွားတယ် ဆိုတာကို သိသွားရင် အကုန်လုံးထက် သူက ဝမ်းအသာဆုံးဖြစ်မှာပဲ။ ”

ဟောက်ချီဟန်က လှည့်ကြည့်လိုက်၏။ စကားပြောနေသူကို မြင်ချိန်မှာ သူ့မျက်နှာ အမူအရာက ပိုလို့တောင် ရှုံ့မဲ့ အရုပ်ဆိုးသွားခဲ့သည်။ “ ဦးလေး … ကျန်း။ ”

ဦးလေးဟု ညွှန်းဆိုခေါ်ဝေါ်လိုက်တာက တစ်ဖက်လူဟာ အသက် မငယ်တော့ဘူး ဆိုတဲ့ သဘောပဲ ဖြစ်သည်။ ထိုသခင်ကြီးကျန်းသည် သခင်ကြီးဟောက်နှင့် မျိုးဆက် တစ်ဆက်တည်း ဖြစ်ကာ သခင်ကြီးဟောက်အား ဟောက်‌ကော်ပိုရေးရှင်းကို လွှဲပြောင်းယူရန် ကူညီပေးခဲ့သော ရှေ့ဆောင်လမ်းပြ စီနီယာတွေထဲမှ တစ်ယောက် ဖြစ်သည်။

သခင်ကြီးဟောက် ကွယ်လွန်သွားပြီးနောက် သူကလည်း တခြား ဒါရိုက်တာကြီးတွေလိုပင် အငြိမ်းစားယူသွားခဲ့ပြီး အရေးကြီးသော ကိစ္စတွေက လွဲလို့ ဟောက်‌ကော်ပိုရေးရှင်းအကြောင်း မေးတာ ရှားသည်။

“ ဦးလေး … ဦးလေးက ဒီကို ဘာလို့ ရောက်လာတာလဲ။ ”

“ ကုမ္ပဏီ တည်ထောင်တာ နှစ် ( ၄၀ ) ပြည့်တဲ့ နှစ်ပတ်လည် အခမ်းအနားကို ငါက ဘယ်လိုလုပ် မလာဘဲ နေနိုင်မှာလဲ။ ” အဘိုးကျန်းက ဟောက်ချန်ဟွမ်းကို ပြုံးပြကာ လေးနက်စွာ ပြောလိုက်သည်။ “ ငါသာ မလာခဲ့ရင် ဒီလို ဖြစ်ရပ်ဆန်း တစ်ခုကို မြင်နိုင်မှာ မဟုတ်ဘူး။ ”

ဟောက်ချီဟန်သည် ဦးလေးကျန်းရဲ့ စကားတွေကို ကြားချိန်မှာ သူ့မျက်နှာဟာ ထပ်မံ မည်းမှောင်ကျသွားပြီး ဘေးတစ်ဖက်တစ်ချက်မှာ ချထားသော သူ့လက်တွေကိုလည်း အလိုလို လက်သီး တင်းတင်း ဆုပ်လိုက်မိသည်။

အခြားတစ်ဖက်၌ မစ်စ်ဟောက်သည် သူတို့ ထွက်ပေါ်လာကြသော နေရာနှင့် အချိန်ကို ကြည့်ကာ တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ သူမ မရဲတရဲ မေးလိုက်၏။ “ ဦးလေးက ချန်ဟွမ်းနဲ့အတူ လာခဲ့တာလား။ ”

အဘိုးကျန်းက ပြုံးရုံသာ ပြုံးကာ ဘာမှ ပြန်မပြော။ ဟောက်ချီဟန်နှင့် မစ်စ်ဟောက်တို့ စုံတွဲက အဖြေကို ချက်ချင်း နားလည်သွားကာ ပိုလို့တောင် မျက်နှာတွေ ရှုံ့မဲ့သွားခဲ့သည်။

ဒီအဘိုးကြီးက အမြဲတမ်း ဘယ်သူ့ဘက်မှ မပါသော ကြားနေပုဂ္ဂိုလ် တစ်ယောက် ဖြစ်ခဲ့တာ ဖြစ်သည်။ အခု သူ ဒီလို စကားမျိုး ပြောတယ် ဆိုကတည်းက ဟောက်ချန်ဟွမ်းရဲ့ ဘက်တော်သား ဖြစ်သွားပြီ ဆိုတာ အသိအသာကြီးပါပဲ။

ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်း ဒါရိုက်တာ ဘုတ်အဖွဲ့က အတော်လေး သဘောထား တင်းမာခဲ့သည်။ ဒီတစ်ခေါက်မှာ ဤ ကြားနေပုဂ္ဂိုလ်တွေပါ ဝင်ပါလာမည် ဆိုလျှင် အနာဂတ်က သေချာပေါက် ပိုမို ရှုပ်ထွေးသွားလိမ့်မည်။

အစပိုင်းမှာ ဟောက်ချီဟန်ရဲ့ ဂုဏ်သတင်းက ဟောက်ရှောက်ဖုန်းရဲ့ အဖြစ်အပျက်ကြောင့် ပျက်စီးသွားပြီး သူ့ကို ထောက်ပံ့ပေးခဲ့သူတွေကလည်း စတင် ဂဏှာမငြိမ် ဖြစ်လာခဲ့ကြသည်။ လက်ရှိအချိန်မှာ ဟောက်ချန်ဟွမ်းလည်း ပေါ်လာပြီမို့ ဒီပုံအတိုင်းသာ ဆက်သွားရင် …

ဟောက်ချီဟန်ရဲ့ နှလုံးသားထဲမှာ အမုန်းတရားတွေ ပြည့်သိပ်နေသော်လည်း ဝမ်းသာသော အပြုံးတု တစ်ခုကို လုပ်ယူလိုက်သည်။ “ ချန်ဟွမ်း ဘယ်တုန်းက သက်သာသွားတာလဲ။ သူ ဘာလို့ ငါတို့ကို ကြိုအသိပေးမထားတာလဲ။ ခယ်မလေးနဲ့ ရှောက်ဖုန်းကြောင့် ငါတို့ မိသားစုက တကယ့်ကို သွေးကွဲနေတာများလား။ ”

စုယန်ယန်သည် ထိုစကားကို ကြားလျှင် ရွံရှာစက်ဆုပ်သွားမိသည်။ စိတ်ထဲကနေ “ ကျွန်မ ဘာလို့ ရှင့်ကို ပြောရမှာလဲ။ ရှင် ကျွန်မတို့ကို ဒုက္ခပေးပြီး ဟောက်ချန်ဟွမ်း ပြန်သက်သာလာတာကို နှောင့်ယှက်ဖို့ နည်းလမ်း‌တွေကို စဉ်းစားနိုင်အောင်လို့ ရှင့်ကို ကြိုပြောရမှာလား။ ” ဟု တစ်ယောက်တည်း တွေးလိုက်မိသည်။

“ အာ။ အစ်ကိုကြီး အဲ့အကြောင်း မသိဘူးလား။ လွန်ခဲ့တဲ့ ရက် အနည်းငယ်တုန်းက သတင်းထောက်တွေနဲ့ ကျွန်မနဲ့ ဖြစ်ခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်လို့ အတင်းအဖျင်းတွေ ၊ ကောလဟာလတွေက တောမီးလို ပြန့်နေလို့ ကျွန်မကို ရှေ့ထွက်ပြီးတော့ ကိုယ့်စကားကိုယ် ရှင်းပြဖို့ ဖိအားပေးခဲ့နေခဲ့ကြတာလေ။ ”

All Chapters