အခန်း ၅၀၄
Vol. 34 Ch. 504
အခန်း ( ၅၀၄ ) ကိုယ် ပြုသည့် ကံ ကိုယ့်ထံ ပြန်။
“ ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေက မကြာခင် သက်သာလာလိမ့်မယ်လို့ အစ်ကိုကြီးတို့ကို ကျွန်မ ပြောထားသားပဲ။ အစ်ကိုကြီးရော ၊ ယောင်းမရော အဲ့အကြောင်းကို သိထားတယ်လို့ ကျွန်မ ထင်နေတာ။ မသိဘူးလို့ ထင်မထားခဲ့ဘူး … ”
စုယန်ယန်က အပြစ်ကင်း ဖြူစင်သလို ပုံစံဖမ်းနေခဲ့သည်။ စကား နည်းနည်းလောက် ပြောလိုက်ရုံဖြင့် သူမက ဟောက်ချီဟန်နှင့် သူ့ဇနီးကို ကိုယ့်ရှူးကိုယ်ပတ်အောင် လုပ်နိုင်ခဲ့သည်။
“ ပြဿနာလေး တချို့ကြောင့် ငါတို့က ငါတို့ရဲ့ ညီအစ်ကို ဆက်ဆံရေးကို ဂရုမစိုက်တော့ဘဲနဲ့ ဟောက်ချန်ဟွမ်းရဲ့ ကျန်းမာရေးကို မျက်နှာလွှဲခဲပစ်လုပ်ထားတယ်လို့ မင်း ထင်နေတာလား။ ”
“ ရှင့်ရဲ့ လှည့်ကွက်လေးတွေကို ဘယ်သူမှ မမြင်နိုင်ဘူးလို့ ရှင် တကယ် ထင်နေတာလား။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက စုယန်ယန်ရဲ့ စကားတွေကြောင့် အကြိမ် အနည်းငယ် ရှုံ့မဲ့သွားသည်။ သေချာပေါက်ပင် သူ ထိုအကြောင်းကို သိထားသော်လည်း အရင်တုန်းက ဟောက်ရှောက်ဖုန်းလိုပဲ စုယန်ယန်ဟာ ဟောက်ချန်ဟွမ်း အတွက် အရှက်မကွဲရအောင် ဆင်ခြေပေးနေသည်ဟုသာ ထင်ထားခဲ့တာပင်။
ဒါက အစစ်အမှန် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
ဟောက်ချန်ဟွမ်းသည် သားအဖ နှစ်ယောက်နှင့် အတူ ညီအစ်ကိုချင်း ရင်းနှီးချစ်ခင်နေကြတယ်လို့ စိတ်ရှုပ်ခံပြီး ဟန်ဆောင်မပြချင်ပေ။ သူ မိသားစု တစ်စုလုံးကို လျစ်လျူရှုထားလိုက်ကာ စောစောတုန်းက သူတို့ဘက်မှ ရပ်တည်ပြောကြားပေးခဲ့သော အဘိုးကြီးနှင့် စုယန်ယန်ကို မိတ်ဆက်ပေးလိုက်သည်။
“ ကိုယ် မင်းကို မိတ်ဆက်ပေးမယ်။ ဒါက ကိုယ့်အဖေရဲ့ မိတ်ဆွေကောင်း ဦးလေးကျန်းတဲ့။ ဒါကတော့ ကျွန်တော့်ဇနီး စုယန်ယန်ပါ ဦးလေးကျန်း။ ”
“ တွေ့ရတာ ဝမ်းသာပါတယ် မစ်စ်စု။ ” သခင်ကြီးကျန်းက စုယန်ယန်ကို အရင် လက်ဆွဲနှုတ်ဆက်ခဲ့သည်။ “ ဘယ်လို မိန်းကလေးမျိုးက ဟောက်ချန်ဟွမ်းကို အချစ်မှာ ပျော်ဝင်အောင် လုပ်နိုင်မလဲ ဆိုတာ ဦးလေး အမြဲတမ်း သိချင်နေခဲ့ဝာာ။ ဒီကောင်လေးက ငယ်ငယ်လေးကတည်းက ပိုင်ဆိုင်လိုစိတ် ပြင်းပြတာ နှမြောစရာကောင်းတယ်။ လူ တစ်ယောက် ၊ ဒါမှမဟုတ် ပစ္စည်း တစ်ခုကို သူ ပိုသဘောကျလေ … အဲ့ဒါကို တခြား လူတွေဆီ ထုတ်မပြချင်လေပဲ။ မစ်စ်စုကို ဦးလေး ဒီလောက် နီးနီးကပ်ကပ် မြင်ဖူးတာ ဒါ ပထမဆုံး အကြိမ်ပဲ။ မစ်စ်စုက တကယ့်ကို ကြင်နာတတ်ပြီး အတွေးအခေါ်ကောင်းတဲ့ မိန်းကလေး တစ်ယောက်ပါပဲ။ ”
သူက အရင်တုန်းက အရမ်း ပိုင်ဆိုင်လိုစိတ် ပြင်းပြခဲ့တာတဲ့လား။ စုယန်ယန် မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်မိသည်။ ဟောက်ချန်ဟွမ်းက ဦးလေးကျန်း ပြောသလောက်တော့လည်း မဆိုးပါ။ အနည်းဆုံးတော့ ဟောက်ချန်ဟွမ်းက သူမကို ဟို မသွားရဘူး ၊ ဒီ မသွားရဘူး ၊ ဟိုဟာ မလုပ်ရဘူး ၊ ဒီဟာ မလုပ်ရဘူး စသည်ဖြင့် မချုပ်ချယ်သလို အိမ်ထဲမှာပဲလည်း အောင်းခိုင်းမနေပါ။ သူမရဲ့ သူငယ်ချင်း ဆက်ဆံရေးတွေကိုလည်း သူ ဘာမှ ဝင်မစွက်ဖက်။
ထိုကိစ္စနှင့် ပတ်သက်လို့ ပြောစရာတွေ အများကြီး ရှိနေသော ယုကျစ်ယန် : “ … ” သခင်မလေးရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲမှာ ကံစမ်းမဲ မပေါက်အောင် ကန့်သတ်ခံထားရတဲ့ အမျိုးသား ကြည့်ရှုသူတွေ ဘယ်လောက်တောင် များလဲ ဆိုတာ သခင်မလေး မသိသေးလို့ပါ။
စုယန်ယန်သည် သူမ စိတ်ထင်တာပဲလားတော့ မသိသော်လည်း သခင်ကြီးကျန်းနှင့် ခဏလောက် စကားစမြည် ပြောအပြီးတွင် သခင်ကြီးကျန်းက သူမအပေါ် အထူး ဖော်ရွေနေတယ်လို့ ခံစားရသည်။
“ ဦးလေးကျန်းက ဘယ်လိုပါလိမ့်နော်။ အခုမှ ကျွန်မတို့ ပထမဆုံး အကြိမ် တွေ့ဖူးတာ ဆိုပေမဲ့ သူ စကားပြောတာကို ကြားတော့ အရင်က သိကျွမ်းခဲ့ဖူးတဲ့ အသိအကျွမ်းဟောင်းတွေလို ခံစားရတယ်။ သူက ကျွန်မကို တကယ့်စိတ်ရင်းနဲ့ ဆက်ဆံနေတာ။ ရှင် သက်သာလာတာကို မြင်သွားလို့ သူ … ”
ဟောက်ချန်ဟွမ်းက သူမကို လေးလေးနက်နက် ကြည့်ကာ ပြုံးလိုက်သည်။ “ ကိုယ်တို့ အိမ်ပြန်ရောက်ရင် မင်းကို ပြောပြပါ့မယ်။ လောလောဆယ်တော့ အရင် ဝင်ကြရအောင်။ ”
“ အင်း။ ”
ကနဦး ထိတ်လန့်မှု ပြီးဆုံးသွားပြီးနောက် လူ များစွာဟာ စတင် သတိဝင်လာခဲ့ကြသည်။ အထူးသဖြင့် ဟောက်ချန်ဟွမ်းတို့ စုံတွဲကို အကြည့်မလွှဲနိုင်သော ရှယ်ယာရှင်လေးတွေ အပါအဝင် လူများစွာရဲ့ အကြည့်ဟာ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းအပေါ် ကျရောက်နေခဲ့ကြသည်။
ဟောက်ရှောက်ဖုန်းက သူ့မှာ အခွင့်အရေး မရှိတော့ကြောင်း နားလည်သွားသည်။ ဟောက်ချီဟန်ရဲ့ ကိုယ်ပိုင် အခွင့်အရေးတွေက အကန့်အသတ်ရှိကာ သူ့မှာ တခြား သားတွေလည်း မရှိ။
ကုမ္ပဏီဟာ ဟောက်ချန်ဟွမ်း ရောက်မလာခင်ကတည်းက ဖရိုဖရဲ အခြေအနေမှာ ရောက်နေခဲ့ပြီးသားမို့ အခုလို ပြီးပြည့်စုံသော အခြေအနေနှင့် သူ ရောက်လာသောအခါ လူ များစွာသည် ဘုရား မ,တမိဘဲ မနေနိုင်ကြ။
ဟောက်ချီဟန်က လူတွေ ဖုံးကွယ်ထားတဲ့ ခံစားချက်တွေကို သေချာ သတိပြုမိသွားပြီး သူ့မျက်လုံးထဲမှာ စိတ်ပျက်အားငယ်မှု အရိပ်အယောင်လေးတွေ ဖြတ်ပြေးသွားသည်။
ဟောက်ရှောက်ဖုန်းသည် ဒေါသကြောင့် သူ့နှာခေါင်းကြီး ရွဲ့သွားတော့မလား ထင်မှတ်ရလောက်အောင် ဒေါသူပုန်ထနေမိသည်။ အရင်တုန်းကတော့ ဟောက်ချန်ဟွမ်းလို လူမျိုးကို လက်ထပ်မိခဲ့လို့ စုယန်ယန် တစ်နေ့ကျ နောင်တရလိမ့်မယ် ဆိုတာ သူ့စိတ်ထဲမှာ သေချာလျက် သူမကို လှောင်ပြောင်သရော်ဖို့ အတွက် ဟောက်ချန်ဟွမ်းက မသန်စွမ်း ဖြစ်နေတယ် ဆိုတဲ့ အချက်ကို အသုံးချခဲ့သည်။
ဒါပေမဲ့ ဟောက်ချန်ဟွမ်းကတော့ တဖြည်းဖြည်း အဆင်ပြေ တိုးတက်လာနေခဲ့သည်။ အစပိုင်းမှာ အကြောသေနေခဲ့တဲ့ သူ့ခြေထောက်တွေကိုတောင် ကုသပြီးပါပြီ။ ဟောက်ရှောက်ဖုန်းကတော့ မသန်စွမ်း ဖြစ်နေရုံသာမက စကားဖြင့် ပြောလို့ မရလောက်အောင် ဆိုးဝါးတဲ့ ပြဿနာ တချို့လည်း ရှိနေသေးသည်။
ဘေးချင်း ယှဉ်ထိုင်ကာ တစ်ယောက်လက်ကို တစ်ယောက် ချိတ်ထားကြသော စုံတွဲအား ဟောက်ချန်ဟွမ်း ကြည့်မိသည်။ သူ့လက် အခုလို အခြေအနေ ဖြစ်လာအောင် ဟောက်ချန်ဟွမ်း တစ်ခုခုတော့ လုပ်ခဲ့ရမယ် ဆိုတာ သေချာပါသည်။
ဒီနှစ်ယောက်ထဲမှ တစ်ယောက်က သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝ တစ်လျှောက်လုံး ပျော်ရွှင်မှုကို ဖျက်ဆီးခဲ့သူ ၊ နောက်တစ်ယောက်ကတော့ သူ့ကို မသန်စွမ်း ဖြစ်အောင် လုပ်ခဲ့သူ။ သူ ဒီနှစ်ယောက်လုံးကို ဒီတိုင်း အလွှတ်ပေးလိုက်မှာ မဟုတ်ဘူး ၊ လုံးဝကို အလွှတ်မပေးဘူး။