← Chapters

အခန်း ၅၀၅

Vol. 34 Ch. 505

အခန်း ၅၀၅

Vol. 34 Ch. 505

အခန်း ( ၅၀၅ ) အချိုတွေ များလွန်းတယ်။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းသည် ဟောက်‌ကော်ပိုရေးရှင်းမှာ အလုပ် မလုပ်သော်လည်း နှစ်ပတ်လည် အခမ်းအနားကိုတော့ ရှယ်ယာရှင်များအနေဖြင့် တက်ရောက်ခဲ့ကြသည်။

ပွဲကျင်းပရာ နေရာကို စီစဉ်ပေးထားသော ဝန်ထမ်းက သူတို့ကို မစော်ကားရဲသဖြင့် အရှေ့ဘက် ထိုင်ခုံတန်းရှိ ဗီအိုင်ပီ နေရာမှာ သူတို့အတွက် ထိုင်ခုံနေရာ စီစဉ်ပေးခဲ့သည်။ သူတို့က ဟောက် မိသားစု ထိုင်နေသော နေရာနှင့် ထောင့်ဘက်ကျကျ ခပ်ဝေးဝေးမှာ ထိုင်နေကြတာ ဖြစ်သည်။

စုယန်ယန် အလွန် ကျေနပ်သွားမိသည်။

သူမတို့ ဒီနေ့ ရောက်လာရတဲ့ အဓိက ရည်ရွယ်ချက်က ဒီမိသားစုကို စိတ်အနှောင့်အယှက်ပေးဖို့ ဖြစ်သော်လည်း သူမမှာ သူတို့ကို အရေးလုပ်ချင်စိတ် တကယ် မရှိပါ။ ပြီးတော့ သူမရှေ့မှာ မျက်စိစပါးမွေးမူးစရာ ဖြစ်နေတဲ့ သူတို့ကို သူမ မမြင်ချင်။

“ ရှင် ဘယ်အချိန်တုန်းက ပြန်သက်သာလာတာလဲ။ ”

“ ကိုယ် ဖြည်းဖြည်းချင်း သက်သာနေတာ ကြာပြီ။ ဒါပေမဲ့ ဒီတစ်ပတ်ထဲမှာတော့ ကိုယ် ဒီနေ့လို လမ်းလျှောက်နိုင်သွားတာပဲ။ ”

စုယန်ယန်က ခဏ တိတ်ဆိတ်သွားပြီးမှ နူးညံ့စွာ မေးလိုက်သည်။ “ ရှင် ပြန်လမ်းလျှောက်နိုင်သွားတဲ့နောက်ပိုင်း ဒီကို လာတော့ ဦးလေးကျန်းက ရှင်နဲ့ အတူ လိုက်လာတာလား ၊ ဒါမှမဟုတ် ရှောက်ယန်နဲ့ ကျန်တဲ့ လူတွေက လိုက်လာတာလား။ ”

“ မဟုတ်ဘူး။ ဦးလေးကျန်း တစ်ယောက်တည်းပဲ ကိုယ်နဲ့အတူ လိုက်လာခဲ့တာ။ ”

စုယန်ယန်သည် ဟောက်‌ချန်ဟွမ်းကို အချိန် အတော်ကြာ ကြည့်နေမိ၏။ ထို့နောက် သူ့စိုးရိမ်ပူပန်မှုတွေကို သူမ ချက်ချင်း နားလည်သွားသည်။

သူ့မျက်လုံးထဲမှာ ဦးလေးကျန်းဟာ သူ အရွယ်ရောက် ကြီးပြင်းလာတာကို အရိပ် တကြည့်ကြည့် ကြည့်နေခဲ့သည်။ ဦးလေးကျန်းက အခက်အခဲတွေနှင့် ရင်ဆိုင်ရချိန်မှာတောင် ဘယ်တော့မှ အရှုံးမပေးခဲ့သော လူကြီး တစ်ယောက် ဖြစ်သည်။ ဦးလေးကျန်းက ဟောက်ချန်ဟွမ်း၏ ဘဝရဲ့ အနိမ့်အမြင့် အတက်အကျတွေ အားလုံးတိုင်းမှာ အတူ ရှိနေကာ ဟောက်ချန်ဟွမ်းကလည်း သူ့ရဲ့ အားအနည်း‌ဆုံး ၊ အပျော့ညံ့ဆုံး ပုံစံကို ဦးလေးကျန်းအား မြင်ခွင့်ပြုပါက ဟောက်ချန်ဟွမ်းရဲ့ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးက ပိုပေါ့သွားလိမ့်မည်။

‌ကုရှောက်ယန်နှင့် တခြား လူတွေက သူနှင့် ဆက်ဆံရေး အဆင်ပြေသော်လည်း သူတို့က သူနှင့် သက်တူရွယ်တူတွေ ဖြစ်နေပါသေးသည်။ ထို့ပြင် သူတို့ အားလုံးက သူ့လက်အောက်က ဝန်ထမ်းတွေမို့ သူတို့ရှေ့မှာ ဂုဏ်သိက္ခာ တချို့ကိုတော့ သူ ထိန်းသိမ်းရပါဦးမည်။

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ မျက်လုံးထဲမှ နာကျင်မှုကို သတိပြုမိသွားပုံပေါ်သည်။ သူ ပြုံးလိုက်ပြီး စုယန်ယန်ရဲ့ နား,နား ကပ်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ ကိုယ် အခု ကြည့်ကောင်းလား။ ”

စုယန်ယန် အနည်းငယ် အံ့ဩသွားသည်။ သူမ ရှက်သွေးဖြာသွားကာ အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ “ အင်း။ ”

“ ဒါဆို ကိုယ် ဒီအတောအတွင်း အလုပ်ကြိုးစားခဲ့ရတာ ကြိုးစားရကျိုးနပ်တာပဲ။ ”

“ အရူး … ” စုယန်ယန်က သူ့ကို ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘဲ သူနှင့် လက်ချင်း ယှက်ထားလိုက်မိသည်။ “ ကျွန်မ ထပ်ပြောမယ်။ နောက်တစ်ခေါက် အဲ့လို ထပ်မလုပ်နဲ့နော်။ နောက်ပိုင်းကျ ရှင့်မှာ အခက်အခဲတွေ ရှိလာရင် ကျွန်မကို ပြောရမယ်။ ကျွန်မ မသိအောင် လျို့ဝှက်မထားနဲ့။ ရှင့်ကို မြင်တဲ့ ကျွန်မရဲ့ အမြင် ပြောင်းလဲသွားမှာကိုလည်း စိတ်မပူနဲ့။ ကျွန်မရဲ့ နှလုံးသားထဲမှာ ရှင်က အချောဆုံးနဲ့ မှီခိုအားကိုးလို့ အရဆုံး လူပဲ။ ”

“ ဘယ်လောက် ခက်ခဲတဲ့ ပြဿနာပဲဖြစ်ဖြစ် ၊ ကျွန်မတို့ အတူတူ ရင်ဆိုင်ပြီး အဖြေရှာလို့ ရတယ်။ ကျွန်မှာ ကိစ္စ တစ်ခုခု ရှိလာတာနဲ့ ရှင့်ကို သတိရစေချင်သလိုပဲ ကျွန်မလည်း ရှင် အကူအညီလိုနေပြီ ဆိုတာနဲ့ ကျွန်မကို အရင်ဆုံး တွေးမိစေချင်တယ်။ ကျွန်မကို အကူအညီမတောင်းဘဲ မနေပါနဲ့။ ”

ဟောက်ချန်ဟွမ်းက သူတို့လက်ပေါ်က လက်စွပ်တွေကို ကြည့်ကာ မျက်လုံးတွေ တောက်ပသွားသည်။ သူ စိတ်ရင်းဖြင့် ပြန်ဖြေလိုက်သည်။ “ စိတ်ချပါ။ ”

သူတို့ နှစ်ယောက်က သူတို့ကိုယ်သူတို့ မထူးဆန်းဘူးဟု ထင်သော အပြုအမူဖြင့် ပြုမူနေခဲ့ကြသော်လည်း သဘာဝကျစွာပင် လူ များစွာက သူတို့ အပြုအမူတွေကို မြင်သွားခဲ့ကြသည်။ အထူးသဖြင့် ဟောက်ချီဟန်တို့ မိသားစု ဖြစ်လေ၏။

ထောင့်တစ်နေရာမှာ နီးစပ်တိုးကပ်လျက် ပကျိပကျိ လုပ်နေကြတဲ့ သူတို့ နှစ်‌ယောက်ကို ကြည့်ရင်း သူတို့ထံမှ ဖြာထွက်နေသော ချိုမြိန်မှုနှင့် ပျော်ရွှင်မှုတွေက သူတို့ရဲ့ ဆင်ခြင်တုံတရားကို ချေဖျက်တိုက်စားသွားတော့မလို ထင်ရသည်။

ထိုအချိန်မှာပဲ နောက်ဘက်မှာ ထိုင်နေကြသော မိန်းကလေးများသည် ဖုန်းတွေကို ထုတ်ကာ ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်ကို ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်ယူခဲ့ကြသည်။ သူတို့က ဓာတ်ပုံရိုက်ရင်း အသည်းယားလာ၍ ဘယ်လိုမှ မတတ်နိုင်ဘဲ တီးတိုး ပြောမိကြတော့သည်။

“ အား။ အရမ်း ချိုမြိန်တာပဲ။ သူတို့က အတူတူ ထိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် စကားတွေ တိုးတိုးလေး ပြောနေကြတာ။ ခုနတုန်းက လေတိုက်တာ နည်းနည်းလေး ပြင်းသွားတော့ ဥက္ကဌစုရဲ့ ဆံပင်တွေကလည်း လေထဲမှာ လွင့်ကုန်ကြတယ်။ အဲ့ဒါကို ဥက္ကဌဟောက်က ချက်ချင်းပဲ ပြန်စုစည်းပေးခဲ့တာ။ သူ့အပြုအမူ‌တွေ ၊ အကြည့်တွေက တောင့်ခံဖို့ မလွယ်လောက်အောင် နူးညံ့လွန်းတယ်။ ”

“ အဲ့ဒါ ဘာဟုတ်သေးလို့လဲ။ နင် သူတို့ရဲ့ လက်တွေကို မမြင်ဘူးလား။ သူတို့က ပွဲကို ရောက်လာကတည်းကနေ အခုထိ လက်ချင်း မဖြုတ်ကြသေးဘူး။ ခုနတုန်းက သူတို့တွေ လက်ကိုင်ရုံလောက်ပဲ ကိုင်ထားကြပေမဲ့ အခုတော့ ကြားလေ သွေးလို့ မရအောင် ပူးကပ်နေကြပြီ။ အဟင့် ၊ ဒါ ဘယ်လို အချစ်မျိုးလဲ။ ချိုမြိန်မှု လယ်ဗယ်က မြင့်လွန်းတယ်။ ”

“ အရင်တုန်းက အွန်လိုင်းပေါ်က ဓာတ်ပုံတွေကို ငါ မြင်တော့ သူတို့ နှစ်ယောက်ကို အချင်းချင်း တော်တော်လေး သဟဇာတဖြစ်တဲ့ ပုံပဲလို့ ထင်ခဲ့မိတယ်။ သူတို့ ဒီလောက်တောင် ချိုမြိန်နေလိမ့်မယ်လို့ ငါ ထင်မထားဘူး။ ပြင်ပ လက်တွေ့ကမ္ဘာမှာ သူတို့ အရမ်း သည်းသည်းလှုပ်နေကြမယ်လို့ ငါ လုံးဝကို ထင်မထားခဲ့တာ။ ငါ သူတို့ရဲ့ ချိုမြိန်မှုတွေကို ကြည့်ပြီး ဆီးချိုတက်ချင်သွားပြီ။ ”

ဟောက်ရှောက်ဖုန်းရဲ့ နှလုံးသားထဲမှ မီးတောက်ပေါ်ကို ဆီတွေ အများကြီး လောင်းချခံလိုက်ရတာ စတင် လောင်ကျွမ်းလာခဲ့သည်။ အစိမ်းလိုက် ဝါးစားချင်သလို ကြောက်စရာကောင်းသော အကြည့်ဖြင့် သူ ထိုကောင်မလေးတွေကို လှည့်ကြည့်လိုက်၏။

All Chapters