အခန်း ၅၀၆
Vol. 34 Ch. 506
အခန်း ( ၅၀၆ ) စုံတွဲ ခွက်ကလေးများ။
မိန်းကလေး အနည်းငယ်က ထိတ်လန့်သွားကာ သူတို့ရဲ့ ဖုန်းတွေကို တွန့်ဆုတ်ဆုတ်ဖြင့် ပြန်ချထားလိုက်သည်။ သို့သော်လည်း သူတို့ ဟောက်ရှောက်ဖုန်းကို နည်းနည်းလေး မကျေမနပ် ဖြစ်သွားမိသည်။
“ အဲ့ဒါ ဟို အဖွဲ့ခေါင်းဆောင်ဟောက် မဟုတ်လား။ မစ်စ်စုရဲ့ အမှိုက်ကောင် သတို့သားဟောင်းလေ။ ”
“ ငါတို့လည်း သူ့ကို ဘာမှ မလုပ်ဘဲနဲ့ သူ ဘာလို့ ငါတို့ကို စိုက်ကြည့်နေရတာလဲ။ ”
“ သူ ငါတို့ကို စိုက်ကြည့်ရုံက လွဲလို့ ဘာလုပ်နိုင်မှာမို့လို့လဲ။ သူက ငါတို့အပေါ် ဒေါသတွေ လာလွှဲချနေတာ။ ဒီ အဖွဲ့ခေါင်းဆောင်ဟောက်က အရမ်း စရိုက်ဆိုးတယ်လို့ ငါ ကြားတယ်။ သူ ကုမ္ပဏီမှာ အလုပ်ဝင်တဲ့ အချိန်တုန်းက သူ့ကိုယ်သူ လူတိုင်းရဲ့ အထက်မှာ ရှိနေသလို ပြုမူခဲ့တာတဲ့။ သူ တစ်ခုခုကြောင့် စိတ်မကျေမနပ်ဖြစ်နေတိုင်း သူ့လက်အောက်ငယ်သားတွေကို အမြဲ ကြိမ်းမောင်းတယ်။ ငါ့သူငယ်ချင်း တစ်ယောက်က သူတို့အဖွဲ့ထဲမှာလေ။ အဲ့ဒီ ဟောက်ရှောက်ဖုန်း ဆိုတဲ့ ကောင်က ငါ့သူငယ်ချင်းရဲ့ အလုပ် အစီရင်ခံစာကို အမှတ်ပေးဖို့ မေ့သွားလို့ လူတွေ အများကြီးရှေ့မှာ ငိုမိတဲ့ အထိ ကြိမ်းမောင်းခံခဲ့ရတယ်။ သူ့ကို ကြည့်ရတာ တစ်စက်ကလေးမှကို ကျက်သရေ မရှိဘူး။ ”
“ ဒီလို ပြောတော့မှ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ငါ့သူငယ်ချင်းက စားသောက်ဆိုင် တစ်ဆိုင်မှာ တခြား ယောက်ျား တစ်ယောက်နဲ့ ဖက်နေတဲ့ သူ့အပျော်မယားကို တွေ့ခဲ့တယ်လို့ ပြောထားတာကို ငါ ဖျတ်ခနဲ ပြန်သတိရသွားပြီ။ သူတို့က အရမ်းကို ပူးကပ်နေကြတာတဲ့။ ”
“ အပျော်မယား … ဟုတ်လား။ ဘယ်က အပျော်မယားလဲ။ ”
“ တခြား ဘယ်သူ ရှိဦးမလဲ။ ”
“ အဖွဲ့ခေါင်းဆောင်ဟောက်ရဲ့ အပျော်မယားက သူ့နောက်ကွယ်မှာ တခြား ယောက်ျား တစ်ယောက်နဲ့ တွေ့ပြီး သူ့အပေါ် ဖောက်ပြန်နေတယ်လို့ နင် ပြောချင်တာလား။ မဖြစ်နိုင်ပါဘူးဟာ။ ”
“ ဘယ်သူ သိမှာလဲ။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ အပျော်မယား တစ်ယောက်က ဘယ်လို အကြောင်းပြချက်ကြောင့် အပျော်မယား ဖြစ်ချင်မှာလဲ။ ပိုက်ဆံကြောင့်ပဲ မဟုတ်ဘူးလား။ အဖွဲ့ခေါင်းဆောင်ဟောက်က ဟောက်ကော်ပိုရေးရှင်းကို အမွေဆက်ဆံရမယ့် ၊ ဟောက်မိသားစုရဲ့ စစ်မှန်တဲ့ သခင်လေး တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ အခုတော့ သူက ဟောက်ကော်ပိုရေးရှင်းကနေ ထုတ်ပယ်ခံလိုက်ရပြီမို့လို့ သူ့ကိုယ်သူတောင် မကာကွယ်နိုင်တော့ဘူး။ သေချာတာပေါ့ ၊ သူ့အပျော်မယားက နောက်ထပ် မိသားစု တစ်စုကို ထပ်ရှာဖို့ လိုမှာပဲ။ ”
“ သူ အရမ်း ဒေါသထွက်နေတာ အံ့ဩစရာ မရှိပါဘူး။ ဟို အပျော်မယားက သူ့ကို ကန်ထုတ်ပစ်ခဲ့တာ ဖြစ်ရမယ်။ ပြီးတော့ အရမ်း ချစ်စရာကောင်းနေတဲ့ ဥက္ကဌဟောက်နဲ့ ဥက္ကဌစုတို့ကို မြင်တော့ သူ အရမ်း မနာလိုသွားတာ။ သူက စွန့်ပစ်ခံရတာနဲ့ ထိုက်တန်တယ်။ အမှိုက်ကောင်တွေ အကုန်လုံးက ရွံစရာကောင်းတယ်။ ”
ဟောက်ရှောက်ဖုန်းကတော့ မိန်းကလေး ဝန်ထမ်းတွေဟာ သူရဲ့ စူးစူးဝါးဝါး အကြည့်ကြောင့် သူ့ကို ခြေနင်းဖတ်လောက်ထိ အထင်သေးသွားပြီမှန်း မသိခဲ့ပေ။ သူတို့က ဟောက်ရှောက်ဖုန်းသည် ဝမ်ကျင့်ဖျင်၏ ဖောက်ပြန်တာကို ခံလိုက်ရ၍ သူမကို ပြန်လက်စားချေမည်ဟုပင် ထင်နေခဲ့ကြသည်။
ကုမ္ပဏီရဲ့ နှစ်ပတ်လည် အခမ်းအနား အတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး အစီအစဉ်ကတော့ သဘာဝကျစွာပင် ကံစမ်းမဲ အစီအစဉ် ဖြစ်ပါသည်။
ဘာပဲပြောပြော ဒါက နှစ် ( ၄၀ ) ပြည့် နှစ်ပတ်လည် အခမ်းအနားမို့ ဟောက်ကော်ပိုရေးရှင်းက ဒီတစ်ခေါက် အများကြီး ရင်းနှီးမြုပ်နှံထားသည်။ ကံစမ်းမဲ ဆုတွေက ဇိမ်ခံ ကားတွေကနေ ရိုးရှင်းသော နေ့စဉ် လိုအပ်ချက် ပစ္စည်းတွေ အထိ အမျိုးမျိုး ရှိ၏။ ဆုလက်ဆောင်တွေထဲမှာ မင်း စဉ်းစားလို့ ရသမျှ ပစ္စည်းတွေ အကုန်လုံး ပါသည်။
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းက ဘေးမှ ရပ်ကြည့်သူများ ဖြစ်ကြသည်။ ကျိုးကြောင်းဆီလျော်စွာ ပြောရမည် ဆိုလျှင် သူတို့အတွက် ကံစမ်းမဲ အစီအစဉ်မှာ ပါဝင်စရာ မလိုပေ။
ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ သက်သာသွားတာကြောင့်လား ၊ ဦးလေးကျန်းက သူနှင့် ဟောက်ချန်ဟွမ်းမှာ ကောင်းမွန်သော ဆက်ဆံရေး ရှိကြောင်း အတိအလင်း ပြောကြားခဲ့တာကြောင့်လား မသိပေမယ့် စင်မြင့်အောက်မှ လူများသည် ဟောက်ချန်ဟွမ်းနှင့် စုယွမ်ယွမ်တို့ စုံဆွဲကို မျက်နှာချိုသွေးရန် အတွက် သူတို့အား စင်မြင့်ပေါ် တက်ပြီး ကံစမ်းမဲ နှိုက်ချင်လားဟု အထူးတလည် လာမေးခဲ့သည်။
စုယန်ယန်က ထိုမေးခွန်းကို ကြားတော့ စိတ်ဝင်စားသွားသည်။ ဟောက်ချန်ဟွမ်းကို သူမ လှည့်ကြည့်လိုက်၏။ “ ရှင် စိတ်ဝင်စားလား။ ကျွန်မတို့ အတူတူ သွားကံစမ်းကြမလား။ ”
ဟောက်ချန်ဟွမ်းက အလွန် စိတ်လှုပ်ရှားနေသော သူမကြောင့် ပြုံးမိသွားသည်။ စုယန်ယန်ရဲ့ လက်ထဲမှ ပန်းတွေကို ယူကာ သူ ပြုံးပြလိုက်သည်။ “ မင်း သွားလိုက်ပါ။ ကိုယ် မင်းအတွက် ပန်းတွေကို ကိုင်ထားပေးမယ်။ ”
“ အိုး ၊ အဲ့လို ဆိုလည်း အဆင်ပြေတာပဲ။ ရှင် လိုချင်တဲ့ ဆုတွေ ၊ ဘာတွေ ရှိလားဟင်။ ကျွန်မ ရှင့်အတွက် ရအောင် ယူခဲ့ပေးမယ်။ ”
“ ရှင် လိုချင်တယ် ဆိုရင် ကျွန်မ ရှင့်အတွက် အဲ့ဒါကို သေချာပေါက် ယူလာပေးမယ်။ ” ဟု ပြောနေဟန်ရှိသော သူမရဲ့ ယုံကြည်ချက်ရှိရှိ အမူအရာလေးကို ဟောက်ချန်ဟွမ်း ကြည့်မိသည်။ နံဘေးမှာ တင်ထားသော ကံစမ်းမဲ ဆုလက်ဆောင်တွေကို သူ ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။
သူ့အကြည့်က ဇိမ်ခံ ကားတွေကို ကျော်ကာ စုံတွဲ ခွက်ကလေး နှစ်ခွက်ဆီ ရောက်သွားခဲ့သည်။
စုံတွဲ ခွက်လေးတွေပေါ်မှာ မတူညီသည့် ဝတ်စုံ အမျိုးမျိုးကို ဝတ်ဆင်ထားသော ပန်းရောင် ဝက်ရုပ်ကလေးတွေကို ရေးခြယ်ထားသည်။ ဒီဇိုင်းက သမာရိုးကျဆန်သော်လည်း ဟောက်ချန်ဟွမ်းကတော့ သဘောကျမိသည်။
စုယန်ယန်ကလည်း သူ့အကြည့် ရှိရာဆီ လိုက်ကြည့်ကာ ခွက်ကလေး နှစ်ခွက်ကို မြင်သွားသည်။ သူမရဲ့ မျက်လုံးလေးတွေ လက်ခနဲ တောက်သွားလျက် သူ ဘာတွေးနေလဲ ဆိုတာ နားလည်သွားလေသည်။ “ အဲ့ဒီ ခွက် နှစ်ခွက် မဟုတ်လား။ ကျွန်မကို စောင့်နော် ၊ ကျွန်မ အဲ့ခွက်တွေကို ရအောင် သွားယူပေးမယ်။ ”
“ ဟုတ်ပြီ။ ”
ဘေးမှာ ရပ်နေတဲ့ ဝန်ထမ်း : “ … ” အဲ့ဒီ ခွက်အကွဲလေး နှစ်ခွက်က ဘာတွေများ မက်လောက်စရာကောင်းနေလို့လဲ။ လူချမ်းသာတွေရဲ့ အတွေးတွေက တကယ် နားလည်ရခက်လိုက်တာ။