အခန်း ၅၁၅
Vol. 35 Ch. 515
အခန်း ( ၅၁၅ ) ဒီည မဟုတ်ဘူးလား။
စုယန်ယန်သည် ဖုန်း မျက်နှာပြင်ကို တစ်ချက် ကြည့်ပြီးမှ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာကို ပြန်ကြည့်လိုက်သည်။ “ ကျွန်မအမေ ဆက်တာ။ ”
ဟောက်ချန်ဟွမ်းရဲ့ မည်းမှောင်နေသော မျက်နှာဟာ ပြေလျော့မသွားရုံသာမက ပိုလို့တောင် မည်းမှောင်မှုန်ကုပ်သွားခဲ့လေသည်။
တခြား တစ်ယောက် ဆိုလျှင် သူ လက်စားချေလို့ ရသေးသော်လည်း သူယောက္ခမကိုတော့ သွားထိလို့ မရ၍ ပိုလို့တောင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသွားသည်။
ချိန်ရှုချင်က ဖုန်းထဲကနေ ဘာမှ သိပ်မပြောခဲ့။ သူမက စုယန်ယန်အား ဟောက်ချန်ဟွမ်းကို မနက်ဖြန်ကျ အတူ ခေါ်လာခဲ့ဖို့သာ ပြောသည်။
စုယန်ယန်က သူမရဲ့ အမေလည်း ဟောက်ချန်ဟွမ်းအကြောင်း သိပြီးနေပြီဟု ယူဆမိသောကြောင့် ရှင်းပြမနေတော့ဘဲ ဟောက်ချန်ဟွမ်းကို မနက်ဖြန် ခေါ်လာခဲ့ပါမယ်လို့သာ ကတိပေးလိုက်၏။
“ ကျွန်မရဲ့ အမေက ကျွန်မတို့ကို မနက်ဖြန်ကျ အိမ်ပြန်လာစေချင်နေတယ်။ ”
“ ကိုယ့်ကြောင့်လား။ ”
“ ကျွန်မတော့ အဲ့လို ထင်တာပဲ။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းကို မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။
ဟောက်ချန်ဟွမ်းက သူမရဲ့ အကြည့်ကြောင့် ဆံပင်မွှေးတွေ ထောင်သွားကာ မကောင်းသော ခံစားချက် တစ်မျိုးကို ခံစားလိုက်ရသည်။ “ ကိုယ့်ကို ဘာလို့ ကြည့်နေတာလဲ။ ”
“ ကျွန်မအမေက ကျွန်မတို့ကို မနက်ဖြန် အိမ်ပြန်လာစေချင်နေတယ်။ ”
“ ကိုယ် သိတယ်လေ။ မင်း အဲ့ဒါကို အခုလေးတင် ပြောထားတာ မဟုတ်ဘူးလား။ ”
“ ကျွန်မတို့ မနက်ဖြန် အိမ်ပြန်ရမှာ ဆိုတော့ ဒီည အရမ်း ပင်ပန်းလို့ မရဘူး။ ”
ဟောက်ချန်ဟွမ်းက နောက်ဆုံးဝောာ့ စုယန်ယန် ပြောချင်သော အဓိပ္ပာယ်ကို နားလည်သွားသည်။ သူ မျက်ခုံးပင့်လိုက်သော်လည်း စုယန်ယန် မျှော်လင့်ထားသလောက် ဒေါသထွက်မသွားပေ။
“ ဒီည မဟုတ်ရင် မနက်ဖြန် ညရော အဆင်ပြေလား။ ”
စုယန်ယန်ရဲ့ မျက်နှာ အမူအရာက အေးခဲသွားကာ သူ့ကို မျက်လုံးလှန်ကြည့်မိလိုက်သည်။
ဟောက်ချန်ဟွမ်းက မကျေမနပ်ဖြစ်သွားပုံရသည်။ “ မင်း အဲ့လောက်တောင် စိတ်မပါလက်မပါဖြစ်နေတာလား။ ”
သေချာတာပေါ့ … ဒါပေမဲ့ သူမ မလုပ်ချင်တာ မဟုတ်ဘဲ သူမရဲ့ နှလုံးသားက ဒီလို ရုတ်တရက်ဆန်လွန်းတဲ့ သတိပေးချက်ကို လက်မခံနိုင်တာပါ။
သို့သော်လည်း စိတ်အေးအေးထားပြီး စဉ်းစားကြည့်လိုက်တော့ သူတို့ နှစ်ယောက်က လင်မယားတွေမို့ အဲ့လို ကိစ္စတွေကို လုပ်တယ် ဆိုတာ ပုံမှန်ပါပဲ။ အရင်တုန်းက သူမ သူ့ကို ဝဝဖြိုးဖြိုး သားလေး ၊ ဒါမှမဟုတ် ဝဝဖြိုးဖြိုး သမီးလေး တစ်ယောက် မွေးပေးချင်ခဲ့ဖူးသည်လေ။
စုယန်ယန်သည် ထိုအတွေးကြောင့် စိတ်ထဲမှာ ရုန်းကန်နေသည့် အတွေးတွေကို ရပ်တန့်ပစ်လိုက်သည်။ သူမ ခေါင်းမော့ကာ ဟောက်ချန်ဟွမ်းကို လှစ်ခနဲ နမ်းပြီးမှ ခရမ်းချဉ်သီးလေး တစ်လုံးကဲ့သို့ နီရဲနေသော မျက်နှာဖြင့် အခန်းထဲမှ ပြေးထွက်လာခဲ့လိုက်၏။
ဒီတစ်ခေါက်တော့ ဟောက်ချန်ဟွမ်းက သူမကို မတားဆီးခဲ့။ သူက သူ အနမ်းခံလိုက်ရသော နေရာလေးကိုပဲ လက်ဖြင့် တို့ထိ၍ ပျော်ရွှင်တက်ကြွစွာ ပြုံးရင်း ရပ်ကျန်နေခဲ့သည်။
ဟောက်ချန်ဟွမ်း သက်သာသွားသည့် သတင်းက အလွန် လျင်မြန်စွာ ပြန့်သွားခဲ့သည်။ စုယန်ယန်နှင့် ဆက်ဆံရေး ကောင်းမွန်သော စီနီယာ အလုပ်အမှုဆောင် တချို့က လွဲလို့ သခင်ကြီးချန် ၊ နျဉ်ချီလွေ့နှင့် တခြား လူများကလည်း သူ့အကြောင်း သတင်းတွေကို ရတာနှင့် တစ်ပြိုင်နက် သူမဆီ သတင်းမေးဖို့ ဖုန်းလှမ်းဆက်ကြသည်။
လင်းရှောင်ချီသည် အခုလို ဝမ်းသာစရာ အချိန်ကို ဂုဏ်ပြုပေးရန် အတွက် မှတ်တမ်းတင် စာရွက်စာတမ်း တစ်စောင်ကိုပင် လှမ်းပို့ပေးခဲ့သည်။
စုယန်ယန်ရဲ့ မျက်နှာက အနီရောင် ပြောင်းသွားသည်။ သူမ ဒီည ဟောက်ချန်ဟွမ်းနှင့် အိပ်တောင် မအိပ်ရဲတော့ဘဲ ပစ္စည်းတွေကို ထုပ်ပိုးကာ ဧည့်သည်အခန်းသို့ သွားအိပ်ရန် ထွက်လာခဲ့လိုက်သည်။
နောက်တစ်နေ့မနက် ရောက်တော့ စုယန်ယန်က စားချင်စဖွယ် မနက်စာ တစ်နပ်ကို ပြင်ဆင်ပေးရန် အိပ်ရာ စောစော ထလာခဲ့သည်။ သူမ စားနေရင်း ချိန်ရှုချင်နှင့် ကျန်လူတွေ အတွက်လည်း မနက်စာ ယူသွားချင်မိသည်။
‘ လူ တစ်ယောက်က အစားကောင်းလေးတွေ စားနေရချိန်မှာ သူတစ်ပါးကို အခက်တွေ့အောင် ၊ ဒုက္ခရောက်အောင် လုပ်ချင်စိတ်တွေ လျော့ပါးနေတတ်ပါတယ် ’ ဆိုတဲ့ ဆိုရိုးစကား တစ်ခု ရှိသည်။ သူမ ပြင်ဆင်ပေးထားသော အစားအစာတွေကို သူတို့ စားပြီးနောက်ပိုင်း ဟောက်ချန်ဟွမ်းနှင့် သူမကို အရမ်း အခက်တွေ့အောင် လုပ်မှာ မဟုတ်ပါ။
စုယန်ယန်က အိပ်မက် မက်နေတာ ဖြစ်သည်။ ဟောက်ချန်ဟွမ်း အောက်ထပ်ဆင်းလာသည်နှင့် သူမ ရုတ်တရက်ပဲ ခန္ဓာကိုယ်ကို ကျုံ့ထားလိုက်မိသည်။
မနက်စာ စားနေစဉ် အချိန်အတွင်းမှာ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေကိုပင် သူမ စေ့စေ့ မကြည့်ရဲ။ ကြည့်မိလို့ သူမ မနေ့ညတုန်းက မြင်ခဲ့ရတဲ့ အရာကို ပြန်သတိရသွားမှာကို စိုးရိမ်သည်။
စုယန်ယန် ရှက်နေတယ် ဆိုတာ ဟောက်ချန်ဟွမ်း ပြောနိုင်၏။ သူ့နှုတ်ခမ်းတွေ တွန့်ချိုးသွားကာ မျက်လုံးတွေကဝောာ့ စိတ်အားထက်သန်မှုဖြင့် တဖျတ်ဖျတ် တောက်ပနေခဲ့လေသည်။
သူ အကြာကြီး စောင့်နေပြီးခဲ့ပြီမို့ နည်းနည်းလောက် ထပ်စောင့်ရလည်း ကိစ္စမရှိပါဘူး။
သူတို့ နှစ်ယောက်ကြားမှ လေထုဟာ နားလည်ရ ခက်ခဲသော်လည်း ဦးလေးကျန်း ကိုယ်တိုင်တောင် မြင်နိုင်လောက်တဲ့အထိတော့ လုံလုံလောက်လောက် သိသာသည်။
ဒါပေမဲ့ သူ လောမကြီးပါဘူး။ သခင်လေး ဝှီးချဲပေါ်မှာ ထိုင်နေရချိန်တုန်းက သခင်မလေးက သူ့ကို မျက်စိအောက်က အပျောက်မခံဘဲ ငုံထားမတတ် ချစ်ပေးခဲ့သည်။ အခု သခင်လေးရဲ့ ခြေထောက်တွေကလည်း သက်သာသွားပြီ ဖြစ်သဖြင့် သူတို့ဆက်ဆံရေးက အနာဂတ်မှာ သေချာပေါက် တိုးတက်လာလိမ့်မည်။
နည်းနည်းလေး ဒေါသထွက်အောင် ဆွပေးတာက စုံတွဲ တစ်တွဲရဲ့ ခံစားချက်တွေ အတွက် အထောက်အကူ ပစ္စည်းလို့ ပြောလို့ ရသည်။ အချိန် တချို့ ကြာပြီးနောက်မှာ ချစ်စရာကောင်းသော သခင်လေးနှင့် သခင်မလေးကို သူ မြင်ကောင်း မြင်ရနိုင်သည်။ ထို့ကြောင့် သူ ကြိုတင် ပြင်ဆင်ထားရပါလိမ့်မည် … ။