← Chapters

အခန်း ၅၁၆

Vol. 35 Ch. 516

အခန်း ၅၁၆

Vol. 35 Ch. 516

အခန်း ( ၅၁၆ ) မျက်နှာသာပေးခံရခြင်း။

စုယန်ယန်ကတော့ သူမနှင့် ဟောက်ချန်ဟွမ်းတို့ ဆက်ဆံရေးရဲ့ တိုးတက်မှု အကြောင်း လုံးဝ မသိပါ။ တစ်စုံတစ်ယောက်ရဲ့ မျက်လုံးထဲမှာ သူမက ‘ ပထမဆုံး အကြိမ် အတူတူ နေခြင်း ’ ဆိုတဲ့ အခန်းကဏ္ဍကို ကျော်လွန်ကာ ကလေးမွေးသည့် အဆင့်ကို ရောက်သွားခဲ့ပါပြီ။

မနက်စာ စားပြီးနောက် စုယန်ယန်က စားစရာတွေ ထည့်ထားသော ဘူးကို သယ်လျက် ဟောက်ချန်ဟွမ်းနှင့်အတူ စု အိမ်တော်သို့ ပြန်လာခဲ့လိုက်သည်။

ချိန်ရှို့ချင်နှင့် ကျန်လူများက သူမတို့ကို အိမ်မှာ စောင့်နေခဲ့ကြသည်။ သူတို့ အကုန်လုံး စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားကြသော်လည်း စုယန်ယန်ရဲ့ အနောက်ဘက် နီးနီးကပ်ကပ်ကနေ လိုက်ဝင်လာသော ဟောက်ချန်ဟွမ်းကို မြင်ချိန်မှာ အံ့ဩသွားကြဆဲပင်။

“ အ‌ဖေ ၊ အမေ ၊ အစ်ကို … သမီးတို့ ပြန်လာပါပြီ။ ”

အဲ့ဒီကျတော့မှ သူတို့ အံ့ဩဆွံ့အနေရာမှ ပြန်သတိဝင်လာကြတာ ဖြစ်သည်။ ချိန်ရှို့ချင်က အရင်ဆုံး အရှေ့တိုး၍ သူမသမီးရဲ့ လက်ကို ကိုင်ကာ မေးလိုက်သည်။ “ သမီးတို့ မနက်စာရော စားခဲ့ရဲ့လား။ ”

“ စားခဲ့ပါတယ် အမေ။ သမီး မနက်စာ စားပြီးမှ လာခဲ့တာပါ။ ” စုယန်ယန်က စားစရာတွေ ထည့်ထားသော ဘူးလေးကို ချိန်ရှို့ချင်အား ပေးလိုက်၏။ “ ဒါ အမေတို့အတွက်။ အမေတို့ အရင်တုန်းက မြည်းကြည့်ဖူးတဲ့ မုန့် တချို့ကို သမီး လုပ်လာခဲ့တယ်။ အဲ့မုန့်တွေကို အမေတို့ အရမ်း ကြိုက်တယ်လို့ အစ်ကို့ဆီက သမီး ကြားထားလို့ ယူလာခဲ့တာပါ။ ”

ချိန်ရှို့ချင်က ဘူးလေးကို ဖွင့်ကာ တစ်ချက် ကြည့်လိုက်သည်။ တကယ်ပဲ သူတို့ စားဖူးတဲ့ မုန့်တွေ ဖြစ်၏။

“ ဟုတ်ပြီ။ ဒီမုန့်တွေကို သိမ်းထားဖို့ တစ်ယောက်‌ယောက်ကို အမေ အရင် ခိုင်းလိုက်ဦးမယ်။ ခဏနေရင် နေ့လယ်ဘက် အချိုတည်းတဲ့ လက်ဖက်ရည်ဝိုင်းမှာ ဒီမုန့်တွေကို စားကြတာပေါ့။ ”

အဖေစုက သူ့အကြိုက် အဆာပြေ မုန့် တချို့ကို စုယန်ယန် ယူလာခဲ့ကြောင်း ကြားသောအခါ အနည်းငယ် ပျော်ရွှင်သွားလေသည်။

သို့သော်လည်း သူတို့ကို ဒီ‌နေ့ ဒီနေရာကို လာဖို့ ဘာ့ကြောင့် ဖိတ်ခေါ်ထားတာလဲ ဆိုတဲ့ အကြောင်းအရင်းကိုလည်း သူ မမေ့။ “ မင်းရဲ့ ခြေထောက်တွေက … ”

“ အကောင်းအတိုင်း ပြန်ဖြစ်သွားပါပြီ။ ”

“ ဘယ်တုန်းက စပြီး ကုသခဲ့တာလဲ။ ”

“ လွန်ခဲ့တဲ့ လ အနည်းငယ်တုန်းကပါ။ ”

“ မင်း ယန်ယန်နဲ့ လက်ထပ်ပြီးမှလား။ ”

“ ဟုတ်ကဲ့။ ”

ဟောက်ချန်ဟွမ်း ထိုစကားကို ပြောပြီးသည်နှင့် အခန်းထဲရှိ လေထုကလည်း တင်းမာသွားခဲ့သည်။

စုယန်ယန်က မျက်မှောင်ကြုတ်ရင်း ဝင်ပြောလိုက်သည်။ “ ချန်ဟွမ်းရဲ့ ခြေထောက်တွေက သက်သာသွားပြီလေ အဖေနဲ့ အမေ။ အဖေတို့ သူ့အတွက် ဝမ်းမသာဘူးလား။ ”

“ ဝမ်းသာတာပေါ့ ၊ သားမက် နေပြန်ကောင်းလာတာကို ယောက္ခမ ဖြစ်တဲ့ အမေတို့က ဝမ်းမသာဘဲ နေမလား။ ” ချိန်ရှို့ချင်က ရုတ်တရက်ပဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ သမီး အချိန်ကိုက် ရောက်လာတာပဲ။ သမီးရဲ့ ဒေါ်လေးကလည်း မနေ့ညတုန်းက အမေ့ကို ဖုန်းဆက်ပြီး သမီးကို မေးချင်တဲ့ မေးခွန်း နည်းနည်း ရှိတယ်လို့ ပြောသွားတာ ၊ အမေ့ကို သူ့ကိုယ်စား သမီးကို မေးပါတဲ့။ မိန်းကလေးတွေက ကိုယ်ဝန်ရှိလာရင် အနေအထိုင် သက်သောင့်သက်သာမရှိတော့ဘဲနဲ့ အစိုးရိမ်ကြီးတတ်တယ် ဆိုတာ သမီးလည်း သိတာပဲ။ ယောက်ျားတွေတောင်မှ ဒီလို ကိစ္စမျိုးကို နားလည်မှာ မဟုတ်ဘူး။ အမေနဲ့ အပေါ်ထပ် လိုက်ခဲ့ ၊ အမေ သမီးနဲ့ စကားပြောမလို့။ ”

ချိန်ရှို့ချင်က သူမကို အဝေးသို့ ပထုတ်ပြီး ဟောက်ချန်ဟွမ်းအား သူမရဲ့ အဖေ ၊ အစ်ကိုတို့ကို တစ်ယောက်တည်း ရင်ဆိုင်စေချင်နေတယ် ဆိုတာ စုယန်ယန် ပြောနိုင်သည်။ သူမ ချက်ချင်းပဲ မကျေမနပ် ဖြစ်သွားမိ၏။

“ အမေ … သမီး … ”

“ သမီး ဘယ်လို ဖြစ်နေတာလဲ။ လက်ထပ်ပြီးတာမှ ဘယ်နှလမှ မကြာသေးဘူး ၊ ကိုယ့်အမေစကားတွေကို နားမထောင်တော့ဘူးလား။ လာ ၊ အမေနဲ့ အပေါ်ထပ် လိုက်ခဲ့။ ”

စုယန်ယန်မှာ ဟောက်ချန်ဟွမ်းကို စိုးရိမ် စိတ်မချစွာ ကြည့်ရုံက လွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ပေ။

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက တောက်ပနေသည်။ “ အမေနဲ့ လိုက်သွားပါ။ ကိုယ် ဒီမှာ နေပြီး အဖေတို့ ၊ အစ်ကိုတို့နဲ့ စကားပြောနေလိုက်မယ်။ ”

“ ဒါပေမဲ့ … ”

စုယန်ယန်ရဲ့ စကား မဆုံးသေးခင်မှာပဲ ဟောက်ချန်ဟွမ်းက သူမကို ခေါင်းခါပြကာ သူ့ကို မစိုးရိမ်ဖို့နှင့် သူ ဒီအခြေအနေကို ကိုင်တွယ်နိုင်ကြောင်း ပြောလာခဲ့သည်။

စုယန်ယန်က သူ ကြိုတင် ပြင်ဆင်ထားတာကို သတိထားမိသွားတော့မှ ချိန်ရှို့ချင်နှင့် စိတ်မပါလက်မပါ လိုက်သွားသည်။

သူတို့ နှစ်ယောက်လုံး သူတို့ရဲ့ အပြုအမူတွေကို ဘယ်သူမှ မမြင်အောင် ဖုံးကွယ်ထားတာမျိုး မရှိဘဲ အားလုံးရှေ့မှာ ပေါ်ပေါ်တင်တင် ပြုမူနေကြတာ ဖြစ်သည်။ စုမိသားစုရဲ့ သားအဖက ထိုအပြုအမူတွေကို ကြည့်ကာ အနည်းငယ် အူတိုသွားကြသည်။

အဲ့ဒီ နှလုံးသားမရှိတဲ့ အစုတ်ပလုတ်မလေးက သူတို့ကို သူခိုးတွေလိုမျိုး စောင့်ကြည့်နေပါရောလား … ။ သူတို့ ဟောက်ချန်ဟွမ်းကို ကိုက်စားသွားမှာကို သူမ စိုးရိမ်နေတာလား။

ဒီခွေးကောင်က ငါ့သမီးကို သူ့အပေါ် အရမ်း သစ္စာရှိအောင် ဘာလုပ်ထားလဲ ဆိုတာ ငါ စဉ်းစားလို့ မရဘူးဟေ့။

ဗိုက်ထဲမှာ ရှာလကာရည်တွေ ဖန်ပုလင်းကြီး တစ်ပုလင်းစာ သောက်လိုက်ရသော အဖေစုသည် ဟွန်းခနဲ နှာခေါင်းရှုံ့ကာ အရင်ဆုံး မတ်တပ်ရပ်လိုက်၏။ “ စာကြည့်ခန်းထဲမှာ ပြောကြမယ်။ ”

စုယွီရွှမ်းကလည်း သူ့အဖေနောက်မှ ထပ်ကြပ်မခွာ လိုက်သွားခဲ့သည်။ သူက အင်္ကျီတွေကို ဆွဲဆန့် ၊ ဟောက်ချန်ဟွမ်းကို မျက်လုံးဝေ့ပြီး ကြည့်ကာ ထွက်သွားသည်။

ဟောက်ချန်ဟွမ်းက သူတို့ သူ့ကို မနာလိုနေမှန်း နားလည်လိုက်သည်။ သူ ဒေါသမထွက်ရုံသာမက သူ့ဇနီးလေး မျက်နှာသာပေးတာ ခံရ၍ ဂုဏ်တောင် ယူလိုက်မိသေးရဲ့။ သူတို့နောက်ကို သူ အလျင်အမြန် လိုက်သွားလိုက်သည်။

All Chapters