← Chapters

အခန်း ၅၁၇

Vol. 35 Ch. 517

အခန်း ၅၁၇

Vol. 35 Ch. 517

အခန်း ( ၅၁၇ ) သမီးတို့မှာ တစ်ခုခုကို သဘောတူ ညှိနှိုင်းထားတာများ ရှိနေတာလား။

စုယန်ယန်က ချိန်ရှို့ချင်နှင့်အတူ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ အဓိက ခန်းမကြီး ၊ ဒါမှမဟုတ် ချိန်ရှို့ချင်ရဲ့ အခန်းသို့ သွားရမည့်အစား သူမက စုယန်ယန်ရဲ့ အခန်းသို့ ပြန်သွားခဲ့သည်။

စုယန်ယန် လက်ထပ်ပြီးနောက်ပိုင်း အခန်းထဲမှာ လူလွတ်သွားသော်လည်း အပြင်အဆင်တွေကတော့ ပြောင်းလဲမသွားခဲ့။ အိမ်ကို နေ့တိုင်း သန့်ရှင်းပေးနေတဲ့ လူတွေလည်း ရှိသောကြောင့် အရင်တုန်းက ပုံစံနှင့် တစ်ပုံစံတည်းပဲ ဖြစ်သည်။

စုယန်ယန်က အခန်းထဲမှာ လည့်ပတ် လျှောက်ကြည့်နေရင်း ချိန်ရှို့ချင်၏ နားလည်ရခက်သော အကြည့်နှင့် အကြည့်ချင်း ဆုံသွားသည်။

“ ဘာဖြစ်လို့လဲ အမေ။ ဒေါ်လေးမှာ သမီးကို မေးစရာ တစ်ခုခု ရှိတယ်လို့ ‌အမေ ပြောထားတယ်မို့လား။ အဲ့ဒါ ဘာလဲ။ ”

ချိန်ရှို့ချင်ကတော့ ဘာစကားမှ မပြောဘဲ စုယန်ယန်ကို ဆက်လက် စိုက်ကြည့်နေဆဲ။

စုယန်ယန်သည် သူမအမေရဲ့ အကြည့်ကြောင့် ကြက်သီးထသွားမိ၏။ သူမ အဟမ်း အဟမ်းဟု လည်ချောင်းရှင်းကာ တိတ်ဆိတ်မှုကို အရင်ဆုံး ချိုးဖျက်လိုက်သည်။ “ အမေ့မှာ ပြောစရာ တစ်ခုခု ရှိတယ် ဆိုရင် ပြောသာ ပြောပါ အမေ။ ဒီမှာ ဘယ်သူမှ မရှိပါဘူး။ တကယ်တော့ ဒေါ်လေးမှာ သမီးကို ဘာမှ မေးစရာ မရှိဘူး မဟုတ်လား။ ”

“ အမေ့ကို အမှန်အတိုင်း ပြော ၊ ဟောက်ချန်ဟွမ်း ပြန်သက်သာလာတာက သမီးနဲ့ ပတ်သက်နေတာလား။ သမီး သူ့ကို ကူညီပြီး ကုသပေးခဲ့တာလား။ ”

စုယန်ယန်က ရှင်းပြချင်၍ ပါးစပ်ဟလိုက်သော်လည်း ချိန်ရှို့ချင်၏ အကြည့်နှင့် ဆုံချိန်မှာ သူမရဲ့ စကားတွေ အကုန်လုံးက “ … ဟုတ်ကဲ့။ ” ဟူသော စကားလုံး တစ်လုံး အဖြစ် ပြောင်းလဲသွားလေသည်။

ချိန်ရှို့ချင်က အသက် ပြင်းပြင်း ရှူကာ သူမရဲ့ မျက်နှာ အမူအရာလည်း ပြောင်းလဲသွားသည်။ သူမသည် အခန်းထဲမှာ နှစ်ကြိမ် ခေါက်တုံ့ခေါက်ပြန် လျှောက်ပြီးမှ မေးခွန်းထုတ်လိုက်သည်။ “ အမေ သမီးကို တခြား မေးခွန်း တစ်ခု မေးမယ်။ အမေ့ကို သမီး အမှန်အတိုင်း ပြောရမယ်နော်။ ”

စုယန်ယန်ရဲ့ နှလုံးခုန်သံဟာ စည်းချက် တစ်ချက် လွတ်သွား၏။ “ … ဟုတ် ၊ မေးပါ အမေ။ ”

“ သမီးနဲ့ ဟောက်ချန်ဟွမ်းတို့ တစ်ယောက်ကို တစ်ယောက် တကယ် သဘောကျလို့ အတူတူ ရှိနေတာလား။ သမီးတို့မှာ တစ်ခုခုကို သဘောတူ ညှိနှိုင်းထားတာများ ရှိနေတာလား။ ”

“ အမ်။ ဘာကို သဘောတူ ညှိနှိုင်းထားတာလဲ။ ” စုယန်ယန်သည် နားမလည်နိုင်စွာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။

“ သမီးတို့ နှစ်ယောက် လက်ထပ်ပြီးသွားရင် သူက သမီးအတွက် မတ်တပ်ရပ်‌ပေးမယ် ၊ သမီးကတော့ သူ့ကို ကုသပေးရမယ်။ အဲ့လို သဘောတူထားတာမျိုးပေါ့။ ”

“ … ”

သူမရဲ့ အမေမှာ ဒီလို အဓိပ္ပာယ်မရှိတဲ့ ပေါက်ကရ အတွေးမျိုး ရှိနေလိမ့်မည်ဟု သူမ တစ်ခါမှ တွေးမကြည့်ဖူး။ သူမ‌အမေဆီမှာ ‘ လက်မထပ်ခင် ကြိုတင် သဘောတူ ညှိနှိုင်းထားခြင်း ’ ဆိုတဲ့ အတွေးကြီးပင် ရှိနေခဲ့လေသည်။

စိတ်သက်သာရာရသွားသော သက်ပြင်း တစ်ချက်ကို မှုတ်ထုတ်ရင်း သူမ ရယ်ရမလား ၊ ငိုရမလား မသိတော့ပေ။ “ အမေ ဘာတွေ တွေးနေတာလဲ။ သမီးတို့မှာ ဘယ်လိုလုပ် အဲ့လို ကိစ္စမျိုး ရှိမှာလဲ။ ”

“ တကယ်လား။ ” ချိန်ရှို့ချင်က စုယန်ယန်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။

အရင်တုန်းက စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို လက်ထပ်ခြင်းနှင့် ပတ်သက်လို့ ရုတ်တရက် စိတ်ပြောင်းသွားခဲ့သည်။ သူမက သူတို့ဟာ တစ်ယောက်ကို တစ်ယောက် နှစ်နှစ်ကာကာ ချစ်မိနေကြပြီ ဖြစ်ပြီး သူမကလည်း သူက လွဲလို့ တခြား ဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်ဘူးလို့တောင် ပြောခဲ့သည်။

တစ်မိသားစုလုံးက သူမကို မတားမြစ်နိုင်ခဲ့ကြသော်လည်း သူတို့ရဲ့ နှလုံးသားထဲမှာ သံသယ ခပ်ပါးပါးလေးတော့ ရှိနေသေးသည်။ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ဟာ ခဏတာ ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုကြောင့်သာ တစ်ယောက်ကို တစ်ယောက် ချစ်သည်ဟု ထင်နေကြတာ ဖြစ်ပြီး နောက်ပိုင်းမှာ ထိုကိစ္စကို ကျိုးကြောင်းဆီလျော်စွာ တွေးတောဆင်ခြင်ကြည့်လိုက်လို့ နားလည်သွားလျှင် အချစ်မပါတဲ့ အပေါ်ယံ အခွံသက်သက် လက်တွဲဖော်တွေ အဖြစ် အဆုံးသတ်သွားမှာကို သူတို့ စိုးရိမ်ခဲ့ကြသည်။

ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားပြီ ဆိုတာကို ရုတ်တရက်ကြီး သိလိုက်ရတဲ့ မနေ့တုန်းကအထိ သူမရဲ့ နှလုံးသားထဲမှာ အဲ့ဒီ စိုးရိမ်စိတ် ကိန်းအောင်းနေခဲ့တာပါ။ ချိန်ရှို့ချင်သည် ပထမတော့ ဝမ်းသာသွားသော်လည်း သူမရဲ့ ခင်ပွန်းနှင့် သား ပြောသော စကားတွေကို ကြားပြီးချိန်မှာ စိတ်မပူဘဲ မနေနိုင်တော့ပေ။

ထိုစိုးရိမ်စိတ်က သူမကို ချက်ချင်းပင် နောက်တစ်ခေါက် အတွေးလွန်သွားစေသဖြင့် အရင်တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ အကြောင်း သေသေချာချာ ပြန်တွေးကြည့်မိ၏။ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ နှစ်ယောက်က လက်မထပ်သေးခင်မှာ သူမတို့ မသိအောင် အပေးအယူ တစ်ခု လုပ်ထားတာလား ဆိုတာ သူမ သိချင်သည်။ ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားတာကလည်း ထိုအပေးအယူထဲက တစ်ခုပဲလား ဆိုတာ သိချင်သည်။

“ တကယ်ပေါ့ အမေရဲ့။ အမေ ဘာတွေ တွေးနေတာလဲ။ သမီးက ကိုယ် ပျော်ရွှင်ဖို့ အတွက်နဲ့ အဲ့လောက် ပေါ့ပျက်ပျက်ဆန်တဲ့ နည်းလမ်းတွေ သုံးမယ့် လူနဲ့ တူလို့လား။ တကယ်လို့ သမီးသာ သူနဲ့ အပေးအယူ လုပ်ချင်တယ် ဆိုရင် လုပ်လို့ ရတဲ့ နည်းလမ်းတွေ အများကြီး ရှိတာပဲ။ နာကျင်ခံစားရဆုံး လူက သမီးပဲ ဖြစ်မယ့် နည်းလမ်းကို ဘာလို့ ရွေးမှာလဲ။ ဟိုအမှိုက်ကောင်ကို လက်စားချေဖို့ သမီးက ကိုယ့်ပျော်ရွှင်မှုကို စတေးပစ်လိုက်မှာတဲ့လား။ သမီးကို အဲ့လောက် ရူးမယ်လို့ အမေ ထင်နေတာလားဟင်။ ”

ချိန်ရှို့ချင်သည် စုယန်ယန်ရဲ့ စကားတွေကြောင့် ဆွံ့အသွားရ၏။ ကိစ္စတွေကို သူမ သေသေချာချာ မစဉ်းစားဘဲ ထင်ချင်ရာ ထင်ခဲ့မိတယ် ဆိုတာကိုလည်း အခုမှ နားလည်သွားပြီး အိုးတိုးအမ်းတမ်းဖြစ်စွာ မသဲမကွဲ ပြောလိုက်မိသည်။ “ သမီး အဲ့ဒီတုန်းက အရမ်း ကမူးရှူးထိုးနိုင်ခဲ့လို့ အမေက ဒီလိုမျိုးတွေ ထင်မိသွားတာ။ စေ့စပ်တာကို ဖျက်သိမ်းမယ်လို့ သမီးပဲ ကတိပေးထားပေမဲ့ နောက်ထပ် မင်္ဂလာပွဲ တစ်ပွဲကို သမီးကိုယ်တိုင်ပဲ ရုတ်တရက်ကြီး စီစဉ်ခဲ့တာလေ။ အဲ့ဒါအပြင် ဟောက်ချီဟန်ရဲ့ မိသားစုကလည်း အဲ့တုန်းက တကယ့်ကို မခံမရပ်နိုင်လောက်အောင် ဒေါသထွက်နေခဲ့ကြတာ။ သမီး သူ့ကို ရုတ်တရက် ဖြစ်လာတဲ့ ခံစားချက်တွေကြောင့် စိတ်လိုက်မာန်ပါ လက်ထပ်ခဲ့တာလားလို့ အမေ စိုးရိမ်ခဲ့တာပါ။ ပြီးတော့ သမီး အမေ့ကို သူ့အကြောင်း အရင်တုန်းက တစ်ခါမှ ပြောမပြဖူးဘူးလေ။ ”

All Chapters