အခန်း ၅၁၈
Vol. 35 Ch. 518
အခန်း ( ၅၁၈ ) မိသားစုရဲ့ ငွေရေးကြေးရေး ကိစ္စတွေကို တာဝန်ယူထားတာ ဘယ်သူလဲ။
သူမရဲ့ အမေက သူမကို ယုံကြည်သည်ဟု ပြောခဲ့ပေမဲ့ တကယ်တမ်းမှာ အခုလို အတွေးမျိုးတွေ ရှိနေလိမ့်မည်ဟု စုယန်ယန် တစ်ခါမှ တွေးထင်မထား။
သို့သော် အကယ်၍ သူမအမေနေရာမှာ သူမသာ ဆိုလျှင်လည်း ကိုယ်နှင့် အလွန် နီးကပ်ရင်းနှီးသော လူ တစ်ယောက်က တစ်နေ့မှာ ရုတ်တရက်ပဲ အကျင့်စရိုက်တွေ ၊ စိတ်နေစိတ်ထားတွေ ပြောင်းလဲသွားပြီး ကိုယ် တစ်ခါမှ မကြားဖူးသော တစ်စုံတစ်ယောက်ကို လက်ထပ်ချင်သည်ဟု ပြောလာလျှင် သူမရဲ့ နှလုံးသားထဲမှာ အမေးသင်္ကေတတွေ ပြည့်နှက်သွားလောက်သည်။
“ ဟုတ်တယ် ၊ အမေ ပြောတာ အမှန်ပါပဲ။ သမီး တကယ် မှားသွားခဲ့တာ။ အမေ့ကို ကြိုမပြောဘဲ အရမ်း လန့်သွားအောင် လုပ်ခဲ့မိတယ်။ ဒါပေမဲ့ သမီးတို့ တစ်ယောက်ကို တစ်ယောက် သဘောကျနေတယ် ဆိုတာကတော့ အမေ့ကို လိမ်နေတာ မဟုတ်ဘူးနော်။ နှလုံးသားရေးရာ ကိစ္စတွေနဲ့ ပတ်သက်လာရင် သမီးက အမြဲတမ်း သတိရှိပါတယ်။ ဘယ်တော့မှ သမီး ပေါ့ပေါ့တန်တန် မဆုံးဖြတ်ဘူး။ ”
“ ပြီးတော့ သမီးနဲ့ ချန်ဟွမ်းနဲ့ လက်ထပ်တုန်းက သူ သမီးကို ပေးခဲ့တဲ့ စေ့စပ်ကြောင်းလမ်း လက်ဆောင်တွေ အကုန်လုံးကို အမေ မြင်ခဲ့သင့်တာ။ သမီးတို့ သဘောတူညီမှု တစ်ခု အနေနဲ့သာ လက်ထပ်ဖို့ ဆုံးဖြတ်ထားတယ် ဆိုရင် ဘာလို့ သူက သူ ပိုင်ဆိုင်ထားသမျှ အရာ အားလုံးကို စွန့်လွှတ်မှာလဲ။ သူက အရူးမှ မဟုတ်တာ။ ”
ချိန်ရှို့ချင် တစ်ယောက် ပြောစရာ စကားမရှိ ဖြစ်သွားရသည်။ သူမ သေချာ စဉ်းစားကြည့်တော့ အဲ့ဒါက ယုတ္တိရှိကြောင်း နားလည်သွားသည်။
“ တော်ပြီ ၊ ထားလိုက်ဝောာ့။ ချန်ဟွမ်းရဲ့ ခြေထောက်တွေက အခု သက်သာသွားပြီ။ သမီးတို့တွေ အနာဂတ်မှာ ပျော်ပျော်ရွှင်ရွှင် နေသင့်တယ်။ အမေ သမီးတို့ကို ဆက်ပြီး စိတ်မပူတော့ဘူး။ ”
“ ဟုတ်။ ”
ချိန်ရှို့ချင်သည် ပြုံးရင်း သူမသမီးရဲ့ မျက်နှာလေးကို ဖျစ်ညှစ်လိုက်၏။ ထို့နောက် သူမ တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ “ အိုး ၊ ဟုတ်သားပဲ။ သမီးတို့ လက်ထပ်ပြီးတဲ့နောက်ပိုင်း မိသားစုရဲ့ ငွေရေးကြေးရေး ကိစ္စတွေကို တာဝန်ယူထားတာ ဘယ်သူလဲ။ ”
စုယန်ယန် အံ့ဩသွားသည်။ ဒီမေးခွန်းကို သူမအမေ ဘာ့ကြောင့် မေးမှန်း မသိသော်လည်း အမှန်အတိုင်း ပြန်ဖြေလိုက်ပါသည်။ “ ပိုင်ဆိုင်မှု အများစုက အခု သမီးရဲ့ နာမည်အောက်မှာပါ။ ကုမ္ပဏီ အတွက် အခြေခံ ဘဏ္ဍာငွေ နည်းနည်းပါးပါးကို သက်သက် ဖယ်ထားတာက လွဲလို့ ငွေ အများစုကို သမီး ရင်းနှီးမြုပ်နှံထားတယ်။ အခုနောက်ပိုင်း အမြတ်အစွန်းတွေလည်း တော်တော် ရပါတယ်။ ”
“ သမီး တာဝန်ယူထားတာ ကောင်းပေမဲ့လည်း သတိထားနေရင် ပိုကောင်းမယ်။ ချန်ဟွမ်းက ခြေထောက်တွေက အခု ပြန်ကောင်းသွားပြီ ၊ သူက နောက်ပိုင်းကျ အပြင်ထွက်ပြီး လူတွေ အများကြီးနဲ့ ပေါင်းသင်းဆက်ဆံရတော့မှာ။ သမီးတို့ရဲ့ ဆက်ဆံရေးကို အမေ မယုံတာ မဟုတ်ပါဘူး ၊ ဒါပေမဲ့ သမီး ကိုယ့်မိသားစုကို ကောင်းကောင်း စီမံခန့်ခွဲဖို့ လိုတယ်။ လက်ထပ်ပြီးသွားတာနဲ့ အရာရာတိုင်းက အဆင်ပြေသွားမှာ မဟုတ်ဘူး။ ”
စုယန်ယန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ချိုးသွားသည်။ “ ချန်ဟွမ်းရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားတဲ့နောက်ပိုင်း သူ သမီးအပေါ် ဖောက်ပြန်မှာကို အမေ စိုးရိမ်နေတာလား။ ”
ချိန်ရှို့ချင်က သူမကို စိုက်ကြည့်နေသည်။ “ အမေက အဲ့လို သဘော ပြောတာ မဟုတ်ပါဘူးကွယ်။ သမီးကို ပိုသတိထားစေချင်တာပါ။ ခံစားချက်တွေကို ထိန်းချုပ်ကွပ်ကွဲဖို့ လိုသလို မိသားစုကိုလည်း စီမံခန့်ခွဲဖို့ လိုတယ်။ အရမ်း ပေါ့ပေါ့တန်တန် မတွေးနဲ့။ မဟုတ်ရင် အနာဂတ်မှာ ညည်း ကျုပ်တို့ဆီ ငိုကြီးချက်မနဲ့ ပြန်ရောက်လာရင် ကျုပ်တို့က ညည်းလေးကို ဂရုစိုက်မပေးဘူးနော်။ ”
စုယန်ယန် ခပ်တိုးတိုး ရယ်လိုက်မိသည်။ “ အမေ သမီးကို ဂရုမစိုက်ဘူး ဆိုရင်တောင် အစ်ကို ရှိသေးတယ်လေ။ ချန်ဟွမ်းက သမီးကို စွန့်ပစ်ရဲတယ် ဆိုရင် အစ်ကိုက သူ့ကို အလွှတ်ပေးမှာ မဟုတ်ဘူး။ ”
“ ညည်းလေးရဲ့ အစ်ကိုက ညည်းကို မျက်စိအောက်က အပျောက်မခံအောင် ချစ်လို့ ညည်း ဒီစကားမျိုး ပြောနိုင်တာ။ ”
စုယန်ယန်က သူမအမေရဲ့ လက်ကို ကိုင်ထားရင်း ရယ်မောနေမိသည်။ ထို့နောက် သူမရဲ့ အမေကို သူမ တစ်ချက် ကြည့်လိုက်၏။ “ အမေ့မှာ သမီးကို တခြား မေးစရာ ရှိသေးလား။ ”
ချိန်ရှို့ချင်ရဲ့ မျက်နှာပေါ်မှ အပြုံးလေးဟာ အနည်းငယ် မှိန်ဖျော့သွားလျက် ကလေးဘဝကတည်းက ဘယ်တော့မှ စိတ်မပူခဲ့ရသော သူမရဲ့ အငယ်ဆုံး သမီးလေးကို ကြည့်လိုက်မိသည်။
အချိန် အတော် ကြာတော့မှ သူမ သက်ပြင်းချလိုက်သည်။ “ ရှိသေးတယ်။ ဒါပေမဲ့ အမေ မမေးတော့ပါဘူး။ ”
ထိုအဖြေက စုယန်ယန်ကို အံ့အားသင့်သွားစေသည်။ “ ဘာလို့လဲ အမေ။ ”
“ တကယ်တော့ ဟောက်ရှောက်ဖုန်းနဲ့ ဟိုမကောင်းတဲ့ မိန်းမတို့က သမီးကို ဆေးရုံရောက်အောင် လှေကားပေါ်ကနေ တွန်းချပြီးကတည်းက သမီး ပြောင်းလဲသွားတယ်လို့ အမေ ခံစားနေရတာ။ သမီးရဲ့ အတွေးအမြင်တွေ ပြောင်းလဲသွားတာ ဖြစ်ရင် ဖြစ်မယ် ၊ ဒါမှမဟုတ်လည်း စိတ်နေစိတ်ထား ပြောင်းလဲသွားတာ ဖြစ်လိမ့်မယ်။ အရမ်းကြီး ပြောင်းလဲသွားတာမျိုးတော့ မဟုတ်ပါဘူး။ ဒီတိုင်း … သမီးကို ကြည့်ရတာ အများကြီး ပိုရင့်ကျက်လာတယ် ၊ ပြီးတော့ ကိုယ်ပိုင် လျို့ဝှက်ချက်တွေလည်း စပြီး ရှိလာတယ်။ ”
“ အမေ … ”
ချိန်ရှို့ချင်က သူမရဲ့ လက်ကို ကိုင်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။ “ ဟောက်ရှောက်ဖုန်းကြောင့် သမီး စိတ်ကို လှုံ့ဆော်ခံလိုက်ရပြီး အချိန် ခဏလေး အတွင်းမှာ ရင့်ကျက်သွားတယ်လို့ သမီးရဲ့ အဖေနဲ့ အမေက ထင်ခဲ့ကြတာ။ အစပိုင်းတုန်းက သမီး တစ်ယောက်တည်း ခံစားချက်တွေ အကုန်လုံးကို မြိုသိပ်ထားပြီး ဝမ်းနည်းအားငယ်နေမှာကို အမေတို့ အရမ်း စိုးရိမ်ခဲ့ရတယ်။ အဲ့ပုံအတိုင်း ဆက်သွားရင် သမီး စိတ်ထောင်းကိုယ်ကြေ ဖြစ်ပြီး လူပါ ပုံလဲသွားနိုင်တယ်လေ။ ”
စုယန်ယန်သည် စိတ်ထဲမှာ နင့်နင့်နဲနဲ ခံစားလိုက်ရကာ တစ်ချိန်တည်းမှာပဲ ကူကယ်ရာမဲ့ စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။ “ သမီးမှာ ဟောက်ရှောက်ဖုန်းအပေါ် တကယ် ဘာခံစားချက်မှ မရှိပါဘူး။ တကယ်တော့ သမီးနဲ့ သူ့ရဲ့စေစပ်ပွဲကို ဖျက်သိမ်းလိုက်တာကလည်း သမီးအတွက် ဘာသက်ရောက်မှုမှ သိပ်မရှိခဲ့ဘူးရယ်။ ”