← Chapters

အခန်း ၅၁၉

Vol. 35 Ch. 519

အခန်း ၅၁၉

Vol. 35 Ch. 519

အခန်း ( ၅၁၉ ) အမေ သိရက်သားနဲ့ မမေးခဲ့တာပါ။

“ သမီးမှာ သူ့အပေါ် ခံစားချက်တွေ မရှိပေမဲ့ သူကတော့ သမီးကို နာကျင်စေခဲ့တယ် မဟုတ်လား။ အဲ့ဒါက အမှန်တရားပဲ။ ”

ဟိုးအစကနေ အခုအချိန်ထိ သူတို့ ဟောက်ရှောက်ဖုန်းကို ဒေါသထွက်ခဲ့ကြတာက သူ့ခံစားချက်တွေ ပြောင်းလဲသွားတာကြောင့် မဟုတ်ဘဲ သူ့ကိုယ်သူ လူမှန်ကြီး တစ်ယောက်လို ပြောဆိုပြုမူနေတာကြောင့် ဖြစ်သည်။

သူက စုယန်ယန်ကိုရော ၊ စုမိသားစုကိုရော သူနှင့် တန်း တစ်ခုတည်းမှာ ရှိသည်ဟု မသတ်မှတ်ခဲ့။

သူက စုယန်ယန်နှင့် လက်ထပ်ရမှာကို အထင်သေးသည်။ စေ့စပ်ပွဲကို ဖျက်သိမ်းချိန်မှာတောင် သူက ကိုယ့်အဆင့်အတန်းနှင့် မအပ်မစပ် နိမ့်ကျသော ကိစ္စ တစ်ခုကို လုပ်နေရသလို ဒေါကြီးမောကြီး ပုံစံဖြင့် ဖျက်သိမ်းခဲ့တာ ဖြစ်လေသည်။

မူလအားဖြင့် စေ့စပ်ပွဲကို ဖျက်သိမ်းတာက ယောက်ျားလေးဖြစ်သူရဲ့ အမှား ဖြစ်နေလျှင်တောင်မှ သေချာပေါက် နာကျင်ရမှာကတော့ မိန်းကလေးဖြစ်သူပင်။ မဟုတ်ရင် လူတွေက “ မင်းက ယောက်ျား တစ်ယောက်ကို ထိန်းသိမ်းထားဖို့ လုံလုံလောက်လောက် မတော်လို့ စွန့်ပစ်ခံရဖို့ ထိုက်တန်တယ်။ ” ဆိုတဲ့ စကားတွေကို ပြောမှာတဲ့လား။

ယောက်ျားလေးဖြစ်သူဘက်က စေ့စပ်ပွဲ ဖျက်သိမ်းတာခံရသော မိန်းကလေးများ ၊ အထူးသဖြင့် စုယန်ယန်သည် လူအများ တံထွေးခွက်မှာ ပက်လက်မျောခဲ့ရရှာသည်။

ထိုအချိန်တုန်းက ဟောက်ရှောက်ဖုန်းရဲ့ လုပ်ရပ်တွေဟာ သူတို့မိသားစုရဲ့ ဂုဏ်သတင်းနှင့် အထူးသဖြင့် စုယန်ယန်ရဲ့ ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် စုယန်ယန်ရဲ့ စိတ်ကို လှုံ့ဆော်ခံခဲ့ရတာကို ချိန်ရှို့ချင်ကတော့ နည်းနည်းလေးတောင် ထူးဆန်းသည်ဟု မမြင်ပေ။

“ သမီး ထူးဆန်းတဲ့ ပစ္စည်း တချို့နဲ့ ကစားနေတာကို မြင်တော့ အမေတို့က သမီး ဝမ်းနည်းနေလို့ အာရုံပြောင်းအောင် စိတ်ဝင်စားစရာ တစ်ခုခုကို ရှာချင်နေတာလို့ ထင်ခဲ့ကြတာ။ သမီးရဲ့ ဒေါ်လေး ရောက်လာတော့မှ … ”

စုယန်ယန်သည် အလိုလို လက်သီး တင်းတင်း ဆုပ်လိုက်မိ၏။

အစပိုင်းမှာ သူမ ချက်ပြုတ်ခဲ့သော ဆေးဖက်ဝင်ဟင်းလျာတွေက အသေးအဖွဲ ဖျားနာမှုတွေ ၊ ကိုယ်လက် ကိုက်ခဲနာကျင်မှုတွေ အတွက် ရည်ရွယ်တာ ပိုများကာ ထိုဟင်းလျာတွေ အကုန်လုံးကို သူမ ချက်ပြုတ်ပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲရှိ ပရိသတ်တွေကို ပေးပစ်လိုက်လေ့ရှိသည်။

နောက်ပိုင်းမှာ အဲ့ဒီ ဟင်းလျာတွေကို သူမရဲ့ မိသားစုဝင်တွေအား သူမ ပေးလိုက်လျှင်တောင် ဘာပြဿနာမှ ရှိမှာ မဟုတ်။ ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်ထားတဲ့ ပါဝင်ပစ္စည်းတွေက ကျန်းမာရေး ထိန်းသိမ်းဖို့ အတွက်ပါပဲ။

စိတ်ဝင်စားစရာအကောင်းဆုံး အရာကတော့ သူမရဲ့ ဦးလေးနှင့် ဒေါ်လေးတို့ ကလေးရလာစေနိုင်ရန်အတွက် သူတို့ကျန်းမာရေးကို ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးခဲ့တာပဲ ဖြစ်သည်။

“ အမေ ဘာလို့ မမေးခဲ့တာလဲ။ ”

“ အမေ မေးချင်‌ပေမဲ့ သမီးရဲ့ အဘိုးက အမေ့ကို တားခဲ့တယ်။ ”

“ အဘိုးကလား။ ” စုယန်ယန် အံ့ဩသွား၏။

“ သမီးရဲ့ အဘိုးက အမေနဲ့ အဖေ ဘာတွေ တွေးနေကြလဲ ဆိုတာ သိတော့ အမေတို့ဆီ သူကိုယ်တိုင် လာတွေ့ပြီး စကားပြောခဲ့တာ။ ကလေးတွေမှာ အသက်ကြီးလာရင် လျို့ဝှက်ချက်တွေ ရှိလာတတ်တာ သဘာဝပဲလို့ သူက အမေတို့ကို ပြောပြတယ်။ သမီး အမေတို့ကို မပြောပြဘူး ဆိုကတည်းက ပြောပြလို့ မဖြစ်တဲ့ ကိစ္စ တစ်ခုခု သေချာပေါက် ရှိနေလိမ့်မယ်တဲ့။ သမီးရဲ့ လူကြီးမိဘတွေအနေနဲ့ အမေတို့က ဘာကိုမှ မသိသလို ဟန်ဆောင်ဖို့ပဲ တတ်နိုင်တယ်။ သမီး အဆင်ပြေနေသရွေ့ ၊ စိတ်ချမ်းသာနေသရွေ့ အမေတို့ သမီးကို စိတ်ပင်ပန်းအောင် လုပ်မှာ မဟုတ်သလို အခက်တွေ့အောင်လည်း လုပ်မှာ မဟုတ်ဘူး။ ”

“ အမေ … ” သူမအမေရဲ့ ခါးလေးကို ပွေ့ဖက်ချင်စိတ်အား သူမ ထိန်းမရတော့။ “ သမီး အမေ့ကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ပါဘူး။ အဲ့ဒါက ဒီလိုပဲ … ”

သူတို့ကို ဘယ်လို ရှင်းပြရမှန်း မသိတာပါ။ သူမ ပြောပြလိုက်ရင် သူတို့ ဝမ်းနည်းပြီး စိတ်ပူသွားကြမှာကို ကြောက်သည်။

“ သမီးမှာ အမေ့ကို ပြောမပြရတဲ့ အကြောင်းပြချက်တွေ ရှိတယ် ဆိုတာ အမေ နားလည်ပါတယ်ကွယ်။ အနာဂတ်မှာ သမီးနဲ့ ဟောက်ချန်ဟွမ်းတို့ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းသွားရင်း ကလေးလေးတွေ မွေးဖို့ပဲ အမေ မျှော်လင့်ပါတယ်။ သမီးအတွက် ဘယ်လို ထိခိုက်ဒဏ်ရာတွေ ၊ ရောဂါမျိုးတွေမှ မရှိတဲ့ ကျန်းမာပျော်ရွှင်စရာ မိသားစုလေးက လွဲလို့ အမေ ဘာမှ မလိုချင်ဘူး။ အဲ့ဒါက သမီးအတွက် အမေ့ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပဲ။ ”

“ အွန်း။ ”

ချိန်ရှို့ချင်သည် သူမသမီးရဲ့ ခေါင်းလေးကို ချစ်စနိုး ပုတ်ရင်း သက်ပြင်းချလိုက်၏။ “ ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ အကြောင်း အမေတို့ သိချင်နေကြတာနဲ့ ဒီနေ့ သမီးရဲ့ အဖေက သမီးတို့ နှစ်ယောက်လုံးကို လာဖို့ ခေါ်ထားတာ။ နောက်တစ်ခု ထပ်ပြောရရင် သူ့ခြေထောက်တွေ ပြန်ကောင်းသွားလို့ အမေတို့ စိုးလည်း စိုးရိမ်တယ်။ အရင်က သူ ခက်ခဲနေတုန်းမှာ သူ့ကို ကန်ထုတ်ပစ်ခဲ့တဲ့ လူတွေ ရှိတယ်။ အခု သူ့ခန္ဓာကိုယ်ကလည်း လူကောင်းအတိုင်း ပြန်ဖြစ်သွားပြီ ဆိုတော့ အဲ့လူတွေက ခြိမ်းခြောက်ခံရသလို ခံစားရပြီး သမီးကို ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ။ သမီးတို့ ပြန်သွားရင် ဟောက်ချန်ဟွမ်းကိုလည်း ဒီကိစ္စကို ပိုသတိထားဖို့ ပြောသင့်တယ်။ အရည်အချင်းလည်း မရှိ ၊ စိတ်နှလုံးကောင်းလည်း မရှိတဲ့ လူတွေက ယုတ်မာနိမ့်ကျတဲ့ လှည့်ကွက်တွေကို သုံးတတ်ကြတယ်။ သမီး သတိလက်လွတ် နေလို့ မရဘူး။ ”

စုယန်ယန် ခေါင်းညိတ်လိုက်ကာ သူမရဲ့ မျက်လုံးတွေထဲမှာ အေးစက်စက် အရိပ်အငွေ့တွေ ယှက်ပြေးသွားသည်။

ဝမ်ကျင့်ဖျင်နှင့် တခြား လူတွေကို သူမ မတိုက်ခိုက်ရတဲ့ အကြောင်းပြချက်က ဟောက်ချန်ဟွမ်းကို ကုသရေးမှာ တစိုက်မတ်မတ် အာရုံစိုက်နေ‌၍ သူတို့အတွက် အလုပ်ရှုပ်ခံဖို့ စိတ်ရော ၊ လူရော မအားလပ်တာကြောင့် ဖြစ်သည်။ သူတို့ စည်းမကျော်သရွေ့ သူမကလည်း သူတို့ကို သွားထိမှာ မဟုတ်။

သူမ စိုးရိမ်နေတဲ့ ဒုတိယ အရာက ‘ အဓိက ဇာတ်လိုက်ရဲ့ လင်းရောင်ခြည် စက်ဝန်း ’ ဖြစ်သည်။ သူမ အဲ့ဒါတွေကို ပြန်ရအောင် မယူနိုင်လျှင် ကံဆိုးသူ တစ်ယောက် ဖြစ်သွားနိုင်ပြီး ကမ္ဘာကြီးကလည်း သူမအပေါ် ပြိုကျလာလိမ့်မည်။

All Chapters