အခန်း ၅၂၂
Vol. 35 Ch. 522
အခန်း ( ၅၂၂ ) အခုထိ ကိုယ်တို့ ဟန်းနီးမွန်း မသွားရသေးဘူး။
ကျေနပ်စွာ ပွဲကြည့်နေသော စုယွီရွှမ်းသည် မျက်စိ တစ်မှိတ်အတွင်းမှာပဲ အရာ အားလုံးအတွက် အပြစ်တင်ခံလိုက်ရ၏။
“ ??? ”
အမေ ကျွန်တော့်ကို ဘာလို့ ဒီကိစ္စထဲ ဆွဲထည့်တာလဲ။ ဘာလို့ ကျွန်တော်ကပဲ အမြဲတမ်း အပြောအဆိုခံနေရတာလဲ။
စုယွီရွှမ်းရဲ့ ဒေါသနှင့် စုယန်ယန်ရဲ့ ငယ်ဘဝနှင့် ယှဉ်လိုက်ပါက ဟောက်ချန်ဟွမ်း အတွက်တော့ စုယန်ယန်ရဲ့ ကလေးဘဝကသာ ပိုလို့ စိတ်ဝင်စားစရာကောင်းလေသည်။
သူက အရင် မေးခွန်းတောင် ထုတ်ခဲ့သေးသည်။ “ အိမ်မှာ ယန်ယန် ကလေးဘဝတုန်းက ဓာတ်ပုံတွေ ဗီဒီယိုတွေ ရှိလား အမေ။ ”
ချိန်ရှို့ချင်က ချက်ချင်း ပြန်ဖြေခဲ့သည်။ “ ရှိတာပေါ့ ၊ ငါ့မှာ အဲ့လို ဓာတ်ပုံတွေ အများကြီး ရှိတယ်။ ယန်ယန်က ငယ်ငယ်လေးတုန်းက သိပ်လိမ္မာတာ ၊ ပြောစကားလည်း အကုန် နားထောင်တယ်။ သူမရဲ့ အဖေက ဂါဝန် သေးသေးလေးတွေ ဝတ်ထားတဲ့ သူမရဲ့ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ အများကြီးကို ရိုက်ထားတာလေ။ မင်း စိတ်ဝင်စားတယ် ဆိုရင် အမေ မင်းကို ခဏနေကျ ကော်ပီ ပို့ပေးလိုက်မယ်။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ “ ကျေးဇူးပါ အမေ။ ”
စုယန်ယန်ကတော့ ရှက်သွားပြီး မသဲမကွဲ ပြောလိုက်၏။ “ ကျွန်မ ငယ်ငယ်လေးတုန်းက အသားလည်း မည်းတယ် ၊ ရုပ်လည်း ဆိုးတယ်။ တစ်စက်ကလေးမှ မလှဘူး။ ”
“ သမီးက သမီးအဘိုးနဲ့ ဇွတ်အတင်း ငါးမျှားထွက်တာကိုး။ နွေရာသီမှာ နေလောင်ပြီး အသားမမည်းဘဲ နေမလား။ ”
အဘိုးချိန်က ငါးမျှားရတာကို သဘောကျပြီး သူ့သူငယ်ချင်းတွေကိုလည်း အတူ ငါးမျှားထွက်ဖို့ ခေါ်လေ့ရှိသည်။ သူ့သူငယ်ချင်း အများစုဟာလည်း ငါးမျှားဖော် ငါးမျှားဖက် သူငယ်ချင်းတွေပင်။
စုယန်ယန် ငယ်စဉ်တုန်းက ချိန်မိသားစုထဲမှာ နေထိုင်ခဲ့ပြီး အဘိုးချိန်နှင့်အတူ မကြာခဏ ငါးမျှားထွက်တတ်သည်။
တောက်ပလင်းထိန်နေသော နေရောင်အောက်မှာ သူတို့တွေ အမြဲ ငါးမျှားဖြစ်ကြသည်။ နေရောင်ကာခရင်မ် လိမ်းထားလျှင်တောင်မှ ကလေး တစ်ယောက်ရဲ့ အသားအရေကဝောာ့ တစ်လ ၊ နှစ်လ အကြာမှာ နေလောင်ပြီး ညိုကျသွားခဲ့ပါသည်။
စုယန်ယန်သည် အိမ်မှာ ရိုက်ထားသော ဓာတ်ပုံတွေကို အရင်တုန်းက နှံ့နှံ့စပ်စပ် ကြည့်ဖူးခဲ့တာမို့ စိတ်ထဲမှာ စွဲမြဲနေသည်။ အဲ့ဒီ ဓာတ်ပုံတွေထဲမှာ သူမဟာ အိုး တစ်လုံးရဲ့ အောက်ခြေလို မည်းမှောင်ကျနေခဲ့သည်။
ဟောက်ချန်ဟွမ်းကတော့ သူမစကားတွေကို ကြားအပြီးမှာ လက်လျှော့လိုက်ရမည့်အစား ပိုလို့တောင် စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ “ ယန်ယန်က ဘယ်လိုနေနေ လှပြီးသားပါ။ သူမက နေလောင်ထားလို့ အသားညိုနေရင်တောင်မှ လှတယ်။ ”
စုယန်ယန် တစ်ယောက် ပြောစရာ စကားမရှိ ဆွံ့အသွားသည်။ သူမ အနည်းငယ် ရှက်ရွံ့သွားသလိုလည်း ခံစားလိုက်ရ၏။
စုယန်ယန်ရဲ့ အဖေ ၊ အမေနဲ့ အစ်ကို : “ … ” သူ အခု ဘယ်လောက်တောင် ချိုမြိန်တဲ့ စကားတွေကို ပြောလိုက်တာလဲ။ ငါတို့ကတော့ ဒီခွေးစာကို မစားနိုင်ဘူးဟေ့။
“ ကိုယ့်ကိုယ်ကိုယ်သာ အရင်ဆုံး ဂရုစိုက်နော် ဒေါ်လေးချင်။ နောက်လထဲမှာ ညီမ … ”
စုယန်ယန်က “ ညီမ ချန်ဟွမ်းကို ခေါ်ပြီး ဒေါ်လေးဆီ လာခဲ့မယ် ” ဟု ပြောလိုက်ချင်သော်လည်း ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေက အခုမှ သက်သာခါစပဲ ရှိသေးတယ် ဆိုတာကို ပြန်သတိရသွားသည်။ သူ အရမ်း အလုပ်ရှုပ်နေမှာမို့ သူမ သွားရာနောက် လိုက်ပေးဖို့ အချိန်မရှိနိုင်လောက်။
သူမ စိတ်ထွေပြားသွားတာကို နားလည်သော ဟောက်ချန်ဟွမ်းက ပြုံးပြီး ပြောလိုက်သည်။ “ ကိုယ့်ခြေထောက်တွေ သက်သာသွားပါပြီကွာ။ ကိုယ် အပြင်ထွက်ပြီး ရှုခင်းတွေကိုလည်း လျှောက်ကြည့်ချင်တယ်။ ဘာပဲပြောပြော အဆင်သင့်တယ်လေ ၊ ကိုယ်တို့ အခုထိ ဟန်းနီးမွန်းလည်း ထွက်မှ မထွက်ရသေးတာ။ ”
စုယန်ယန်ရဲ့ မျက်လုံးတွေ တောက်ပသွား၏။ ဟုတ်သည်။ သူမတို့ လက်ထပ်ပြီးသွားပေမဲ့ အခုထိ ဟန်းနီးမွန်း မသွားရသေး။
“ ရှေ့လထဲမှာ ညီမနဲ့ ချန်ဟွမ်းတို့ ဒေါ်လေးဆီ လာလည်မယ်နော်။ အဲ့ကျရင်သာ သူများအိမ်မှာ ကပ်ပါးရပ်ပါး လာနေတယ် ဆိုပြီး မငြိုငြင်နဲ့။ ”
ချင်ရွှယ်ရူ ကိုယ်ဝန်လွယ်ထားတာ ၈ လ ပြည့်ခါနီးနေပါပြီ။ ရှေ့လထဲမှာ သူမရဲ့ ဂျူးဒိတ် ရှိသည်။ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းသည် ကလေးမွေးတာကို မြင်ရဖို့ အတွက် သွားကြည့်ပေးရင်း သူမ ကလေးမွေးဖို့ရာ အစစ အရာရာ ကူညီပြင်ဆင်ပေးနိုင်စေရန် အတွက် နောက်ထပ် တစ်လ ကြာအောင် နေပေးနိုင်ပါသည်။ တစ်လ အကြာမှာ ဖန့်ဝေမင်းနှင့်သူ့ဇနီးရဲ့ ကုသမှုလည်း ပြီးဆုံးလုပြီ ဖြစ်သည်။
နျဉ်ချီလွေ့နှင့် သူ့အစ်ကိုက နှစ်ယောက်လုံး ပြန်လည် ထူထောင်ရေး ကာလထဲမှာပဲ ရှိသေး၍ သူမက နေ့စဉ်နေ့တိုင်း ဆေးဖက်ဝင်ဟင်းလျာတွေ ပို့ပေးနေရသည်။
လော့ဝေပင်းရဲ့ ညီမလေးအတွက် ဆိုရင်လည်း ထူးမခြားနားပါပဲ။ ထပ်တိုး ကုသမှုတွေ မခံယူခင် သူမ ခဏလောက် အနားယူရဦးမည်။ စုယန်ယန်က လောမကြီးပါ။
တုန်ချမ်းမှာ ရှားကျွင်းရှန်က ကုမ္ပဏီ တာဝန်ရှိသူ တစ်ယောက် ဖြစ်ကြောင်း ထည့်ပြောနေစရာ မလိုပေ။ ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်မှာ ရှိတဲ့ လီကျင်းဝမ်နှင့် ကျန်လူတွေကလည်း အဲ့ဒီက စီးပွားရေးလုပ်ငန်းတွေကို တာဝန်ယူပေးနိုင်သည်။ များသောအားဖြင့် သူမက ဖုန်းနှင့်သာ ဆက်သွယ်လေ့ရှိပြီး စားသောက်ဆိုင်ကို သွားတာ ရှားသည်။
ခန္ဓာကိုယ်ကို အာဟာရဖြည့်ဖို့ အတွက် စားသောက်ဆိုင်ကို နေ့တိုင်း လာပြီး ဆေးဖက်ဝင် ဟင်းလျာတွေ စားတဲ့ ပရော်ဖက်ဆာကြီးတွေ အနည်းငယ် ရှိတယ် ဆိုတာကိုတော့ ထည့်ပြောမနေတော့ပါ။ တကယ်တမ်းမှာ သူတို့က စွပ်ပြုတ်ထဲက ဆေးပင်တွေကို ကြည့်ဖို့ ရောက်လာကြတာ ဖြစ်သည်။
ဝန်ထမ်းတွေကသာ သူတို့ဘာသာ ပြဿနာမရှာလျှင် ထိုပရော်ဖက်ဆာတွေ ပေးနေတဲ့ အကာအကွယ်ကြောင့် ပြဿနာ ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်လာမှာ မဟုတ်ပေ။
မနေု့တုန်းက ဦးလေးကျန်း အတွက် ဆိုရင်တော့ သူမ သူ့ကို ကူညီပေးနိုင်ပါ့မလား ဆိုတာ မသိ။ သူမ ကူညီပေးနိုင်တယ် ဆိုလျှင်တောင် သူတို့အား သူမကို လာရှာပေးဖို့ ၊ သို့မဟုတ် သူမ ပြန်လာတဲ့ အချိန်ထိ ကုသမှုကို ဆိုင်းငံ့ထားဖို့ ပြောရလိမ့်မည်။