← Chapters

အခန်း ၅၂၃

Vol. 35 Ch. 523

အခန်း ၅၂၃

Vol. 35 Ch. 523

အခန်း ( ၅၂၃ ) ယောက်ျားတွေက ပိုက်ဆံ ရှိပြီ ဆိုတာနဲ့ အကျင့်မကောင်းကြတော့ဘူး။

သူတို့ စုယန်ယန်ကို အကူအညီတောင်းချင်လျှင် စိတ်သဘောထား ဖြောင့်မတ်မှန်ကန်ဖို့ လိုသည်။ သူမက သူတို့အပေါ် ဘာအကြွေးမှ တင်မထားပေ။

သူတို့နှင့် ယှဉ်လိုက်ပါက ဒေါ်လေးချင်နှင့် သူမရဲ့ အနာဂတ် မောင် ဝမ်းကွဲလေး ဖြစ်မလား ၊ ညီမ ဝမ်းကွဲလေး ဖြစ်မလား မသိတဲ့ ကလေးလေးက သေချာပေါက် ပိုအရေးပါသည်။

စုယန်ယန် ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သည်။

ချင်ရွှယ်ရူက သူမ လာမည် ဆိုတာကို ကြားသောအခါ မျက်နှာပေါ်က အပြုံးလေးကို မဖုံးကွယ်နိုင်တော့ပါ။

“ နင်တို့ လာမယ် ဆိုလို့ ငါက အရမ်း ပျော်သွားတာ။ ဘာကိစ္စ ငြိုငြင်ရမှာတုံး။ ”

“ ဒါဆို သေချာသွားပြီနော်။ ”

စုယန်ယန်သည် ဒေါ်လေးချင်ဆီ သွားလည်ဖို့ အချိန်ကို အောင်မြင်စွာ ချိန်းဆိုသတ်မှတ်လိုက်ပြီးနောက် စာရွက်ထဲမှာ ချပြီး ရေးမှတ်ထားရမည့် ကိစ္စ တချို့ကို သတိပေးနေခဲ့သည်။ ဒေါ်လေးချင် အနည်းငယ် ပင်ပန်းလာတာကို သတိထားမိချိန်မှာတော့ သူမဘက်က ဖုန်း အရင် ချလိုက်ပါတော့သည်။

ထို့နောက် သူတို့ နှစ်ယောက်လုံး စုအိမ်တော်မှာ အချိန် အတိုင်းအတာ တစ်ခု ကြာအောင် နေဖြစ်ခဲ့သည်။ ညစာ စားချိန် အထိ နေခိုင်းသော ချိန်ရှို့ချင်နှင့် တခြား လူတွေရဲ့ အကြံပေးချက်ကို လျစ်လျူရှုပြီး ညစာ စားချိန် မတိုင်ခင်မှာပဲ စုအိမ်တော်ကနေ သူတို့ ပြန်လာခဲ့ကြသည်။

သူတို့တွေ ကားထဲ ရောက်သည်နှင့် ဟောက်ချန်ဟွမ်းက မေးခွန်းထုတ်လိုက်၏။ “ ခုနတုန်းက အမေနဲ့ အဖေ ရှိနေလို့ ကိုယ် မမေးတာ။ အမေ မင်းကို အပေါ်ထပ် ခေါ်သွားပြီးတော့ ဘာပြောတာလဲ။ မင်းကို အခက်တွေ့အောင် ၊ စိတ်ကျဥ်းကျပ်‌အောင် လုပ်နေတာလား။ ”

“ ဘယ်လိုလုပ် ကျွန်မအမေက ကျွန်မကို အခက်တွေ့အောင် လုပ်မှာလဲ။ အမေက ကျွန်မကို စိတ်ပူနေတာပါ။”

ဟောက်ချန်ဟွမ်း မျက်ခုံး တစ်ချက် ပင့်သွားသည်။ “ မင်းကို စိတ်ပူတယ် … ”

“ အင်း ၊ ရှင် ကျွန်မကို စွန့်ပစ်သွားမှာကို အမေက စိတ်ပူနေတာ။ ”

ဟောက်ချန်ဟွမ်းရဲ့ မျက်နှာ မည်းမှောင်သွားသည်။ “ ကိုယ် မင်းကို စွန့်လွှတ်စရာလား။ ”

စုယန်ယန်က မျက်လုံးလှိမ့်ပြီး သူ့ကို တမင်သက်သက် စနောက်လိုက်လေသည်။ “ အဲ့ဒါ ပြောဖို့ ခက်တယ်။ ယောက်ျားတွေက ပိုက်ဆံရှိလာတာနဲ့ အကျင့်မကောင်းကြတော့ဘူးလို့ ကျွန်မအမေက ပြောတယ်။ ရှင်က အရင်တုန်းကလည်း ချမ်းသာပေမဲ့ အဲ့တုန်းက ထိခိုက်ဒဏ်ရာ ရနေတာလေ။ ဒါပေမဲ့ အခု ရှင် လူကောင်းအတိုင်း ပြန်ဖြစ်သွားပြီ ဆိုတော့ ရှင့်ကို မြူဆွယ်ဖို့ အတွက်ဆို မျက်စိထဲမှာ ဘာမှ မမြင်တော့တဲ့ ပျားလေးတွေ ၊ လိပ်ပြာလေးတွေ ရောက်ရင် ရောက်လာနိုင်တယ်။ ”

စုယန်ယန်သည် အစတုန်းကတော့ သူ့ကို စနောက်နေတာ ဖြစ်သော်လည်း ပြောရင်း ပြောရင်း စတင် သဝန်တိုလာမိပါသည်။ “ မဖြစ်နိုင်ဘူးလို့ ကျွန်မကို မပြောနဲ့နော်။ ဟောက်မိသားစုရဲ့ သခင်လေးက လူချမ်းသာ စံပြ ခင်ပွန်းလောင်းလေး ဆိုပြီး အရမ်း နာမည်ကြီးတာ။ မိန်းကလေးတွေကလည်း သူ့ကို သူတို့ဘက်က အရင်ဆုံး ရေလာမြောင်းပေးလုပ်ကြတာ။ ရှင်နဲ့ စေ့စပ်ခါနီး အခြေအနေထိ ရောက်ခဲ့တယ် ဆိုတဲ့ ကောင်မလေး ‌တစ်ယောက်လည်း ဟိုတလောက ပေါ်လာတယ် မဟုတ်ဘူးလား။ ”

ဟောက်ချန်ဟွမ်းက ခနဲ့တဲ့တဲ့ မေးခွန်းကိုကြားတော့ သဝန်တိုမှုတွေဖြင့် စူပုပ်နေသော စုယန်ယန်ရဲ့ နှုတ်ခမ်းလေးကို ကြည့်လိုက်မိသည်။ သူ ချက်ချင်း ကျိန်ပြောလိုက်ပါသည်။ “ ကိုယ့်ဆီကို မိန်းကလေးတွေ ဘယ်နှယောက်ပဲ ရောက်လာ,လာ ၊ ကိုယ် သူတို့ကို ဘယ်တော့မှ သဘောမကျဘူး။ ကိုယ့်နှလုံးသားထဲမှာ မင်း တစ်ယောက်တည်းပဲ ရှိတာ။ ”

စုယန်ယန် အဲ့ဒါကို ကောင်းကောင်း နားလည်ပါသည်။ သို့သော် မိန်းမ တစ်ယောက်က သူ့ကို ရေလာမြောင်းပေး လာလုပ်ပြီး ကပ်ပါးကောင်လို ကပ်တွယ်နေမယ် ဆိုတဲ့ အတွေးက သူမကို စိတ်မသက်မသာ ဖြစ်စေသည်။

ဟောက်ချန်ဟွမ်းက သူမရဲ့ အဲ့ဒီလို ပုံစံလေးကို မြင်တော့ ပိုမို ပြည့်ဝစွာ ပြုံးကာ သူမကို စိတ်ရှည်လက်ရှည် ချော့နေခဲ့သည်။ “ ဒီအချိန်မှ ကိုယ့်ကို လာကပ်တဲ့ မိန်းမတွေ အကုန်လုံးက ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ဘယ်သူလဲ ဆိုတာကို မက်လို့ လာကပ်ကြတာလို့ မင်းပဲ အခုလေးတင် ပြောလိုက်တာလေ။ သူတို့ ကိုယ့်ကို နည်းနည်းပါးပါး သဘောကျရင်တောင် သူတို့မှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေတော့ သေချာပေါက် ရှိနေလိမ့်မယ်။ ကိုယ်က အဲ့ဒီ သူတော်ကောင်းယောင်ဆောင်ထားတဲ့ မိန်းမတွေ အတွက်နဲ့ ကိုယ်က ကိုယ့်ကို တကယ် ချစ်တဲ့ လူကို စွန့်လွှတ်တဲ့ အထိ တုံးအမယ်လို့ မင်း ထင်နေတာလား။ ”

စုယန်ယန်ရဲ့ မျက်နှာ အမူအရာက နူးညံ့သွားသော်လည်း သူမရဲ့ ပုံစံက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်နေဆဲပင်။

သူမအမေရဲ့ သတိပေးစကားကြောင့်သာ မဟုတ်လျှင် ဟောက်ချန်ဟွမ်းဟာ အမူအကျင့်ကောင်းတာ တစ်ခုတည်း အပြင် တခြား အချက်တွေကြောင့် မိသားစုကြီးတွေ နောက်တစ်ကြိမ် မျက်စိကျတာကို ခံရပြီး လူများစွာ အတွက် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လာလိမ့်မည်ဟု သူမ တွေးမိမှာ မဟုတ်။ သူ ဘယ်သူလဲ ဆိုတာရယ် ၊ ဂုဏ် အဆင့်အတန်းရယ်ကိုလည်း ထည့်တွက်ရမည်။ သူ့နောက်မှာ ကွယ်ဝှက်ထားတဲ့ ပိုက်ဆံတွေကပင် မက်မောချင်စရာကောင်းသည်။

ဟောက်ချန်ဟွမ်းက သူမစိတ်ကို ဖတ်နိုင်သကဲ့သို့ ပြုံးလိုက်၏။ “ ကိုယ့်နာမည်‌အောက်က စီးပွားရေး လုပ်ငန်းတွေ အကုန်လုံး အခု မင်းလက်ထဲ ရောက်နေပြီ ဆိုတာကို မင်း မေ့သွားပြီလား။ ဒီအကြောင်းကို အဲ့လူတွေ သိသွားရင်ရော သူတို့ ကိုယ့်ကို လာကပ်ကြဦးမယ်လို့ ထင်လို့လား။ ”

စုယန်ယန်သည် စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းကာ အနည်းငယ် ကျေနပ်သွားသော်လည်း ပါးစပ်ကနေတော့ ပြောလိုက်ပါသေးသည်။ “ ကျွန်မမှာ အဲ့ဒါတွေ ရှိပေမဲ့လည်း လုပ်ငန်းထဲက လူတွေက အကုန် ရှင့်လူတွေချည်းပဲလေ။ အမွေတွေကို ရှင် တိတ်တိတ်လေး လွှဲပြောင်းထားလို့ ရတာပဲ။ ”

ဟောက်ချန်ဟွမ်း ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ပေ။ သူ့ဇနီးလေးက မိသားစု ဒရာမာတွေ ဘယ်လောက်တောင် ကြည့်ထားတာပါလိမ့်။ သူ အမွေတွေကို လွှဲပြောင်းပေးထားလိမ့်မယ်လို့တောင် သူမက ထင်နေလိုက်သေးသည်။

“ မင်း ပြောချင်တဲ့ အဓိပ္ပာယ်က လုပ်ငန်းတွေကို မင်းရဲ့ လူတွေကပဲ စီမံခန့်ခွဲအောင်လို့ လက်ရှိ တာဝန်ယူထားတဲ့ ယန်ပိုင်နဲ့ တခြား လူတွေကို လူလဲချင်တာလား။ ”

All Chapters