အခန်း ၅၂၄
Vol. 35 Ch. 524
အခန်း ( ၅၂၄ ) လူတွေရဲ့ နှလုံးသားကပဲ ပြောင်းလဲတတ်တာပါ။
စုယန်ယန်သည် ခဏ နှုတ်ဆိတ်သွားပြီးမှ ခေါင်းခါပြလိုက်၏။
“ သူတို့က ပရော်ဖက်ရှင်နယ်ကျတယ်။ တခြား လူတွေက ကုမ္ပဏီကို သူတို့ ကိုယ်စား စီမံခန့်ခွဲနေရင် ကုမ္ပဏီက ကောင်းကောင်း မလည်ပတ်နိုင်လောက်ဘူး။ ပြီးတော့ အဲ့ဒါတွေက အစကတည်းက ရှင့်အပိုင်တွေပါ။ ရှင် အဲ့ဒါတွေကို ပြန်ယူချင်ရင် ကျွန်မ သဘောမတူစရာ အကြောင်းမရှိပါဘူး။ ”
အဆုံးသတ်မှာတော့ ပိုင်ဆိုင်မှု စည်းစိမ်းဥစ္စာလို ပစ္စည်းတွေက မပြောင်းလဲပါ။ ပြောင်းလဲနိုင်တာက လူ တစ်ယောက်ရဲ့ နှလုံးသားပါပဲ။
လူ တစ်ယောက်က လူ တစ်ယောက်ကို ချစ်တဲ့ အခါ ပိုင်ဆိုင်သမျှ ပစ္စည်းကောင်းတွေ အကုန်လုံးကို ပေးချင်ကြသည်။ ထိုပစ္စည်းတွေက တစ်ယောက်အပေါ် တစ်ယောက် ထားတဲ့ ချစ်ခြင်းမေတ္တာရဲ့ ကြည်နူးစရာ ချိုမြိန်မှုတွေ ဖြစ်လေသည်။ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ခြင်းရဲ့ သက်သေတွေ ဆိုရင်လည်း မမှားပေ။
တစ်ယောက်ကို တစ်ယောက် ဆက်မချစ်ကြတော့လျှင် ကိုယ်က သူနှင့် အတူ ဆက်ရှိနေခွင့်ရအောင် ဘယ်လောက်ပဲ ကြိုးစားပါစေ ၊ တစ်ဖက်လူမှာ သူ ပေးထားသမျှ ပစ္စည်းတွေကို ကိုယ့်ဆီကနေ ပြန်လုယူဖို့ နည်းလမ်းတွေ မရမတွက်နိုင်အောင် ရှိနေလိမ့်မည်။
“ သေချာ နားထောင်နော်။ ရှင် ကျွန်မကို အနာဂတ်မှာ သစ္စာဖောက်ရဲတယ် ဆိုရင် ကျွန်မ ရှင့်ကို ဆက်မလိုချင်တော့ဘူး။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက လက်ခနဲ ဖြစ်သွားကာ စုယန်ယန်နှင့် နဖူးချင်း ထိတိုက်လိုက်သည်။ သူ သူမရဲ့ မျက်လုံးတွေထဲ လေးလေးနက်နက် စိုက်ကြည့်ကာ ပြောလိုက်၏။ “ ကိုယ် မင်းကို အဲ့လို အခွင့်အရေးမျိုး ပေးမှာ မဟုတ်ဘူး။ ”
စုယန်ယန်က ပြုံးကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ ကျွန်မအမေ ကျွန်မကို ဘာပြောခဲ့တာလဲ ဆိုတာ ရှင့်ကို ပြောပြပြီးပြီနော်။ ကျွန်မအဖေနဲ့ အစ်ကို ရှင့်ကို ပြောလိုက်တဲ့ စကားကိုလည်း ကျွန်မကို ပြောပြသင့်တယ် မဟုတ်ဘူးလား။ ”
“ သူတို့လည်း မင်းကို စိတ်ပူနေကြတာပါ။ ”
“ သူတို့က ကျွန်မကို စိတ်ပူနေကြတယ် … ” စုယန်ယန် အံ့ဩသွားသည်။ သူတို့ စိတ်ပူနေတဲ့ ကိစ္စတွေဟာ သူမအမေ စိတ်ပူနေတဲ့ ကိစ္စတွေနှင့် မတူဘူးလို့ ခံစားရသည်။ “ သူတို့ ကျွန်မကို ဘာလို့ စိတ်ပူနေကြတာလဲ။ ”
“ ကိုယ့်ခြေထောက်တွေကို ကုသပေးခဲ့တဲ့ လူက မင်း ဆိုတာ သူတို့ ခန့်မှန်းမိသွားကြလို့ပေါ့။ ဒီကိစ္စက အရမ်း လူစိတ်ဝင်စားစရာ ဖြစ်သွားပြီး မင်းအတွက် ပြဿနာ ဖြစ်လာစေမှာကို သူတို့ စိတ်ပူနေကြတာ။ ” စုယန်ယန်က ခဏ နှုတ်ဆိတ်သွားပြီးမှ ခပ်တိုးတိုး မေးလိုက်သည်။ “ ကျွန်မ … တော်တော် ခေါင်းမာနေမိတာလား။ ”
ကိစ္စ တချို့က ပြဿနာဖြစ်စေနိုင်မှန်း သူမ နားလည်သော်လည်း ဘာကိုမှ မမြင်သလို သည်းခံဟန်ဆောင်ပေးနိုင်ပါသည်။ ဒါပေမဲ့လည်း အဆုံးသတ်မှာတော့ သူမကို ကူညီပေးမယ့် ၊ ကာကွယ်ပေးမယ့် မိသားစုကို လိုအပ်နေဆဲ။
ဟောက်ချန်ဟွမ်းသည် သူမ အားငယ်သွားတာကို ရပ်ကြည့်မနေနိုင်ပေ။ သူ သူမရဲ့ ခေါင်းလေးကို ပုတ်ပေးရင်း သက်ပြင်းရှိုက်လိုက်၏။ “ ကိုယ် မင်းကို အရင်တုန်းက ပြောခဲ့ဖူးတဲ့ စကားကို မေ့သွားပြီလား။ ကိုယ် မင်းအတွက် ဒီမှာ ရှိနေတယ်လေ။ ”
သူ စုယန်ယန်ကို လူမသိ သူမသိ အဝေးမှာ ဖွက်ထားဖို့ မတွေးဖူးတာ မဟုတ်ပါ။ တကယ်တော့ သူ အဲ့လို လုပ်ဖို့ တစ်ကြိမ်ထက်မက တွေးဖူးရဲ့။
သို့သော်လည်း အချိန်တွေ ဘယ်လောက် ကြာသွားပါစေ ၊ သူ့ရှေ့မှာ ရှိနေတဲ့ လူက သူ အနိုင်ယူ ရှောင်လွှဲဖို့ရာ မတတ်နိုင်သော မိန်းကလေး တစ်ယောက် ဖြစ်သည်။
သူ သဝန်တိုရမည် ၊ နောင်တရ,ရမည် ဆိုလျှင်တောင် သူမကို မြူမှုန် တစ်မှုန်စာလေးတောင် နာကျင်အောင် မလုပ်နိုင်သလို သူမကို ဝမ်းနည်းစေမယ့် ဘယ်လို အရာမျိုးကိုမှလည်း မလုပ်နိုင်ပါ။
သူ့အတွက်တော့ စုယန်ယန်က သူရယ် ၊ ခိုကိုးရာမဲ့ လူတွေရယ်ကို နွေးထွေးစေသော နေဝန်း သေးသေးလေးနှင့် တူသည်။
ထိုအနွေးဓာတ်ကို သူ ဘယ်သူနှင့်မှ မမျှဝေနိုင်သလို ရပ်တန့်တားဆီဖို့ ကြိုးစားလိုက်လျှင် နေဝန်း သေးသေးလေးကို အေးစက်သွားအောင် လုပ်မိမှာကိုလည်း ကြောက်သည်။
ဒါကြောင့် သူ တတ်နိုင်တဲ့ တစ်ခုတည်းသော အရာက သူ့နေဝန်း သေးသေးလေးကို စိုးရိမ်ပူပန်မှု ကင်းစင်စွာ တောက်ပနိုင်အောင် လုပ်ပေးပြီး ဘယ်သူ့ကိုမှ သူမအား နာကျင်စေခွင့် မပေးတာပင်။
သူ လုပ်နိုင်သော အရာကို ပိုလို့ ကောင်းကောင်း လုပ်နိုင်စေရန် အတွက် သူ့ခြေထောက်တွေကို လှုပ်လို့ ရသေးကြောင်း နားလည်ချိန်မှာ မတ်တပ်ထရပ်ရန် အလွန် စိတ်အားထက်သန်နေခဲ့သည်။
“ ကိုယ် မင်းကို ကာကွယ်ပေးမယ် ယန်ယန်။ မင်း တခြား ဘာကိုမှ ဂရုစိုက်စရာ မလိုဘူး။ ”
စုယန်ယန်ရဲ့ မျက်လုံးတွေ တောက်ပသွားကာ သူမအတွက် ကမ္ဘာကြီး တစ်ခုလုံးကို ဆန့်ကျင်ပေးချင်ခဲ့သော အမျိုးသား အကြောင်း ပြန်သတိရသွားသည်။
“ ဟုတ်ပါပြီ။ ကျွန်မ ရှင့်ကို ယုံပါတယ်။ ”
သူတို့ အိမ်ပြန်ရောက်တော့ မှောင်နေပြီ ဖြစ်သည်။ ဟောက်ချန်ဟွမ်းက စုယန်ယန်အား အပေါ်ထပ်သို့ စိတ်အားထက်သန်စွာ ခေါ်သွားခဲ့သည်။
စုယန်ယန်သည် အဲ့ဒီတော့မှ သူမ မနေ့တုန်းက ဘာလုပ်မိခဲ့တယ် ဆိုတာကို မှတ်မိသွားလေသည်။
အရှိန်တညီးညီး တောက်လောင်နေသော တစ်စုံတစ်ယောက်ရဲ့ မျက်လုံးတွေကို ကြည့်ကာ စုယန်ယန်ရဲ့ မျက်လုံးတွေ လက်ခနဲ တောက်ပသွား၏။ သူမ အသက်ပြင်းပြင်း ရှူပြီး ပြောလိုက်သည်။ “ ရေ အရင် ချိုးဦး။ ”
ဟောက်ချန်ဟွမ်းရဲ့ အကြည့်က နက်ရှိုင်းသွားသည်။ “ အတူတူ ချိုးရမှာလား။ ”
စုယန်ယန် ဆွံ့အသွားသည်။ တကယ်လို့ သူတို့သာ ရေ အတူ ချိုးရင် သူမ အသက်နဲ့ ခန္ဓာကိုယ်ရော မြဲပါ့ဦးမလား။
“ ကျွန် … ကျွန်မ … ကျွန်မ အရင် သွားနှင့်တော့မယ်။ ” စုယန်ယန် ဟောက်ချန်ဟွမ်းနှင့် အကြည့်ချင်း မဆုံရဲတော့ပါ။ သူမရဲ့ အဝတ်အစားတွေကို ယူပြီး ရေချိုးခန်းထဲ တဟုန်ထိုး ပြေးဝင်သွားလိုက်သည်။
ဟောက်ချန်ဟွမ်းက အမြန် ထွက်ပြေးသွားသော သူမကို မတားဆီးဘဲ ရပ်ကြည့်နေခဲ့သည်။ သူ့မျက်လုံးတွေကဝောာ့ စိတ်အားထက်သန်မှုတွေဖြင့် တောက်ပနေလျက် … ။