အခန်း ၅၂၅
Vol. 35 Ch. 525
အခန်း ( ၅၂၅ ) နောက်ဆုံးတော့ မင်းက ကိုယ့်အပိုင် ဖြစ်သွားပြီ။
စုယန်ယန်သည် ခရမ်းချဉ်သီး တစ်လုံးလို နီရဲနေသော မျက်နှာဖြင့် ရေချိုးခန်းထဲ ပြေးဝင်သွားလိုက်၏။
စီးကျလာသော ရေပူက အခန်းထဲမှာ အနွေးငွေ့တွေကို ပြန့်နှံ့သွားစေသလို နံဘေးရှိ မှန်ပေါ်မှာလည်း အငွေ့ရိုက်သွားစေသည်။
စုယန်ယန်က မှန်ထဲမှာ ထင်ဟပ်နေသည့် သူမရဲ့ မျက်နှာနီနီကို ကြည့်လိုက်မိသည်။ ဘာဆက်ဖြစ်မှာလဲ ဟူသော အတွေးကြောင့် နှလုံးသားက ထိန်းချုပ်လို့ မရနိုင်ဘဲ ဝရုန်းသုန်းကား ခုန်နေသည်။
“ ဒီတိုင်း လင်မယားအရာမြောက်သွားရုံလေးပဲ မဟုတ်ဘူးလား။ ငါတို့ နှစ်ယောက်က တရားဝင် လက်ထပ်ပြီးသားတွေလေ။ နင် ဘာလို့ ဒီလောက် လန့်နေတာလဲ။ နည်းနည်းလေး ပိုရင့်ကျက်စမ်းပါ။ ” စုယန်ယန်က မှန်ထဲက သူမရဲ့ ပုံရိပ်ကို စိုက်ကြည့်နေမိသည်။
ထို့နောက် သူမ ရေ အမြန် ချိုးကာ ဟောက်ချန်ဟွမ်း သူမအနား ရောက်မလာခင် စောင်တွေ အောက်မှာ ပုန်းနေလိုက်သည်။ ဟောက်ချန်ဟွမ်းက ယုန်ငယ်လေး တစ်ကောင်လို စောင်အောက်မှာ ပုန်းနေသော စုယန်ယန်ကို ကြည့်ရင်း မျက်လုံးထဲက အပြုံးတွေ အရောင်ရင့်သွားသည်။
ရေချိုခန်းတံခါး နောက်တစ်ကြိမ် ပိတ်သွားသံကို ကြားတော့မှ စုယန်ယန်က စောင်တွေ အောက်ကနေ ခေါင်းလေး ပြူကြည့်လိုက်သည်။ ထို့နောက် သူမရဲ့ ဖုန်းကို လှမ်းယူကာ လင်းရှောင်ချီ ပို့ပေးထားသော လျို့ဝှက် စုဆောင်းမှုကို ဖွင့်လိုက်၏။ ‘ ပွဲမဝင်မီ အပြင်က ကျင်းပ ’ ဆိုတဲ့အတိုင်း တကယ့် လက်တွေ့ မလုပ်ခင်မှာ ကြိုတင်လေ့လာထားဖို့ သူမ ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း ဟောက်ချန်ဟွမ်းရဲ့ ရေချိုးချိန်ကို သူမ ခန့်မှန်းတာ လွဲသွားသလို သူ ဘယ်လောက် စိတ်အားထက်သန်နေတယ် ဆိုတာကိုလည်း ခန့်မှန်းတာ လွဲသွားခဲ့သည်။
သူမ ဗီဒီယိုကို စိတ်လှုပ်ရှားစွာ ကြည့်နေစဉ်မှာပဲ ရေချိုးခန်းတံခါး ရုတ်တရက် ပွင့်လာသည်။
စုယန်ယန်သည် ထိတ်လန့်သွားကာ ဗီဒီယိုကို ချက်ချင်း ပိတ်ပစ်လိုက်ချင်သည်။
ဖြစ်ချင်တော့ သူမ ဒီတစ်ခေါက် ကံမကောင်းပါ။ မျက်စိတစ်မှိတ်အတွင်းမှာ လျှပ်ပြက်သလိုပင် ဖုန်းက သူမလက်ထဲမှ လွတ်ကျကာ ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်နားသို့ လျှောခနဲ ရောက်သွားသည်။
ဟောက်ချန်ဟွမ်း : “ ??? ”
စုယန်ယန် တစ်ယောက် ပြောစရာ စကားမရှိ ဆွံအသွားရသည်။
ဟောက်ချန်ဟွမ်း ခဏတာ ဆွံ့အသွားပြီးမှ ဖုန်းကို ငုံ့ကောက်လိုက်၏။
စုယန်ယန်သည် “ ဖုန်းကို မထိနဲ့။ ” ဟု အော်မိတဲ့အထိ ထိတ်လန့်သွားသော်လည်း သူမ အရမ်း နောက်ကျသွားပါပြီ။
ဟောက်ချန်ဟွမ်းက ဖုန်းမျက်နှာပြင်ပေါ်မှာ ပြသနေသော အသံပိတ်ထားသည့် ရုပ်ရှင်ကို ကြည့်လိုက်သည်။
အဲ့ဒီနောက် နားလည်ရခက်ပြီး အဓိပ္ပာယ်ပါသော အကြည့်ဖြင့် သူ စုယန်ယန်ကို ပြန်ကြည့်လိုက်သည်။
စုယန်ယန်ဟာ သူ့အကြည့်ကြောင့် ခေါင်းနားပန်းတွေ ကြီးသွားမိသည်။ “ ကျွန်မ ရှင်းပြလို့ ရတယ်။ ”
“ ဟုတ်ပါပြီ။ ရှင်းပြပါဦး။ ”
“ ကျွန်မ နည်းနည်းလေး စိုးရိမ်နေလို့ပါ။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ လက်ခနဲ ဖြစ်သွားသည်။ “ အဲ့တော့ စိုးရိမ်မှုတွေ ပြေလျော့အောင်လို့ မင်း ဒီဗီဒီယိုကို ကြည့်နေတယ် ဆိုပါတော့။ ”
“ ... အင်း။ ” စုယန်ယန်သည် ဖြစ်နိုင်လျှင် ကျင်း တစ်ကျင်း တူးပြီး သူမကိုယ်သူမ မြေမြုပ်ပစ်လိုက်ချင်သည်။ နားထဲမှာ ကြားနေရသော ဟောက်ချန်ဟွမ်းရဲ့ ရယ်သံကြောင့် စုယန်ယန် မျက်နှာရဲလာသည်။ သူမ ဟောက်ချန်ဟွမ်းကို မော့ကြည့်ကာ မျက်စောင်းထိုးလိုက်၏။ “ ကျွန်မ … အမ်းးး ”
သူမ စကားမဆုံးသေးခင်မှာပဲ နှုတ်ခမ်းတွေကို အနမ်းခံလိုက်ရကာ တစ်ယောက်သောသူက အခြေအနေကို အခွင့်ကောင်းယူသွားခဲ့သည်။
“ ကိုယ် တောင်းပန်တယ်နော်။ ” ဟောက်ချန်ဟွမ်းရဲ့ အသံ တိုးလျလျထဲမှာ ဆွဲငင်မှု အပြည့်။ အရင်တုန်းက ကြားနေကျ အသံအတိုင်း ဘာမှ မထူးခြားသော်လည်း သူမ အရင်က တစ်ခါမှ မခံစားဖူးသော ညို့ငင်ဆွဲဆောင်မှု ခပ်ပါးပါး ထင်ဟပ်နေသည်။ “ မင်း အဲ့လို ကိစ္စမျိုး သင်ယူစရာ မလိုဘူး။ ကိုယ့်တာဝန်ပဲ ထားလိုက်ပါ။ ”
“ ဟမ်။ ” သူ ပြောတဲ့ အဓိပ္ပာယ်ကို စုယန်ယန် သဘောမပေါက်သေးခင်မှာပဲ စောင်က သူတို့ကို ဖုံးအုပ်သွားသည်။ ညတာရှည်သော မင်္ဂလာဦးညသည် သူတို့ နှစ်ယောက်ကြား တခြား သာမန်ညတွေထက် ထူးခြားနီးစပ်ကာ တစ်စုံတစ်ယောက်ကို ရှက်သွေးဖြာစေခဲ့လေသည်။
နောက်တစ်နေ့မနက် စုယန်ယန် အိပ်ရာနိုးလာတော့ နိုးတစ်ဝက် အိပ်တစ်ဝက် အိပ်ရေးမဝဘဲ အိပ်ချင်မူးတူး ဖြစ်နေသေးသည်။ အေးမြသော အနမ်း တစ်ပွင့်က သူမ အပြည့်အဝ အိပ်ရာနိုးမလာသေးခင် သူမနဖူးပေါ် ကျရောက်လာသည်။
“ ကောင်းသော မနက်ခင်းပါ။ ”
စုယန်ယန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားကာ စောင်ကို ဆတ်ခနဲ ကြည့်လိုက်မိလျှင် သူတို့ နှစ်ယောက်လုံး တကယ်ပဲ အဝတ်မကပ်ကြမှန်း သိလိုက်သည်။
မနေ့ညတုန်းက အဖြစ်အပျက်ကို ပြန်သတိရသွား၍ သူမ ရှက်ရွံ့သွားမိသည်။ စောင်အောက်မှာ ချက်ချင်း ပုန်းကွယ်ကာ ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ “ ကောင်းသော မနက်ခင်းပါ။ ”
ဟောက်ချန်ဟွမ်းသည် သူမ ရှက်နေတယ် ဆိုတာကို သိသောကြောင့် သူမကို ပိုလို့ တင်းတင်းကျပ်ကျပ် ဖက်လိုက်၏။ “ ယန်ယန်။ ”
“ ဘာ .. ဘာလဲ။ ”
“ နောက်ဆုံးတော့ မင်းက ကိုယ့်အပိုင် ဖြစ်သွားပြီ။ ”
စတော်ဘယ်ရီသီးလေး တစ်လုံးလို မျက်နှာနီရဲသွားသော စုယန်ယန်သည် စောင်အောက်မှာ ပုန်းရင်း သေချင်ယောင်ဆောင်နေချင်မိသည်။ သို့သော် ခဏအကြာမှာပဲ သူမ တခြား အတွေး တစ်ခုကို တွေးမိသွားကာ စောင်ထဲမှ ခေါင်းကို ထုတ်လျက် ဟောက်ချန်ဟွမ်းကို မီးဝင်းဝင်းတောက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။