အခန်း ၅၂၇
Vol. 36 Ch. 527
အခန်း ( ၅၂၇ ) ကလေးဆန်ဆန် အပြုအမူ။
ထိုအချိန်မှာ ဟောက်ချန်ဟွမ်းကတော့ သူ့ဇနီးလေးဟာ ရန်အစခံလိုက်ရသော ယုန်မလေး တစ်ကောင်နှင့် တူမှန်း မသိရှာပေ။ သူမရဲ့ အတွေးတွေက အတော်လေး ကြောက်စရာကောင်း၏။
ဟောက်ချန်ဟွမ်း တစ်ယောက် အောက်ထပ်မှာ ခံစားချက်မဲ့ မျက်နှာတည်ဖြင့် ထိုင်နေသော်လည်း သူ့ဆီကနေ တစ်စုံတစ်ရာကို လျို့ဝှက်ထားသလို စိတ်ဝင်စားစရာ အရှိန်အဝါ တစ်မျိုး ဖြာထွက်နေဆဲ ဖြစ်သည်။
အဲ့ဒါက ယုကျစ်ယန် ရောက်လာချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းပါပဲ။ သူ မျက်ခုံးလှုပ်သွားကာ ဂဏာန်း တစ်ကောင်လို ခြေလှမ်းတွေဖြင့် ဦးလေးကျန်းနံဘေးသို့ လျှောက်သွားလိုက်သည်။
“ သခင်လေး ဒီနေ့ ဘာဖြစ်ထားတာလဲ။ ”
မျက်နှာပေါ်မှာ အပြုံး တစ်ပွင့် ရှိနေသော ဦးလေးကျန်းက ပြန်ပြောသည်။ “ သခင်လေး နေပြန်ကောင်းသွားပြီ ဆိုတော့ သူ့ခံစားချက်တွေလည်း တိုးတက်လာတာပေါ့။ ”
ယုကျစ်ယန် အပြည့်အဝ နားမလည်သော်လည်း ခေါင်းညိတ်လိုက်သည်။ ကိစ္စတွေက ဦးလေးကျန်း ပြောသလောက် မရိုးရှင်းဘူးလို့ ခံစားရပေမဲ့ ဘာက မရိုးရှင်းတာလဲ ဆိုတာကိုလည်း ထောက်မပြနိုင်ပါ။
အောက်ထပ် ဆင်းလာတဲ့ စုယန်ယန်ကို မမြင်ခင် အချိန်ထိ ဘာက မရိုးရှင်းတာလဲ ဆိုတဲ့ ကိစ္စကို သူ နားမလည်နိုင်ခဲ့။
စုယန်ယန်က ယုကျစ်ယန်ကို မြင်သောအခါ မနေ့ညတုန်းက ဟောက်ချန်ဟွမ်း ပြောခဲ့သော စကားကို ပြန်သတိရသွားပြီး မျက်နှာ တစ်ခုလုံး မည်းမှောင်ကျသွားသည်။
ဟောက်ချန်ဟွမ်းကို မဟုတ်မဟတ် စာအုပ်တွေ ပို့ပေးပြီး သူမကို မနေ့ညတုန်းက နာကျင်ပင်ပန်းရအောင် လုပ်ခဲ့တာ ဒီလူပဲ။
ဟောက်ချန်ဟွမ်းက တရားခံ ဆိုရင် ဒီတစ်ယောက်ကလည်း ကြံရာပါပဲ။ ဟမ့်။
ယုကျစ်ယန်ရဲ့ နှလုံးသားသည် စုယန်ယန်ရဲ့ ဒေါသအကြည့်ကြောင့် စည်းချက် တစ်ချက် လွတ်သွားသည်။ အမြဲတမ်း စိတ်ထားပြည့်ဝ ချိုသာတဲ့ သခင်မလေးကို စိတ်ဆိုးအောင် သူ ဘာလုပ်လိုက်မိတာလဲ ဆိုတာကိုလည်း နားမလည်။
စုယန်ယန်က ဘာမှ ရှင်းပြမနေဘဲ ဟောက်ချန်ဟွမ်းနှင့် အဝေးဆုံး ထိုင်ခုံမှာ သွားထိုင်နေလိုက်သည်။
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အရောင်တောက်သွားကာ ထိုင်လက်စ ထိုင်ခုံမှ ထပြီး စုယန်ယန်ဘေးမှာ သွားထိုင်ခဲ့သည်။
‘ မင်း ကိုယ့်ဆီ မလာရင် ကိုယ် မင်းဆီ လာခဲ့မယ် ’ ဆိုတဲ့ စကားအတိုင်း ဟောက်ချန်ဟွမ်းသည် မျက်နှာပြောင်စွာ စုယန်ယန်ကို အနောက်က တကောက်ကောက် လိုက်ကပ်နေခဲ့သည်။
စုယန်ယန်က သူမနောက် လိုက်လာသော သူ့ကို မြင်ချိန်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ နေရာမှ ထကာ စားပွဲ တစ်ဖက်ခြမ်းသို့ လျှောက်သွားလိုက်သည်။
ထို့ကြောင့် ဘေးမှာ တိတ်တိတ်လေး ထိုင်နေသော ယုကျစ်ယန်နှင့် ဦးလေးကျန်းတို့သည် ထမင်းစားပွဲရှိ စစ်ပွဲ တစ်ပွဲကို ကံကောင်းထောက်မစွာ မြင်ခွင့်ရခဲ့သည်။
စုယန်ယန်က ငါးမိနစ်ကြာ ရှောင်တိမ်းနေပြီးနောက် သည်းမခံနိုင်တော့ဘဲ စားပွဲကို ဖြန်းခနဲ ရိုက်ကာ ဟောက်ချန်ဟွမ်းနှင့် မျက်နှာချင်းဆိုင် တစ်ဖက်ခြမ်းက ခုံကို လက်ညိုးထိုးပြလိုက်၏။ “ ရှင် အဲ့မှာ ထိုင်။ ကျွန်မနား ကပ်မလာနဲ့။ ”
ဟောက်ချန်ဟွမ်းက သူ့ဇနီးလေးကို မျက်နှာငယ်လေးဖြင့် ကြည့်နေမိသည်။
စုယန်ယန်ရဲ့ သဘောထားကတော့ နည်းနည်းလေးတောင် ပြောင်းလဲမသွားဘဲ သူ ထိုင်ရမည့် အေးစက်စက် ညွှန်ပြနေခဲ့လေသည်။
ဟောက်ချန်ဟွမ်းသည် နောင်တရစွာ မတ်တပ်ရပ်ကာ တစ်ဖက်ခြမ်းသို့ နေရာရွေ့လိုက်ရသည်။ သို့သော်လည်း သူ ရွေးချယ်လိုက်တာက စုယန်ယန်နှင့် အနီးဆုံး နေရာ ဖြစ်သည်။
သူက ပန်းကန်လုံးနှင့် တူကို ကိုင်ကာ မနက်စာ စားနေရင်း စုယန်ယန်ကို မချိုမချဉ် ကြည့်နေခဲ့သည်။ သူ သူမကို သူ့ရဲ့ နေ့လယ်စာ တစ်နပ်လို သဘောထားနေတယ် ဆိုတာ အသိအသာကြီးပဲ ဖြစ်သည်။ အဲ့ဒါက သူ ဘယ်လောက် ဆွဲဆောင်မှု ရှိတယ် ဆိုတဲ့ အချက်ရဲ့ သက်သေ အထောက်အထားပင်။
စုယန်ယန်ရဲ့ ဆံပင်တွေ ထောင်သွားသည်။ ဒီ အရှက်မရှိတဲ့ လူကတော့လေ … ။ စိတ်ဆိုးချင်စရာကောင်းလိုက်တာ။
စုံတွဲတွေကြားမှ ကလေးဆန်သော ရန်ပွဲကို ကြည့်နေရသော ယုကျစ်ယန်နှင့် ဦးလေးကျန်းသည် ပြောစရာ စကားမရှိ ဖြစ်သွားခဲ့ကြသည်။
စက္ကန့် အနည်းငယ် အကြာ နောက်ဆုံးမှာတော့ ယုကျစ်ယန်က ဦးလေးကျန်းကို လှည့်ကြည့်ပြီး မေးလိုက်သည်။ “ သခင်လေးနဲ့ သခင်မလေးတို့ … ရန်ဖြစ်ထားကြတာလား။ ”
ဦးလေးကျန်းကတော့ မျက်လုံးတွေကို မှေးစင်းလိုက်ရင်း သူ့ကို နားလည်ရခက်စွာ ပြန်ပြုံးပြသည်။ ရန်ဖြစ်နေကြတာ ဆိုပေမဲ့ စိတ်ဝင်စားစရာလည်းကောင်းတယ် … ။ မင်းကတော့ ချစ်သူရည်းစား လင်မယားတွေကြားက ကြည်နူးစရာ ကိစ္စတွေကို နားလည်မှာ မဟုတ်ဘူး။
နှလုံးသားကို အကြောင်းပြချက်လည်း မရှိဘဲ သက်သက်မဲ့ကြီး ဓားထိုးခံလိုက်ရသော ယုကျစ်ယန် : “ … ” ကမ္ဘာကြီးမှာ တစ်ကိုယ်တည်းသမားတွေအတွက် တကယ့်ကို သနားညှာတာမှု မရှိဘူးပဲ။
စုယန်ယန်သည် ထမင်းစားချိန် နောက်ကျနေသော နေ့လယ်စာကို အကြာကြီး စားပြီးနောက် အိမ်ကနေ စိတ်ပျက်လက်ပျက် ထွက်လာခဲ့သည်။
ထွက်မလာခင် ဟောက်ချန်ဟွမ်းနှင့် ယုကျစ်ယန်ကိုလည်း မျက်စောင်းထိုးခဲ့သေးသည်။
သူတို့ရဲ့ ပြဿနာထဲ မဆီမဆိုင် နှစ်ကြိမ်တိတိ အဖျားခတ်ခံလိုက်ရသော ယုကျစ်ယန်ဟာ ဟောက်ချန်ဟွမ်းကို မမေးဘဲ မနေနိုင်တော့။ “ သခင်လေး ၊ သခင်မလေးက … ”
ဟောက်ချန်ဟွမ်းကတော့ သူ့စကားကို လုံးဝ နားမထောင်ဘဲ စိတ်ဆိုးမာန်ဆိုး ထွက်သွားသော သူ့ဇနီးလေးကိုသာ ကြည့်နေခဲ့သည်။ ထို့နောက် မေးစေ့ကို ပွတ်ရင်း တစ်ယောက်တည်း တီးတိုး ပြောလိုက်၏။ “ ပထမဆုံးအကြိမ် အတွက် ဆိုရင် တကယ်လည်း နည်းနည်းတော့ များသွားတယ်။ ဒါပေမဲ့လည်း သူမ ငါ့ကို အဲ့အတွက် အပြစ်တင်လို့တော့ မရပါဘူးလေ … ” သူ့ဇနီးလေးက သိပ်ကို ဆွဲဆောင်မှုရှိလွန်းတာကိုး။
လူသိရှင်ကြား ချစ်ပြနေမှုကြောင့် အစော်ကားခံလိုက်ရသော ယုကျစ်ယန် : “ … ”