← Chapters

အခန်း ၅၂၈

Vol. 36 Ch. 528

အခန်း ၅၂၈

Vol. 36 Ch. 528

အခန်း ( ၅၂၈ ) မဆီမဆိုင် ထိခိုက်သွားခြင်း။

စုယန်ယန်သည် အိမ်ကနေ ထွက်လာပြီးနောက် ဒေါသလည်း အနည်းငယ် ပြေလျော့သွားခဲ့သည်။

အလွန် သိသာသော အညိုအမည်းတွေ စွဲနေသည့် သူမရဲ့ လည်ပင်းကို ဖုံးကွယ်ရန် လည်ပိတ်ဆွယ်တာ ကော်လံကို ဆွဲဆန့်လိုက်သည်။ ရုတ်တရက်ပဲ သူမ နည်းနည်းလေး ဒေါသထွက်သွားမိ၏။

ရာသီဥတုက အစကတည်းက ပူနေပြီးသား ဖြစ်သည်။ သူမ ဆွယ်တာ အပါးလေးကို ဝတ်ထားလျှင်တောင် ပူလောင်အိုက်စပ်နေတုန်းပင်။ ခဏနေ အတန်းထဲကို လူတွေ အများကြီး ရောက်လာလျှင် သူမ ဒီလို ဆွယ်တာ အထူကြီးကို အပူခံပြီး ဝတ်ထားတာကို သတိထားမိသွားကြလိမ့်မည်။

ထိုအတွေးကြောင့် စုယန်ယန်သည် တစ်စုံတစ်ယောက်ရဲ့ တတိယ ခြေထောက်ကို ရိုက်ချိုးနိုင်ပါစေဟု ဆုတောင်းလိုက်မိသည်။

မနက်တုန်းက အချိန် အရမ်း တိုတောင်းလွန်း၍ အဆုံးထိ မသွားလိုက်ရတာကို နောင်တရနေသော ဟောက်ချန်ဟွမ်းကတော့ ရုတ်တရက်ပဲ ချမ်းလွန်းလို့ တုန်ရီသွားလေသည်။ ရုတ်ချည်း ဆိုသလို သူ အတော်လေး အေးလာမိသည်။

ကလေးတွေအတွက် မသင့်တော်တဲ့ အန္တရာယ်များ‌သော အတွေးတွေကို စုယန်ယန် တွေးနေချိန်မှာ သူမရဲ့ ဖုန်းထဲကို မက်ဆေ့ခ်ျ တစ်စောင် ရောက်လာသည်။

သူမ ငုံ့ကြည့်လိုက်တော့ လင်းရှောင်ချီ ပို့တာ ဖြစ်ကြောင်း သဘောပေါက်သွားသည်။

လင်း : နင့်ယောက်ျား ပြောတဲ့ စကားက ဘာအဓိပ္ပာယ်ကြီးလဲ။

လင်း : [ ဓာတ်ပုံ ]

ဓာတ်ပုံကို စုယန်ယန် နှိပ်ကြည့်လိုက်တော့ တကယ်ပဲ သူမ ခင်ပွန်းရဲ့ အကောင့် ဖြစ်နေသည်။ ဓာတ်ပုံထဲမှာ ဘာပြောထားလဲ ဆိုရင် …

“ ငါ့ယန်ယန်က ကလေးလေးပဲ ရှိသေးတယ်။ နောက်ပိုင်း သူမကို ဒီလို ထူးထူးဆန်းဆန်း ဗီဒီယိုတွေ ပို့မပေးနဲ့။ ပူးပေါင်းဆောင်ရွက်ပေးလို့ ကျေးဇူးပါ။ ”

စုယန်ယန် ဆွံ့အသွားသည်။

မဟုတ်သေးပါဘူး ၊ သူ့မိသားစု တစ်စုလုံးက … သူမ အပိုင် ဖြစ်နေတာလား။

စုယန်ယန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွှတ်သွားသည်။ သူမ တစ်ခုခု ပြောဖို့ ပါးစပ်ပြင်လိုက်သော်လည်း ချက်ချင်း အတွေးပြောင်းသွားသည်။

ယန် : နေပါဦး ၊ နင့်ဆီမှာ ဘယ်လိုလုပ် ငါ့ယောက်ျားရဲ့ နံပါတ် ရှိနေရတာလဲ။ နင်တို့ နှစ်ယောက် တကယ်ကြီး နှစ်ယောက်တည်း သီးသန့် အဆက်အသွယ် ရှိနေကြတာလား။

လင်း : ???

လင်း : သေလိုက်ပါလား။ ဒီမနက်မှ သူ ငါ့ကို လာအပ်တာဟဲ့။ နင်ပဲ သူ့ကို ငါ့နံပါတ် ပေးထားတာ မဟုတ်ဘူးလား။

စုယန်ယန် ပြောစရာ စကားမဲ့သွားရသော်လည်း လောလောဆယ် ဖြစ်နေတဲ့ အဖြစ်အပျက်ကို ခန့်မှန်းမိသွားပါသည်။

ခဏလောက် စဉ်းစားကြည့်ပြီးတော့ သူမရဲ့ ဖုန်းထဲမှာ ရှိတဲ့ Folder တစ်ခုကို ဖွင့်ကြည့်လိုက်သည်။

ထင်တဲ့အတိုင်းပါပဲ ၊ Folder ထဲမှာ ဘာမှ မရှိတော့ပါဘူး။

သူမရဲ့ သဝန်တိုတတ်တဲ့ ချစ်သူလေးက တကယ့်ကို လက်သွက်ခြေသွက်ရှိလွန်းသည်။ သူမ အဲ့လို ဗီဒီယိုတွေ ကြည့်တာကို မကြိုက်ဘူးလို့ မနေ့ညတုန်းက ပြောခဲ့ပြီး ဒီနေ့တော့ ဗီဒီယိုတွေ အကုန်လုံးကို တစ်ခုမကျန် ဖျက်ပစ်ခဲ့သည်။

စုယန်ယန် ဒေါသလည်း ထွက် ၊ ရယ်လည်း ရယ်ချင်သွားသည်။ ထို့နောက် လင်းရှောင်ချီဆီက နောက်ထပ် မက်ဆေ့ခ်ျ တစ်စောင် ရောက်လာသည်။

လင်း : မဟုတ်ဘူး ၊ ငါ သိချင်တာ အဲ့ဒါ မဟုတ်ဘူး။ ငါ သိချင်တာက သူ ပြောတဲ့ စကားက ဘာအဓိပ္ပာယ်လဲ ဆိုတာကိုပဲ။ နင် အဲ့ဗီဒီယိုတွေ ကြည့်နေတာကို နင့်ယောက်ျား မိသွားတာလား။ ဒါဆို နင်တို့ နှစ်ယောက် …

ယန် : နင် ထင်နေသလိုပဲ ဖြစ်သွားတယ်။ [ ရှက်တယ် ] [ ရှက်တယ် ]

လင်းရှောင်ချီ တစ်ယောက် သွေးအန်မိတော့မလို ဖြစ်သွားသည်။ သူတို့ နှစ်ယောက် အတူ နေထားတယ် ဆိုရင်ရော ဘာရှက်နေစရာ လိုလို့လဲ။ ငါဝောာ့ ဒီခွေးစာကို မစားဘူးဟေ့။

သို့သော်လည်း သူမ အမြန် သတိဝင်လာကာ တခြား အတွေး တစ်ခုကို တွေးမိသွားသည်။

လင်း : မဟုတ်သေးပါဘူး။ နင်တို့တွေ အရင်က အတူ မနေဖူးသေးဘူးလို့ နင် ငါ့ကို ပြောထားတယ် မဟုတ်လား။

လင်း : နေပါဦး ၊ နောက်ဆုံးတစ်ခေါက် နင် ပြောတုန်းက နင့်ယောက်ျားက ကုသမှုခံယူနေလို့ သူ့အတွက် အဲ့လို ကိစ္စမျိုး လုပ်ဖို့ အဆင်မပြေတာကြောင့် နင်တို့ အတူမနေချင်သေးဘူးလို့ ပြောခဲ့တာလေ။ ဒါဆို အခု သူ့ခြေထောက်တွေ သက်သာသွားပြီ ဆိုတော့ နင်တို့ …

ယန် : [ ရှက်တယ် ] [ ရှက်တယ် ]

လင်း : နင် အရှက်မရှိတဲ့ အစုတ်ပလုတ်မ။

လင်းရှောင်ချီသည် ခွေးစာပန်းကန်ကို ဆောင့်ကန်ကာ စုယန်ယန်ကိုလည်း ဘလော့ခ်ပစ်လိုက်သည်။

တကယ်တော့ သူမမှာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းရည် ရှိနေတာ ဖြစ်သည်။

စုယန်ယန်က လင်းရှောင်ချီရဲ့ စကားတွေကို ကြားသောအခါ လင်းရှောင်ချီရဲ့ နာကျင်မှုတွေကို ဖြေသိမ့်ရန် အတွက် သူငယ်ချင်း ဖြစ်တဲ့ သူမကိုလည်း အချစ်မပျက်ကြောင်း စကား တချို့ ပြောပေးချင်သွားသည်။

ဒါပေမဲ့ အဆုံးသတ်မှာတော့ သူမ ဘလော့ခ်လိုက်ရမှန်း နားလည်သွားခဲ့သည်။

စုယန်ယန်မှာ ပြောစရာ စကားပင် မရှိတော့ပေ။ ကျွတ် ကျွတ် .. သနားစရာကောင်းလိုက်တဲ့ ကောင်မလေးပဲ … ။

အခု သင်ပေးရမယ့် သင်ခန်းစာက A တက္ကသိုလ်မှာ စုယန်ယန် သင်ပေးရမယ့် ဒုတိယမြောက် သင်ခန်းစာ ဖြစ်သည်။ ပထမ သင်ခန်းစာရဲ့ အခြေခံတွေ ရှိထားပြီးသား ကျောင်းသားတွေ ၊ ပရော်ဖက်ဆာတွေဟာ အတန်းတက်‌ဖို့ ရောက်နှင့်နေကြပါပြီ။

ပထမတန်းမှာ ထိုင်နေကြတဲ့ လူတွေက အရင်တစ်ခေါက်တုန်းက လူတွေပါပဲ။ သူတို့ အားလုံးက စုယန်ယန် သူတို့ကို ပိုလို့ သေသေချာချာ မြင်နိုင်မည့် အကျိုးအမြတ် အရှိဆုံး နေရာတွေမှာ ထိုင်နေရသကဲ့သို့ ပြုံးရွှင်နေခဲ့ကြသည်။

ထိုပရော်ဖက်ဆာကြီးတွေက သူတို့ဟာ အသက်လည်း ကြီး ၊ မျက်စိလည်း မှုန်ဝါးနေပြီမို့ နောက်တန်းမှာ ထိုင်လျှင် ဘာမှ မမြင်ရလို့ပါ ဟူ၍ပင် စကားအလှ သုံးကာ ပြောခဲ့သေးသည်။ မျက်လုံးအားကောင်းတဲ့ လူငယ်တွေက အသက်ကြီးသူတွေကို လေးစားသင့်ကာ ထိုင်ခုံ ပြိုင်မလုသင့်ပါဘူးတဲ့လေ။

အနောက်ဘက်မှာ ထိုင်နေရသော ၊ မျက်လုံးအားနည်းလို့ မျက်မှန်တပ်ထားရတဲ့ လူငယ်များသည် မခံချင်စိတ်တွေ ၊ ဒေါသတွေကို တိတ်တိတ်လေး မျိုချနေခဲ့ရသည်။

All Chapters