← Chapters

အခန်း ၅၂၉

Vol. 36 Ch. 529

အခန်း ၅၂၉

Vol. 36 Ch. 529

အခန်း ( ၅၂၉ ) သေစေနိုင်သော တရုတ်ရိုးရာ အပ်စိုက်ကုထုံး အမှတ်များ။

စုယန်ယန် မလုံမလဲ ဖြစ်နေတာလား မသေချာသော်လည်း သူမ စင်မြင့်လေးပေါ် ရပ်လိုက်ချိန်မှာ အကုန်လုံးရဲ့ မျက်လုံးတွေက သူမရဲ့ … လည်ပင်းပေါ် ရောက်လာသည်ဟု ထင်မိသည်။

ကံကောင်းစွာဖြင့် စုယန်ယန်သည် ကိစ္စတွေ အများကြီးကို ဖြတ်ကျော်ခဲ့ပြီးပြီမို့ အချိန် ခဏလေး အတွင်းမှာပဲ စိတ်ကို ပြန်တည်ငြိမ်အောင် ထိန်းချုပ်နိုင်သည်။

“ အဟမ်း အဟမ်း။ အတန်း မစသေးခင် ပြီးခဲ့တဲ့ အတန်းမှာ မသင်ဘဲ ချန်ထားခဲ့တာ ဘာအကြောင်းလဲ ဆိုတာ တစ်ချက် ပြန်စဉ်းစားကြည့်ရအောင်။ အဲ့အကြောင်းကို ဘယ်သူ ကိုယ်စားပြု ပြောပေးချင်လဲ။ ”

စုယန်ယန် စကားဆုံးရုံပဲရှိသေး ၊ လူတိုင်းက လက်တွေကို လေထဲမှာ မြှောက်လိုက်ကြသည်။

စုယန်ယန် : “ ??? ” မဟုတ်သေးပါဘူး။ ပုံမှန်ဆို လူ အများစုက မေးခွန်းတွေကို ဖြေဖို့ အရွေးမခံချင်သင့်တာ မဟုတ်ဘူးလား။

သူမရဲ့ အတန်းက ဘာလို့ ကွဲပြားနေရတာလဲ။

စုယန်ယန်သည် သူတို့ကို ‘ ရှင်တို့ ဘာလို့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတာလဲ ’ ဟူသည့် အမူအရာဖြင့် ကြည့်လိုက်မိသည်။ ထို့နောက် မေးခွန်းတွေကို ဖြေဖို့ လူ အနည်းငယ်ကို သူမ ရွေးထုတ်ခဲ့သည်။

ကျောင်းသား ရှင်းပြသွားတာက ကျိုးကြောင်းဆီလျော်တာကို သူမ သတိထားမိသည်။ သူ ‌ကျောင်းကနေ အိမ်ပြန်ရောက်ပြီးနောက်ပိုင်း သင်လိုက်တဲ့ စာတွေကို မှတ်မိအောင် ကြိုးကြိုးစားစား စာလုပ်ခဲ့တာ ဖြစ်လောက်မည်။

သူမ သူတို့ကို အခက်တွေ့အောင် မလုပ်ဘဲ အဓိက အကြောင်းအရာဆီ လျင်မြန်စွာ စကားလမ်းကြောင်း ပြောင်းလိုက်၏။

“ ပြီးခဲ့တဲ့ အတန်းမှာ ကျွန်မတို့ ဘာအကြောင်း ဆွေးနွေးခဲ့ကြတာလဲ။ ”

စုယန်ယန်ရဲ့ စကားဆုံးသွားသည်နှင့် ရှေ့ဆုံးတန်းမှာ ထိုင်နေသော အဘိုးကြီးများဟာ အလွန် ကျယ်လောင်သော အသံဖြင့် အော်ပြီး ပြန်ဖြေခဲ့ကြသည်။ “ တရုတ် ရိုးရာ အပ်စိုက်ကုထုံးအကြောင်းပါ။ ”

စုယန်ယန် ဆွံ့အသွားရသည်။ “ ရှင်တို့တွေ ငယ်ကြတော့တာလည်း မဟုတ်ဘူး။ ဖြည်းဖြည်းသက်သာ ပြောကြပါ။ ရှင်တို့ကိုယ်ရှင်တို့ ငယ်သေးတယ်လို့ တကယ် ထင်နေကြတာလား။ ”

“ အဟမ်း … မှန်ပါတယ်။ အပ်စိုက်ကုထုံးအကြောင်းပါ။ ဒါပေမဲ့ အပ်စိုက်ကုထုံးအကြောင်းကို မလေ့လာခင် လူ့ခန္ဓာကိုယ်ပေါ်က အပ်စိုက်ကုထုံး အမှတ်တွေအကြောင်းကို ကျွန်မတို့ အရင် လေ့လာရမယ်။ ”

“ အပ်စိုက်ကုထုံး အမှတ်တွေအကြောင်း ….. ”

“ ဟုတ်ပါတယ်။ အပ်စိုက်ကုထုံး အမှတ်တွေပါ။ ” စုယန်ယန်က ယဲ့ချီလျန့် ကြိုတင်ပြင်ဆင်ပေးထားသော လူပုံသဏ္ဍာန် ပုံကြမ်းအရုပ်ကို စင်မြင့်လေးရှေ့သို့ စကားပြောရင်း ဆွဲယူလာခဲ့လိုက်သည်။

အကုန်လုံးရဲ့ မျက်လုံးတွေ ဝင်းလက်သွားသည်။ ဒီနေ့ မနက် ယဲ့ချီလျန့်ဟာ လူပုံသဏ္ဍာန် ပုံကြမ်းအရုပ်ကို နေရာ‌ရွေ့ထားဖို့ တစ်စုံတစ်ယောက်ကို ညွှန်ကြားထားခဲ့တာ ဖြစ်သည်။ သူတို့ အတန်းထဲကို စဝင်လာကတည်းက ထိုအရုပ်ကို သတိထားမိကြသည်။

အရုပ်ကို အနီးကပ် သွားကြည့်ချင်သော စူးစမ်းတတ်တဲ့ ကျောင်းသား အနည်းငယ်လည်း ရှိပါသည်။ ကျောင်းသားတွေက ထိုအရုပ်ကို ကိုင်ကြည့်ချင်သော်လည်း အရုပ်ကို သူတို့ ကိုင်ရင်း မတော်တဆ ပျက်စီးအောင် လုပ်မိမှာကို စိုးရိမ်သော လူကြီး တချို့က သူတို့ကို မောင်းထုတ်ခဲ့သည်။

ထိုအရုပ်ကို စုယန်ယန်က သူမ နံဘေးသို့ ယူလာတာကို သူတို့ မြင်သောအခါ အရုပ်ကို ပို၍ သေသေချာချာ မြင်ချင်သောကြောင့် အလိုလို ကျောမတ်သွားကြလေသည်။

“ ပရော်ဖက်ဆာယဲ့က ကျွန်မအတွက် ဒီအရုပ်ကို လုပ်ပေးထားတာပါ။ အရုပ်ပေါ်က အမည်းရောင်နဲ့ အနီရောင် အစက်လေးတွေက လူ့ခန္ဓာကိုယ်ပေါ်က အပ်စိုက်ကုထုံး အမှတ်တွေကို ကိုယ်စားပြုပါတယ်။ လူ့ခန္ဓာကိုယ်မှာ စုစုပေါင်း အပ်စိုက်ကုထုံး အမှတ် ( ၇၂၀ ) မှတ် ရှိပါတယ်။ အမှတ် တစ်မှတ်တည်း ရှိတဲ့ အပ်စိုက်ကုထုံး အမှတ် ( ၅၂ ) မှတ် ၊ အမှတ် နှစ်မှတ် ရှိတဲ့ အပ်စိုက်ကုထုံး အမှတ် ( ၃၀၉ ) မှတ်နဲ့ ခန္ဓာကိုယ် တစ်လျှောက် ခွန်အားတွေ ဖြတ်သန်းစီးဆင်းတဲ့ အမှတ် ( ၅၀ ) မှတ် ရှိပါတယ်။ သိပ်အရေးမကြီးတဲ့ အမှတ်တွေ အကြောင်းကိုတော့ လောလောဆယ် မပြောပြသေးဘူးနော်။ ဟိုးရှေးရှေးတုန်းက လူကြီးမိဘတွေ ပြောခဲ့ကြတဲ့ အံ့ဖွယ် စွမ်းအင်စီးဆင်းမှတ် ( ၈ ) မှတ် ဆိုတာလည်း ခွန်အားတွေ ဖြတ်သန်းစီးဆင်းတဲ့ အမှတ် တစ်မျိုးပါပဲ။ ”

စုယန်ယန်က ခဏ စကားရပ်လိုက်သည်။ “ အဓိက သိထားရမယ့် အရာကတော့ အပ်စိုက်ကုထုံး အမှတ် ( ၇၂၀ ) မှတ် ထဲမှာ ( ၁၀၈ ) မှတ်က အရေးပါတဲ့ အပ်စိုက်ကုထုံး အမှတ်တွေ ဖြစ်တယ် ဆိုတာကိုပါ။ အဲ့ဒီအမှတ် ( ၁၀၈ ) မှတ်ထဲက ( ၃၆ ) မှတ်ကတော့ သေစေနိုင်တဲ့ အပ်စိုက်ကုထုံး အမှတ်တွေပါ။ ”

အောက်မှာ ထိုင်နေကြသော လူများ အားလုံး အံ့ဩတကြီး ပင့်သက်မရှိုက်မိဘဲ မနေနိုင်ပေ။ “ သေစေနိုင်တဲ့ အပ်စိုက်ကုထုံး အမှတ်တွေ .. ဟုတ်လား။ ကြောက်စရာကောင်းလိုက်တာ။ ”

“ သေစေနိုင်တဲ့ အပ်စိုက်ကုထုံး အမှတ်တွေ ဆိုတာက သူ့နာမည်အတိုင်းပဲ လူကို သေစေနိုင်တဲ့ အပ်စိုက်ကုထုံး အမှတ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အရမ်းကြီး စိုးရိမ်စရာတော့ မလိုပါဘူး။ ပုံမှန် အခြေအနေ ဆိုရင် အဲ့ဒီ အပ်စိုက်ကုထုံး အမှတ်တွေက ဘယ်လို အန္တရာယ်မျိုးကိုမှ ဖြစ်စေမှာ မဟုတ်ပါဘူး။ ကိုယ်က တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ရင်း ၊ ဒါမှမဟုတ် အမြင့် တစ်နေရာကနေ မတော်တဆ ပြုတ်ကျသွားရင်း အဲ့ဒီအမှတ်တွေကို တိုက်မိသွားမှသာ အန္တရာယ်ရှိတာပါ။ အဲ့အမှတ်တွေကို အားပြင်းပြင်းနဲ့ တိုက်မိသွားတယ် ဆိုရင်တော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ”

“ ဥပမာ ပေးရမယ် ဆိုရင် အသိသာဆုံး ဥပမာအနေနဲ့ ကျွန်မတို့ရဲ့ မျက်လုံးဘေးမှာ ရှိတဲ့ ချိုင့်ဝင်နေတဲ့ နေရာ တစ်ဝိုက်ကို သေချာ ဂရုစိုက်ရမယ် ဆိုတာ လူ တော်တော်များများ သိကြပါတယ်။ အဲ့ဒါ ဘာလို့လဲ ဆိုတော့ အဲ့ဒီ အပ်စိုက်ကုထုံး အမှတ်က သေစေနိုင်တဲ့ အပ်စိုက်ကုထုံး အမှတ်တွေထဲက တစ်မှတ် ဖြစ်တဲ့ နားထင် ဖြစ်နေလို့ပါ။ ခေါင်းက လူ့ခန္ဓာကိုယ်မှာ အရေးအပါဆုံးနဲ့ အရှုပ်ထွေးဆုံး အစိတ်အပိုင်း တစ်ခု ဆိုတာ လူတိုင်း သိကြပါတယ်။ လူတွေ အမြင့် တစ်နေရာကနေ ပြုတ်ကျတဲ့အခါ သူတို့ရဲ့ ခေါင်းကို ထိခိုက်ဒဏ်ရာ မရအောင် ကာကွယ်ဖို့ လက်နဲ့ ချက်ချင်း အုပ်ထားတတ်ကြတယ်။ ပြီးတော့ နားထင်ကလည်း ကျွန်မတို့ရဲ့ ဦးခေါင်းခွံမှာ အားအနည်းဆုံး ၊ အနူးညံ့ဆုံး နေရာ ဖြစ်နေတယ်။ ”

All Chapters