အခန်း ၅၃၁
Vol. 36 Ch. 531
အခန်း ( ၅၃၁ ) အမြတ်ထုတ်ပြီးတာတောင်မှ စိတ်ထားကောင်းသလို ဆက်လက် ဟန်ဆောင်နေခြင်း။
အစတုန်းကတော့ လက်တွေ့ သရုပ်ပြပေးဖို့ ဆိုသော်လည်း အခုတော့ ဆရာတွေနှင့် ကျောင်းသားတွေကြားက ရန်ပွဲ တစ်ပွဲ ဖြစ်သွားပုံ ပေါ်သည်။
စုယန်ယန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ချိုးသွားသည်။ ထို့နောက် ယူလာသော အပ်စိုက်ကုထုံး အပ်များကို ဆုံးချက်ဖြတ် ခိုင်မာပြတ်သားစွာ ထုတ်ယူကာ တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။ “ အကုန်လုံးက အရမ်း စိတ်အားထက်သန်နေတော့ ကျွန်မလည်း မငြင်းတော့ပါဘူး။ ဒါပေမဲ့ ဒီတစ်ယောက်က အရင်ဆုံး ပြောထားတာ ဆိုတော့ အချိန်ကုန်သက်သာအောင်လို့ ရှင်တို့ နှစ်ယောက်ကို ကျွန်မ ဘာမှ မလုပ်ခိုင်းတော့ဘူး။ ခဏနေ အကူအညီလို့ ရှင်တို့ကို ခေါ်တော့မှ ဒီအပ်ကို စမ်းသပ်တဲ့ နေရာမှာ ကျွန်မကို ကူညီပေးကြပါ။ ”
စုယန်ယန်က အိတ်ထဲမှ အရှည်ဆုံး အပ်ကို ရွေးချယ်ယူလိုက်သည်။ သေးငယ်ရှည်လျားသော အပ်ဖျားနှင့် အသားကို ထိုးစိုက်မိလျှင် မိနစ်ပိုင်း အတွင်းမှာပင် သွေးများ စိမ့်ထွက်လာလိမ့်မည်။
လူ တော်တော်များများဟာ အပ်စိုက်ကုထုံး အကြောင်းကို အရင်က ကြားတောင် မကြားဖူးကြပေ။ ဒီလောက် ရှည်တဲ့ အပ်ကို မြင်ဖူးဖို့ ဆိုရင်တော့ ထည့်ပြောမနေနဲ့တော့။ မျက်စိရှေ့မှာ မြင်နေရသော ကျောချမ်းစရာ အရာက သူတို့ကို အနည်းငယ် အခက်တွေ့သွားစေသည်။
ရုတ်တရက်ပဲ အတန်း တစ်ခုလုံးသည် တစ်ယောက်ရဲ့ အသက်ရှူသံကို တစ်ယောက် ပြန်ကြားရလောက်အောင် ငြိမ်ကျသွား၏။ ကျောင်းသား အများစုရဲ့ မျက်နှာတွေက ကြောက်ရွံနေသလို ပုံစံ ဖြစ်သွားကြသည်။
ပထမဆုံး သတိဝင်လာကာ သူတို့ရဲ့ အခွင့်အရေး ရောက်ရှိလာပြီ ဖြစ်ကြောင်း သဘောပေါက်သွားသူတွေက ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ အဘိုးကြီးတွေပါ။ “ ဟူး ၊ ငါ ဒီတစ်ခေါက် အနစ်နာမခံရင် ဘယ်သူ အနစ်နာခံမှာလဲ။ ငါပဲ ကူညီပေးပါ့မယ်။ ”
“ လူငယ်တွေမှာ ကိစ္စ တစ်ခုကို လုပ်ဖို့ ဘာကိုမှ မကြောက်မရွံ့နဲ့ စိတ်ရော ကိုယ်ရော နှစ်မြုပ်ထားနိုင်မယ့် စိတ်ဓာတ်မျိုး မရှိကြဘူး။ အသက်အရွယ်ကြောင့် သင်္ချိုင်းကုန်းကို ခြေ တစ်ဖက် လှမ်းနေတဲ့ ငါတို့လို လူတွေကပဲ အခုလို အချိန်မျိုးမှာ ကူညီပေးနိုင်မှာ။ ”
အကြောင်းပြချက်မရှိ သက်သက်မဲ့ကြီး အစော်ကားခံလိုက်ရကာ သေရမှာကို ကြောက်နေကြသော လူငယ်များ : “ … ” သူတို့အားလုံး စကားနှင့် ဖော်ပြလို့ မရလောက်အောင် ဒေါသထွက်သွားခဲ့ကြသည်။
စုယန်ယန်လည်း ဘာပြောရမှန်း မသိတော့ပါ။ ‘ ရှင်တို့တွေက တကယ့်ကို ဘယ်နေရာမဆို ဝင်ပါချင်နေကြတာပဲ။ ပြီးတော့ ရှင်တို့ သူတော်ကောင်း အမူအရာနဲ့ ပြောနေတာနဲ့ပဲ ရှင်တို့ ကျိတ်ပြုံးနေကြတာကို ကျွန်မ မမြင်နိုင်ဘူးလို့ ထင်မနေနဲ့။ ရှင်တို့က အခြေအနေကို အမြတ်ထုတ်ပြီးတာတောင်မှ စိတ်ထားကောင်းချင်ယောင်ဆောင်နေကြသေးတယ်။ ’
‘ ရှင်တို့က ကျွန်မဆီ လာတာကို သေမင်းဆီ သွားသလို ပုံစံမျိုး ဖြစ်အောင် ပြောနေကြတာပဲ။ ကျွန်မ ရှင်တို့ အကုန်လုံးကို သေချာလေး ဆုံးမပေးရမယ်။ ’
စုယန်ယန်သည် သူတို့ကို မျက်လုံးလှိမ့် ကြည့်လိုက်ကာ တိတ်တိတ်ဆိတ်ဆိတ် လက်မြှောက်ထားကြသော အဘိုးကြီး တချို့ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသော အဘိုးကြီး လူနည်းစု : “ … ” အဲ့တော့ အချိန် အကြာကြီး ဟန်ဆောင်ခဲ့တာတောင် သူတို့ ကြိုးစားသမျှက တခြား လူတွေ အတွက် ဖြစ်သွားတာလား။
စုယန်ယန်သည် သူတို့ရဲ့ မကျေမနပ် စကားတွေကို လျစ်လျူရှုကာ အဘိုးကြီး အနည်းငယ်အား စင်မြင့်လေးရဲ့ ဘေးပတ်ပတ်လည်မှာ စုရုံးခိုင်းလိုက်သည်။
သူတို့ဟာ လူငယ်တွေ မဟုတ်တော့တာမို့ စုယန်ယန်က သူတို့ကို ထိုင်စရာ ထိုင်ခုံ အနည်းငယ် ယူလာခဲ့ဖို့ပင် ပြောလိုက်သေးသည်။
“ ဒါဆို လက်ပေါ်က အပ်စိုက်ကုထုံး အမှတ်တွေကို ကြည့်လိုက်ကြရအောင်။ ပထမဆုံးအနေနဲ့ ဒီနေရာ။ ”
စုယန်ယန်က ထိုအမှတ်နေရာကို အရုပ်ရဲ့ လက်ပေါ်က အမှတ်နေရာနှင့် ယှဉ်ပြကာ လူတိုင်းကို လက်သီးဆုပ်ခိုင်းလိုက်သည်။ “ ဒီနေရာကို လောင်ကုန်း အပ်စိုက်ကုထုံး အမှတ်လို့ ခေါ်တယ်။ ကျွန်မတို့ လက်သီးဆုပ်လိုက်တဲ့အခါ ဆုပ်ထားတဲ့ လက်သီးရဲ့ လက်ခလယ်ရဲ့ နေရာမှာ ရှိတယ်။ ဒီအပ်စိုက်ကုထုံး အမှတ်ကို ဘာအတွက် သုံးတာလဲ သိကြလား။ ”
စုယန်ယန်သည် သူမရဲ့ လက်ကို လူကြီး တစ်ယောက်ဆီသို့ ဆန့်တန်းထုတ်ကာ သူ့လက်ကို သူမထံ ကမ်းပေးရန် တောင်းဆိုလိုက်သည်။ “ ဒီအပ်စိုက်ကုထုံး အမှတ်မှာ အသုံးပြုတဲ့ နေရာတွေ အများကြီး ရှိတယ်။ နှလုံးတွင်း အပူဓာတ်ကို ငြိမ်းသတ်ပေးတာနဲ့ စိတ်ကို တည်ငြိမ်စေရုံတင် မဟုတ်ဘူး ၊ အိပ်မပျော်တာကိုလည်း ကုသပေးတယ်။ နှလုံးအားကိုလည်း အားကောင်းစေပြီး သွေးတိုးတာကိုလည်း လျော့ကျစေတယ်။ အဲ့ဒါတွေအပြင် အစာအိမ်ကိုလည်း အားဖြည့်ပေးသေးတယ်။ ”
“ အစာအိမ်ကို အားဖြည့်ပေးတယ် … ။ ”
“ ဟုတ်ပါတယ်။ ဒီအပ်စိုက်ကုထုံး အမှတ်ကို ဒီလို ပုံစံအတိုင်း မကြာခဏ ဖိနှိပ်ပေးရင် သွေးလည်ပတ်မှုကို အားကောင်းစေပြီး အာရုံကြော အားနည်းတာကိုလည်း သက်သာစေတယ် ၊ ပြီးတော့ အစာစားချင်စိတ်ကိုလည်း မြှင့်တင်ပေးတယ်။ ”
စုယန်ယန်က ထိုကဲ့သို့ ပြောလိုက်သောအခါ လူတိုင်းက ထိုအမှတ်နေရာကို စူးစမ်းချင်စိတ် ပြင်းပြစွာ ကြည့်ပြီး ပွတ်သပ်ကြပါတော့သည်။ သို့သော်လည်း အများစုကတော့ အား အရမ်း မသုံးရဲကြ။ ဘာပဲပြောပြော စုယန်ယန်ရဲ့ စကားတွေကတော့ သူတို့စိတ်ထဲမှာ စွဲမြဲသွားခဲ့လေသည်။
“ တာ့လင်နဲ့ နျဲ့ကွမ်း အပ်စိုက်ကုထုံး အမှတ်တွေမှာလည်း အစာအိမ်ကို အားဖြည့်ပေးတဲ့ အာနိသင်ရှိပါတယ်။ အဲ့ဒီ အပ်စိုက်ကုထုံး အမှတ်တွေက လက်ဖဝါးရဲ့ အလယ်တည့်တည့် ၊ လက်ကောက်ဝတ်မှာ ရှိတဲ့ မျဉ်းကြောင်းလေးရဲ့ အပေါ်ဘက် ( ၂ ) လက်မ နေရာမှာ ရှိတဲ့ အမှတ် ( ၂ ) မှတ် ဖြစ်ပါတယ်။ အဲ့ဒါက အနီးစပ်ဆုံး ခန့်မှန်းထားတဲ့ နေရာ ဆိုပါတော့။ ” စုယန်ယန်သည် အပ်စိုက်ကုထုံး အမှတ်တွေရဲ့ ခန့်မှန်းချေ နေရာကို ကိုယ်တိုင် လိုက်ပြနေခဲ့သည်။
“ ကလေးတွေရဲ့ အပ်စိုက်ကုထုံး အမှတ်တွေက အရွယ်ရောက်ပြီးသား လူကြီးတွေနဲ့ မတူတာကိုလည်း ရှင်တို့ သတိထားရမယ်နော်။ များသောအားဖြင့် သူတို့ရဲ့ အပ်စိုက်ကုထုံး အမှတ်တွေက နည်းနည်းလေး ပိုမြင့်တတ်တယ်။ ”
စုယန်ယန်က စကားပြောနေရင်း သူမ ရွေးချယ်ထားသော အဘိုးကိုလည်း နျဲ့ကွမ်း အမှတ် ၊ လောင်ကုန်း အမှတ်နှင့် တာ့လင် အမှတ်တို့ကို အား တစ်ခု သုံးပြီး ဖိနှိပ်ရန် ကူညီပေးလိုက်သည်။
လူတိုင်းရဲ့ မျက်လုံးတွေဟာ သူတို့ နှစ်ယောက်ပေါ်မှာ မခွာစတမ်း ကျရောက်နေသည်။ လုပ်စရာ ရှိတာတွေ ဆက်တိုက် လုပ်ပြီးနောက် သူမ လုပ်လိုက်တာတွေကပဲ တကယ် အလုပ်ဖြစ်သွားတာလား ၊ ဒါမှမဟုတ် အဘိုးကပဲ စိတ်လှုပ်ရှားလွန်းနေတာလား မသိသော်လည်း သူ့မျက်နှာကတော့ ရှိရင်းစွဲထက် အရောင် အနည်းငယ် ပိုလို့ နီရဲသွားခဲ့လေသည်။