အခန်း ၅၃၃
Vol. 36 Ch. 533
အခန်း ( ၅၃၃ ) မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်။
စုယန်ယန်သည် ပရော်ဖက်ဆာ အဘိုးကြီးတွေကဲ့သို့ စိတ်အားထက်သန်သည့် အကြည့်ဖြင့် သူမကို ကြည့်နေသော ယဲ့ချီလျန့်ကြောင့် ရှက်သွားမိသည်။ “ ဟင့်အင်း ၊ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ။ ”
“ မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ … ဟုတ်လား။ ” ယဲ့ချီလျန့်ရဲ့ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူ့တက္ကသိုလ်မှာ စာဆက်သင်ပေးဖို့ စုယန်ယန် ငြင်းဆန်လိုက်မှာကို သူ စိုးရိမ်သွားမိသည်။
စုယန်ယန်လည်း ခေါင်းကျိန်းသွားသည်။ “ ကိုယ်ဝန်ရှိနေတဲ့ ကျွန်မအဒေါ်က တစ်လ နှစ်လအတွင်း ကလေးမွေးတော့မှာမို့လို့ပါ။ သူမက အသက်လည်း မငယ်တော့ဘူး ဆိုတော့ ကလေးမွေးတဲ့အခါ ရှောရှောရှူရှူ ဖြစ်ပါ့မလား ဆိုတာ ကျွန်မ မစိုးရိမ်ဘဲ မနေနိုင်ဘူးလေ။ အဲ့ဒါကြောင့် ကျွန်မ သူမနဲ့ တစ်လလောက် အတူတူ သွားနေပေးဖို့ စီစဉ်ထားတယ်။ နောက်ထပ် တစ်လ ၊ နှစ်လလောက် ထပ်နေပြီးမှ ပြန်လာတာမျိုးလည်း ဖြစ်ရင် ဖြစ်နိုင်တယ်။ ရှင် အဆင်ပြေရင် စနေ ၊ တနင်္ဂနွေ အတန်းတွေကို အွန်လိုင်း အတန်းတွေအဖြစ် ပြောင်းပေးလို့ ရမလားဟင်။ မဟုတ်ရင် ကျွန်မတို့ လတ်တလော အတန်းနားထားရမှာကို စိုးရိမ်လို့ပါ။ ”
ယဲ့ချီလျန့်သည် စုယန်ယန် အလုပ်ထွက်မှာ မဟုတ်မှန်း သိသွားသောအခါ စိတ်သက်သာရာသွားသော သက်ပြင်းလေး ချလိုက်မိလေသည်။ သူ ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ “ ရတယ် ၊ ရတယ်။ ကိစ္စမရှိဘူး။ အွန်လိုင်းအတန်း စနစ်ကိုပဲ သုံးကြတာပေါ့။ အွန်လိုင်း ဟောပြောချက်တွေကို နားထောင်ဖို့ လူတော်တွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့ တစ်ဖွဲ့ကို ငါတို့ ဖွဲ့စည်းလိုက်ပါ့မယ်။ ”
“ ကျေးဇူးတင်ပါတယ်ရှင်။ ”
ယဲ့ချီလျန့်ကို ကြိုတင် အသိပေးပြီးနောက် စုယန်ယန်လည်း စိတ်အေးသွားသည်။
သို့သော် သူမ အိမ်ပြန်ဖို့ လုပ်နေစဉ်မှာပဲ သူမကို လူစု တစ်စုက ဝန်းရံလိုက်ပါသည်။
အရင် တစ်ခေါက်တုန်းကလိုတော့ မဟုတ်ဘဲ ဒီတစ်ခေါက် သူမကို ဝန်းရံထားသူ အများစုက မိန်းကလေးတွေ ဖြစ်သည်။
“ စုစု ၊ စုစု … မင်းက အွန်လိုင်းပေါ်က ဥက္ကဌစုလား။ မင်းက တကယ်ပဲ လူချမ်းသာ ဒုတိယမျိုးဆက် အမွေဆက်ခံသူ တစ်ယောက်လား။ မင်းခင်ပွန်းကရောပဲ ကောလဟာလတွေလိုပဲ တကယ် ချောတယ်လား။ ”
“ စုစု ၊ စုစု … ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက မင်း ပြောခဲ့တဲ့ ခင်ပွန်းက အဲ့ဒီ ကိုလူချောလား။ သူ့ခြေထောက်တွေကရော တကယ်ကြီး ပြန်သက်သာသွားပြီလား။ ငါတို့ ကြည့်ရအောင်လို့ မင်း သူ့ကို ငါတို့ရှေ့ ဘယ်တော့ ခေါ်လာခဲ့မှာလဲ။ ”
စုယန်ယန်ကတော့ သူတို့ မေးသမျှ မေးခွန်းတွေ ၊ ပြောသမျှ စကားတွေကို လိုက်ဖြေရှင်းပေးနေရန် စိတ်မဝင်စားပေ။ “ ဘာလို့ ကျွန်မက သူ့ကို ဒီကို ခေါ်လာရမှာလဲ။ သူက ကျွန်မခင်ပွန်းလေ။ ကျွန်မပဲ သူ့ကို မြင်ခွင့်ရှိတယ်။ ”
သူမကို ပတ်လည်ဝိုင်းထားသော ကောင်မလေးတွေက သူမ ဒီလို တုံ့ပြန်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ စက္ကန့် အနည်းငယ်ကြာ ဆွံ့အသွားပြီးမှ သူတို့ သတိပြန်ဝင်လာကြသည်။
“ အယ် ၊ ကပ်စေးနှဲလိုက်တာ။ ”
“ ဟုတ်ပါ့။ ကမ္ဘာပေါ်မှာ ရှိတဲ့ အဘက်ဘက်က ပြည့်စုံတဲ့ မိန်းကလေးတိုင်း တစ်ယောက်မှ စင်ဂယ်လ် မဟုတ်ကြတော့ဘူး ၊ အဘက်ဘက်က ပြည့်စုံတဲ့ အမျိုးကောင်းသားလေးတွေထဲမှာလည်း စင်ဂယ်လ် ဆိုတာ မကျန်တော့ဘူး။ ငါတို့လို သနားစရာ တစ်ကိုယ်တည်းသမားလေးတွေမှာ သွားစရာ နေရာ မရှိရုံတင် မဟုတ်ဘူး ၊ ခွေးစာတွေကိုလည်း အပြည့်အသိပ် စားရဦးမယ်။ အိုးဟိုး … ငါတော့လေ … ”
“ ဟူး ၊ ငါတို့လို တစ်ကိုယ်တည်းသမားလေးတွေ အတွက် ခက်ခဲလိုက်တာနော်။ ”
စုယန်ယန်က သူမလေးတို့ရဲ့ ပေါက်ကရ စကားတွေကြောင့် ရယ်ချင်သွားကာ တစ်ခုခု ပြန်ပြောဖို့ ပါးစပ်ပြင်လိုက်စဉ်မှာပဲ အပြင်ဘက်မှာ ရုတ်ရုတ်သဲသဲ အခြေအနေ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူတို့ထဲမှ ကောင်မလေး အနည်းငယ်က လန့်ဖြန့်သွားကာ ရုတ်ရုတ်သဲသဲ အခြေအနေကို ချက်ချင်း လှည့်ကြည့်လိုက်တော့ အတန်း အပြင်ဘက်မှာ ရပ်နေသော တစ်စုံတစ်ယောက်ကို မြင်သွားကြသည်။
စုယန်ယန်ရဲ့ မျက်လုံးတွေက ထိတ်လန့်မှူကြောင့် ပြူးကျယ်သွားပြီး အတန်း အပြင်ဘက်သို့ ပြေးထွက်လာသည်။
“ ရှင် ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။ ”
ကံကောင်းထောက်မစွာဖြင့် အားလပ်ရက်ရှည် ရနေစဥ်အတွင်း ကျောင်းမှာ လူ များများစားစား မရှိပေ။ မဟုတ်ရင် အတန်းထဲမှာ ရှိတဲ့ လူတွေကလည်း ယုံကြည်မှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကို လက်မှတ်ထိုးထားမှာ မဟုတ်ပေ။
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ ခဏနေ အိမ်ပြန်ရောက်လျှင် သူတို့ နှစ်ယောက် A တက္ကသိုလ်မှာ ပေါ်လာတဲ့ သတင်းက တောမီးပမာ ပြန့်နှံ့သွားလိမ့်မည်။
ဟောက်ချန်ဟွမ်းက သူမဆီ လက်ကို ဆန့်တန်းကမ်းလင့်ပေးရင်း ပြုံးပြသည်။ “ ကိုယ် မင်းကို အချိန်မရွေး လာကြိုလို့ ရတယ်လို့ မင်းပဲ ပြောထားတာ မဟုတ်ဘူးလား။ ”
သူမ အဲ့လို ပြောခဲ့တာ မှန်ပေမဲ့ ဟောက်ချန်ဟွမ်းကို ဒီလောက် အချိန် ခဏလေး အတွင်း သူမကို လာရှာလိမ့်မည်ဟုတော့ ထင်မထားခဲ့။
“ ကျွန်မ အတန်းပြီးသွားပြီ။ မြန်မြန် ပြန်ရအောင်။ ” အတန်းထဲရှိ လူများစွာက သူမတို့ကို ကြည့်နေကြမှန်း စုယန်ယန် သတိပြုမိသွား၏။ သူမရဲ့ မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး ဟောက်ချန်ဟွမ်းကို အဝေးသို့ ဆွဲခေါ်လာခဲ့လိုက်သည်။
ဟောက်ချန်ဟွမ်းကတော့ ဒီအတိုင်း ထွက်သွားဖို့ ရည်ရွယ်ချက် မရှိဘဲ ခြေ တစ်လှမ်း နောက်ဆုတ်လျက် သူ့လက် နှစ်ဖက်ကို ဘယ်ညာ ဘေးဘက်သို့ ဆန့်ကားလိုက်သည်။
စုယန်ယန် အူကြောင်ကြောင်လေး ဖြစ်သွားမိသည်။ “ ရှင် ဘာလုပ်နေတာလဲ။ ”
“ ကိုယ် မင်းဆန္ဒကို ဖြည့်ဆည်းပေးနေတာလေ။ ”
“ ကျွန်မဆန္ဒကို ဖြည့်ဆည်းပေးတယ် … ။ ကျွန်မမှာ ဘာဆန္ဒ ရှိ … ” စုယန်ယန်ရဲ့ ပြောလက်စ စကားတွေက လည်ချောင်းထဲမှာ တစ်ဝက်တစ်ပျက် တစ်ဆို့ရပ်တန့်သွားသည်။
စုယန်ယန်သည် ဂိမ်းထဲကို သူမတို့ ပထမဆုံးအကြိမ် ဝင်တုန်းက သူမ ဟောက်ချန်ဟွမ်းရဲ့ ခန္ဓာကိုယ်ကို ဆွဲသီးလေး တစ်လုံးလို ဖက်တွယ်ထားခဲ့တယ် ဆိုတာကို ရုတ်တရက် ပြန်သတိရသွားသည်။ ပြင်ပ လက်တွေ့ကမ္ဘာမှာလည်း သူမ တစ်နေ့ကျ အခုလို လုပ်နိုင်ဖို့ မျှော်လင့်ကြောင်းပင် ဟောက်ချန်ဟွမ်းကို ပြောခဲ့မိသေးသည်။